လက်ချီ - နာပိုလီ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၃၀ ရက် ည ၇:၃၀ နာရီ)
လက်ချီက မာကျောပြီး အိမ်ကွင်းမာဂုဏ်မြင့်တယ်။ ခံစစ်စုဖွဲ့မှု ကျစ်လျစ်တယ်။ ထိပ်သီးတွေကို ဒုက္ခပေးနိုင်တဲ့ ခြေစွမ်းမျိုး ပိုင်ဆိုင်ထားတယ်လို့တောင်ဆိုနိုင်ပြီး နောက်ဆုံးပွဲမှာလည်း ဂျူဗင်တပ်စ်ကို ရှုံးခဲ့ပေမဲ့ အတော်လေး ဒုက္ခပေးနိုင်ခဲ့တာကို တွေ့ရတယ်။ နာပိုလီက ဒီရာသီ စီးရီးအေ အဝေးကွင်းရလဒ်တွေ သိပ်မကောင်းသေးဘူး။ (၂)သင်းပေါင်းသွင်းဂိုးနည်းနိုင်ပြီး နာပိုလီ ကပ်နိုင်ဖို့များတယ်။
အေစီမီလန် - လာဇီယို (မြန်မာစံတော်ချိန် စက်တင်ဘာလ ၃၀ ရက် ည ၁၀:၃၀ နာရီ)
နောက်ပိုင်းနှစ်တွေ့ဆုံမှုတွေမှာ အေစီမီလန်က လာဇီယိုကို သိသိသာသာအသာစီး ရထားတယ်။ လက်ရှိလာဇီယိုအသင်းရဲ့ အဝေးကွင်းစွမ်းဆောင်ရည်ကလည်း အားရစရာသိပ်မရှိသေးဘူး။ နာပိုလီကို မထင်မှတ်ဘဲ အနိုင်ရခဲ့တာကလွဲလို့ လာဇီယိုရဲ့ အဝေးကွင်းကစားဟန်က အားနည်းနေဆဲလို့ ဆိုရမယ်။ အေစီမီလန်ကတော့ ဒီရာသီမှာ ပိုအားကောင်းလာတယ်လို့တောင် ပြောနိုင်တယ်။ နိုင်သင့်တဲ့ပွဲတွေကိုလည်း အေစီမီလန်အသင်း အနိုင်ကစားနိုင်ခဲ့တယ်။ အိမ်ကွင်းမှာ အေစီမီလန်အနိုင်သေချာပြီး (၂-ဝ)ဂိုးလောက်ဖြစ်နိုင်တယ်။
ဆလာနီတာနာ - အင်တာမီလန် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁ ရက် နံနက် ၁:၁၅ နာရီ)
ဆလာနီတာနာအသင်းဆီမှာ အခုအချိန်အထိ အားရစရာအချက် မတွေ့ရသေးဘူး။ အိမ်ကွင်း၊ အဝေးကွင်းမရွေး ဂိုးတွေ တောက်လျှောက်ပေးခဲ့ရပြီး တိုက်စစ်ကလည်း ဂိုးရဖို့ ရုန်းကန်နေရဆဲလို့ ဆိုရမယ်။ အင်တာမီလန်နဲ့ ဆလာနီတာနာက ကွာဟချက်ကြီးမားလွန်းပါတယ်။ ဒါ့အပြင် အင်တာမီလန်အသင်းအနေနဲ့လည်း (၂)ပွဲဆက် အမှားလုပ်မှာတော့ မဟုတ်ဘူး။ အင်တာမီလန် ဂိုးပြတ်ပေါက်ကွဲဖို့ များတယ်။