ဒီဇယ်၊ ဓာတ်ဆီစျေးနှုန်းများ ဆက်တိုက်ကျဆင်းလာပြီး ၉၂ တစ်လီတာ ကျပ်နှစ်ထောင်အောက်သို့ ပြန်လည်ရောက်ရှိလာခြင်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကွန်ဒိုနှင့် လူနေတိုက်ခန်း ရောင်းဝယ်ခြင်းများအပေါ် အခွန်စည်းကြပ်ရန် နှုန်းထားများထုတ်ပြန်ခြင်း

ဒီဇယ်၊ ဓာတ်ဆီစျေးနှုန်းများ ဆက်တိုက်ကျဆင်းလာပြီး ၉၂ တစ်လီတာ ကျပ်နှစ်ထောင်အောက်သို့ ပြန်လည်ရောက်ရှိလာခြင်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကွန်ဒိုနှင့် လူနေတိုက်ခန်း ရောင်းဝယ်ခြင်းများအပေါ် အခွန်စည်းကြပ်ရန် နှုန်းထားများထုတ်ပြန်ခြင်း
Published 8 October 2023

ဒီဇယ်၊ ဓာတ်ဆီစျေးနှုန်းများ ဆက်တိုက် ကျဆင်းလာပြီး ၉၂ တစ်လီတာ ကျပ်နှစ်ထောင်အောက်သို့ ပြန်လည်ရောက်ရှိလာခြင်း

စက်သုံးဆီစျေးနှုန်းများ ဆက်တိုက်ကျဆင်းနေပြီး ရန်ကုန်မြို့တွင် ၉၂ တစ်လီတာ ကျပ်နှစ်ထောင် အောက်သို့ ပြန်လည်ရောက်ရှိလာကြောင်း စက်သုံးဆီအရောင်းဆိုင် များမှ သိရသည်။

အောက်တိုဘာ ၆ ရက်တွင် စျေးကွက်အတွင်း ရောင်းချလျက်ရှိသည့် စျေးနှုန်းများအရ ၉၂ တစ်လီတာလျှင် ၁၉၄၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၀၄၅ ကျပ်၊ ပရီမီယံဒီဇယ် တစ် လီတာလျှင် ကျပ် ၂၃၂၅၀၊ ရိုးရိုး ဒီဇယ် တစ်လီတာလျှင် ၂၂၈၅ ကျပ်ဖြစ်ကြောင်း သိရသည်။

ယင်းစျေးနှုန်းများအရ အမြင့်ပိုင်းတွင် ရှိနေသည့် စက်သုံးဆီစျေးများ ဆက်တိုက်ကျဆင်းလာခြင်းလည်း ဖြစ်သည်။

အောက်တိုဘာ ၂ ရက်တွင် စျေးကွက်အတွင်း ရောင်းချလျက်ရှိသည့် စျေးနှုန်းများအရ ၉၂ တစ်လီ တာလျှင် ကျပ်  ၂၁၂၀၊ ၉၅ တစ်လီတာလျှင် ၂၂၁၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ကျပ် ၂၅၄၀၊ ရိုးရိုး ဒီဇယ်တစ်လီတာလျှင် ကျပ် ၂၅၀၀ ဖြစ်ကြောင်း သိရသည်။ အလားတူ အောက်တိုဘာ ၁ ရက်တွင်လည်း စက်သုံးဆီစျေးနှုန်းများ ပြောင်းလဲမှု မရှိခဲ့ပေ။

စက်တင်ဘာ ၃၀ ရက်တွင် စျေး ကွက်အတွင်း ရောင်းချလျက်ရှိသည့် စျေးနှုန်းများအရ ၉၂ တစ်လီတာလျှင် ၂၁၈၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ကျပ် ၂၂၈၀၊ ပရီမီယံဒီဇယ်တစ်လီ တာလျှင် ကျပ် ၂၆၇၀၊ ရိုးရိုးဒီဇယ်တစ် လီတာလျှင် ၂၅၉၅ ကျပ်ဖြစ်ကြောင်း သိရသည်။

စက်သုံးဆီစျေးနှုန်းများသည် စက်တင်ဘာလလယ်ပိုင်းတွင် စျေးနှုန်းများ မြင့်တက်ခဲ့ပြီးနောက် ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။

စက်တင်ဘာ ၁၈ ရက်တွင် စျေးကွက်အတွင်း ရောင်းချလျက်ရှိသည့် စျေးနှုန်းများအရ ၉၂ တစ်လီတာလျှင် ကျပ် ၂၄၄၀၊ ၉၅ တစ်လီတာ လျှင် ၂၅၆၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၇၂၅ ကျပ်၊ ရိုးရိုး ဒီဇယ်တစ်လီတာလျှင် ကျပ် ၂၆၅၀ ဖြစ်သည်။

စက်သုံးဆီစျေးနှုန်းများအနေဖြင့် ယင်းနောက်ပိုင်းတွင် စျေးအမြင့် တန်း၌ရှိခဲ့ပြီးနောက် စက်တင်ဘာ ၂၂ ရက်နောက်ပိုင်းတွင် ၉၂ တစ်လီတာ ကျပ် ၂၃၀၀ အောက်သို့ ပြန်လည် ရောက်ရှိခဲ့သည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကွန်ဒိုနှင့် လူနေတိုက်ခန်း ရောင်းဝယ် ခြင်းများအပေါ် အခွန်စည်းကြပ်ရန် နှုန်းထားများ ထုတ်ပြန်ခြင်း

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ကွန်ဒိုနှင့် လူနေတိုက်ခန်း ရောင်းဝယ်ခြင်းများအပေါ် အခွန်စည်းကြပ်ရန် နှုန်းထားများ ထုတ်ပြန်ထားပြီး ကွန်ဒိုပိုင်ရှင်များ၊ မြေပိုင်ရှင် များအနေဖြင့် ရာခိုင်နှုန်းတစ်ခုရယူ၍ အမည်ပြောင်းလဲနေခြင်းသည် တရားမဝင်ဘဲ ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ကွန်ဒိုနှင့် လူနေတိုက်ခန်း ရောင်းဝယ်ခြင်းများအပေါ် အခွန်စည်းကြပ်ရန် နှုန်းထားများကို သက်ဆိုင်ရာက ထုတ်ပြန်ထားသည်။

လူနေတိုက်ခန်း ရောင်းဝယ်ခြင်းများအပေါ်အခွန်စည်းကြပ်ရန် နှုန်းထားများ ထုတ်ပြန်ရာတွင် မြို့နယ် အလိုက်တစ်စတုရန်းပေလျှင် တန်ဖိုးများကို ခွဲခြားသတ်မှတ်ထားပြီး ကွန် ဒိုတိုက်ခန်းရောင်းဝယ်ခြင်းများအ ပေါ်အခွန်စည်းကြပ်ရန် နှုန်းထားများ သတ်မှတ်ရာတွင် ရှစ်ထပ်နှင့်အထက် ကွန်ဒိုနှင့် ဓာတ်လှေကားပါ မီနီကွန်ဒို ရှစ်ထပ်အထိဟူ၍ အမျိုးအစားနှစ်မျိုး ခွဲခြားသတ်မှတ်ထားကြောင်း သိရသည်။

ရှစ်ထပ်နှင့်အထက် ကွန်ဒို တိုက်ခန်း အရောင်းအဝယ် ပြုလုပ်ရာတွင် လမ်းမတန်းရှိ Commercial Area အမျိုးအစားဖြစ်ပါက တစ်စတုရန်းပေလျှင် တစ်သိန်းရှစ်သောင်းကျပ်မှ နှစ်သိန်းကျပ်အထိလည်းကောင်း၊ Residence ဖြစ်ပါက တစ်သိန်းနှစ်သောင်းကျပ်မှ တစ်သိန်း လေးသောင်းကျပ်အထိလည်းကောင်း ပေးဆောင်ရမည်ဟု သတ်မှတ်ထားသည်။

ရှစ်ထပ်နှင့်အထက် ကွန်ဒိုတိုက်ခန်းအရောင်းအဝယ်ပြုလုပ်ရာတွင် လမ်းကျယ်ရှိ Commercial Area အမျိုးအစားဖြစ်ပါက တစ်စတုရန်းပေလျှင် တစ်သိန်းခြောက်သောင်း ကျပ်မှ တစ်သိန်းရှစ်သောင်းကျပ် အထိလည်းကောင်း၊ Residence ဖြစ်ပါကတစ်သိန်းကျပ်မှ တစ်သိန်း နှစ်သောင်းကျပ်အထိလည်းကောင်း သတ်မှတ်ထားသည်။

အမြင့်ရှစ်ထပ်ရှိ ဓာတ်လှေ ကားပါ မီနီကွန်ဒိုများ အရောင်းအဝယ်ပြုလုပ်ရာတွင် သတ်မှတ်ထားသည့် အခွန်စည်းကြပ်ရန်နှုန်းထားများမှာ လမ်းမပေါ်ရှိ Residence ဖြစ်ပါက တစ်စတုရန်းပေလျှင် ကိုးသောင်းကျပ်မှ တစ်သိန်းကျပ်အထိလည်းကောင်း၊ လမ်းကျယ် Residence ဖြစ်ပါက ရှစ်သောင်းကျပ်မှ ကိုးသောင်းကျပ်အထိလည်းကောင်း အခွန်စည်းကြပ်ရမည်ဟု သတ်မှတ်ထားသည်။

လူနေတိုက်ခန်းများ အရောင်းအဝယ်ပြုလုပ်ရာတွင် တစ်စတုရန်းပေလျှင် သတ်မှတ်ထားသည့် အခွန်စည်းကြပ်ရန် နှုန်းထားများအရ အမြင့်ဆုံးမြို့နယ်များမှာ မြို့တွင်းမြို့နယ်များဖြစ်သည့် လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်နှင့် ဒဂုံမြို့နယ်တို့ဖြစ်သည်။

ယင်းမြို့နယ်များတွင် မြေညီထပ်တိုက်ခန်းများ အရောင်းအဝယ်ပြုလုပ်ရာတွင် အခွန်စည်းကြပ်ရန် သတ်မှတ်ထားသည့်နှုန်းထားများမှာ ကျပ်ခုနစ်သောင်းမှ ကျပ်ကိုးသောင်းအထိ သတ်မှတ်ထားပြီး ပထမထပ်၊ ဒုတိယထပ် အစရှိသည်များကို သတ်မှတ်ထားရာတွင် မြေညီထပ်ထက် ပိုမိုနည်းပါးသည်ကို တွေ့ရသည်။

လူနေတိုက်ခန်းများ အရောင်းအဝယ်ပြုလုပ်ရာတွင် တစ်စတုရန်းပေလျှင် သတ်မှတ်ထားသည့် အခွန်စည်းကြပ်ရန် နှုန်းထားများအရ ဒုတိယအမြင့်ဆုံးမြို့နယ်များမှာ ဗဟန်း၊ ပုဇွန်တောင်၊ ကမာရွတ်၊ မရမ်းကုန်း၊ မင်္ဂလာတောင်ညွန့်နှင့် စမ်းချောင်းမြို့နယ်တို့ဖြစ်ပြီး ယင်းမြို့နယ်များတွင် မြေညီထပ်တိုက်ခန်း အရောင်း အဝယ်အပေါ်အခွန်စည်းကြပ်ရန် သတ်မှတ်ထားသည့် နှုန်းထားများမှာ တစ်စတုရန်းပေလျှင် ကျပ်ခြောက် သောင်းခွဲမှ ကျပ်ရှစ်သောင်းခွဲအထိ သတ်မှတ်ထားသည်။

တစ်စတုရန်းပေလျှင် သတ်မှတ်ထားသည့် အခွန်စည်းကြပ်ရန် နှုန်းထားများအရ တတိယအမြင့်ဆုံး မြို့နယ်များမှာ အလုံ၊ တာမွေ၊ ကြည့် မြင်တိုင်၊ တောင်ဥက္ကလာပ၊ သင်္ဃန်း ကျွန်း၊ လှိုင်၊ ရန်ကင်းနှင့် အင်းစိန် မြို့နယ်တို့ ဖြစ်ပြီး ယင်းမြို့နယ်များ တွင်မြေညီထပ်တိုက်ခန်း အရောင်းအဝယ်အပေါ် အခွန်စည်းကြပ်ရန် သတ်မှတ်ထားသည့် နှုန်းထားများမှာ တစ်စတုရန်းပေလျှင် ကျပ်ခြောက်သောင်းမှ ကျပ်ရှစ်သောင်းအထိ သတ်မှတ်ထားသည်။

ထို့ပြင် မြောက်ဥက္ကလာပ၊ သာကေတ၊ မင်္ဂလာဒုံ၊ ဒေါပုံ၊ ဒဂုံမြို့ သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ လှိုင်သာယာ၊ ဒဂုံမြို့သစ် အရှေ့ပိုင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) နှင့် ရွှေပြည်သာမြို့နယ်တို့တွင် မြေညီထပ် တိုက်ခန်းများ အရောင်းအဝယ် ပြုလုပ်ရာ၌ အခွန်စည်းကြပ်ရန် သတ် မှတ်ထားသည့်နှုန်းထားများမှာ ကျပ်ငါးသောင်းခွဲမှ ကျပ်ခုနစ်သောင်းခွဲအထိ ဖြစ်ကြောင်း သိရသည်။

လူနေတိုက်ခန်းရောင်းဝယ်ခြင်းများအပေါ် အခွန်စည်းကြပ်ရန် နှုန်းထားများအရ ပထမထပ်မှ ဆဋ္ဌမထပ်အထိ အထပ်အမြင့်အပေါ်မူတည်ကာ ကျပ်ငါးထောင်စီ လျော့နည်းသတ်မှတ်ထားသည်ကို တွေ့ရသည်။

လတ်တလောတွင် အမည်ပြောင်းခ ဟုဆိုကာ Developer များ၊ ‌မြေရှင်များက ကွန်ဒိုများ၊ တိုက်ခန်းများ ရောင်းဝယ်ခြင်းမှ နှစ်ရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်း အစရှိသည့် ရာခိုင်နှုန်းတစ်ခု တောင်းခံ၍ ပိုင်ဆိုင်မှု အမည်ပေါက်ပြောင်းခြင်းများကို မိမိသဘောဖြင့်  ဥပဒေပြဋ္ဌာန်းချက်တွင် မပါရှိဘဲ တရားမဝင်လုပ်ဆောင်နေခြင်းများရှိနေသည်။

အထူးသဖြင့် တန်ဖိုးကြီး ကွန်ဒိုတိုက်ခန်းများ အရောင်းအဝယ် ပြုလုပ်ရာတွင် အမည်‌ပြောင်းခ ဟုဆိုကာ Developer အချို့က အနည်းဆုံး နှစ်ရာခိုင်နှုန်း ကောက်ခံ ဆောင်ရွက်နေခြင်းကို ပြည်တွင်းအခွန်ဦးစီးဌာနက တရားဝင်ခွင့်ပြုထားခြင်း မရှိပေ။

နေပြည်တော်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ပြည်တွင်းအခွန်များဦးစီးဌာနအနေနဲ့  Developer တွေက နှစ်ရာ ခိုင်နှုန်းကောက်ခံပြီး အမည်ပြောင်းတာတွေနဲ့ ပတ်သက်တဲ့ အမိန့်၊ ညွှန်ကြားချက် တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိကြောင်းလည်း အသိပေးပြောကြားလိုပါတယ်”ဟု The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားထားသည်။

ယင်းသို့ ကွန်ဒိုပိုင်ရှင်များ၊ မြေ ပိုင်ရှင်များက ရာခိုင်နှုန်းတစ်ခုရယူကာအမည် ပေါက်ပြောင်းလဲခြင်းကို လုပ်ဆောင်နေခြင်းမှာ တရားမဝင်ဘဲ ပြဋ္ဌာန်းထားသောဥပဒေများအရ အရေးယူခံရနိုင်မည်ဖြစ်သည်။

ယင်းသို့လုပ်ဆောင်နေခြင်းမှာ အခွန်ရှောင်ခြင်း၊ ငွေကြေးခဝါချခြင်း စသည့်ဥပဒေများနှင့် ငြိစွန်းနေပြီး ယင်းဥပဒေပါ ပြစ်ဒဏ်များဖြင့် အရေးယူခံရနိုင်ကြောင်း သိရသည်။

အစိုးရထံ ပိုင်ဆိုင်မှု အမည်ပြောင်းခြင်းနှင့် ရောင်းခြင်းဝယ်ခြင်းတို့ ပြုလုပ်ရာတွင် ပေးဆောင်ရမည့် အခွန်များကို သတ်မှတ်ပြဋ္ဌာန်းထားသည့်အတိုင်း ပေးဆောင်ခြင်းမရှိလျှင် အခွန်ဥပဒေပါ ပြဋ္ဌာန်းချက်ဖြစ်သည့် အမြင့်ဆုံး ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်ခံရနိုင်ကြောင်း သိရသည်။

ထို့ပြင် အခွန်တိမ်းရှောင်မှု (Tax Evasion)ကို ကျူးလွန်သူများသည် အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေအရ အရေးယူခံရမည့် အပြင် ငွေကြေး ခဝါချမှုတိုက်ဖျက်ရေး ဥပဒေအရလည်း ထပ်မံတရားစွဲဆိုခံရမည်ဟု အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှု ဥပဒေတွင် ဖော်ပြထားသည်။

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေတွင် ဖော်ပြထားချက်အရ ငွေကြေးခဝါချမှု ကျုးလွန်သူများကို ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်ပြီး ကျူးလွန်သူမှာ ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ်ပါက ကျပ်သန်း ၅၀၀ ပြစ်ဒဏ်ချမှတ်နိုင်ကာ အကျိုးခံစားခွင့်ရှိသူပိုင်ရှင်ကို ထောင်ဒဏ်ခုနစ် နှစ်ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ယင်းသို့ ကွန်ဒိုများ၊တိုက်ခန်းများ ရောင်းဝယ်ရာတွင် ပြည်တွင်းအခွန်ဦးစီးဌာနက သတ်မှတ်ထားသည့် အခွန်ငွေကြေးများကို ပေးဆောင်ပြီးပါက မြေရှင်များ၊ Developer များမှ ရာခိုင်နှုန်းတစ်ခုရယူကာ ငွေကြေးတောင်းခံမှုများကို ပေးအပ်ခြင်းများပြုလုပ်ရန် မလိုအပ်ကြောင်းလည်း သုံးသပ်မှုများလည်း ရှိနေသည်။

ယင်းပြင် ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းအချို့ ကျန်းမာရေးစောင့်ရှောက်မှုပေးသူထံ ပေးချေငွေအပေါ် ဝင်ငွေခွန် နှစ်-ရာခိုင်နှုန်း နုတ်ယူရမည့်အစား ဆေးကုသမှုခံယူသူ လူနာများထံမှ ထပ်ဆောင်း ကောက်ခံသည့် နည်းလမ်းအမှားကို ဆောင်ရွက်နေကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများမှ ငွေထုတ်ပေးရန် တာဝန်ရှိသူများအနေဖြင့် ဆေးကုသမှုခံယူသူများထံမှ ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ထပ်ဆောင်းကောက်ခံခြင်းမပြုရန် ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေး ကြေညာထားသည်။

Most Read

Most Recent