ယခုရာသီ ပရီးမီးယားလိဂ် (၆)ပွဲတွင် (၁)ပွဲသာ အနိုင်ရထားသော်လည်း ချယ်လ်ဆီးအသင်း အောင်မြင်မှုများရယူနိုင်မည်ဟု နည်းပြ ပိုချက်တီနို ကတိပေး

ယခုရာသီ ပရီးမီးယားလိဂ် (၆)ပွဲတွင် (၁)ပွဲသာ အနိုင်ရထားသော်လည်း ချယ်လ်ဆီးအသင်း အောင်မြင်မှုများရယူနိုင်မည်ဟု နည်းပြ ပိုချက်တီနို ကတိပေး
Photo : Getty Images
Photo : Getty Images
Published 27 September 2023

ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုက ယခုရာသီ ပရီးမီးယားလိဂ် ပွဲစဉ် (၆) ပွဲကစားပြီးချိန်တွင် (၁) ပွဲသာ အနိုင်ရသေးပြီး အဆင့် (၁၄)နေရာသို့ ရောက်ရှိနေသော်လည်း မိမိအပေါ် ယုံကြည်ထားရန်နှင့် အသင်းအနေဖြင့် အောင်မြင်မှုများ ရယူနိုင်မည်ဟု အသင်းပရိသတ်များကို ကတိပေးပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၆)ပွဲအပြီးတွင် လူတန်အသင်းတစ်သင်းတည်းကို အနိုင်ရထားပြီး (၂) ပွဲသရေ၊ (၃) ပွဲရှုံးထားကာ ရမှတ် (၅)မှတ်ဖြင့် အဆင့် (၁၄)၌ ရပ်တည်နေသည်။

ချယ်လ်ဆီးအနေဖြင့် အဆိုပါပရီးမီးယားလိဂ် (၆) ပွဲတွင် (၅) ဂိုးသာ သွင်းယူထားနိုင်ပြီး (၆)ဂိုး ပြန်ပေးထားရကာ နောက်ဆုံး (၃) ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခြင်းမရှိပေ။ သို့သော် ပိုချက်တီနိုက ချယ်လ်ဆီးကို ကိုင်တွယ်ရသည်မှာ ဆောက်သမ်တန်၊ စပါးတို့ကို ကိုင်တွယ်ရသည်ထက် မခက်ခဲကြောင်း ပြောကြားခဲ့သည်။

ပိုချက်တီနိုက "ချယ်လ်ဆီးကို ကိုင်တွယ်ရတာ ဆောက်သမ်တန်တို့၊ စပါးတို့ကို ကိုင်တွယ်ရတာလောက် မခက်ပါဘူး။ ကျွန်တော့်ကို ယုံပါ။ ကျွန်တော်တို့အနေနဲ့ ဒီမှာ ပိုကောင်းအောင် လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ လက်ရှိမှာ ကျွန်တော်တို့ရင်ဆိုင်နေရတာက ဘောလုံးမှာ အရေးကြီးဆုံးအရာဖြစ်တဲ့ သွင်းဂိုးတွေ ပျောက်ဆုံးနေတာပါပဲ။ အပြောင်းအလဲတွေလုပ်ဖို့ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်" ဟု ပြောကြားခဲ့သည်။

ထို့ပြင် ပိုချက်တီနိုက ချယ်လ်ဆီးအသင်း၏ စီမံကိန်းကို ယုံကြည်ပြီး အသင်းအောင် မြင်မှုများရရန်အတွက် အချိန်အတိုင်းအတာတစ်ခု လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။ "ကျွန်တော်တို့အသင်းရဲ့ လူစာရင်းကို ကြည့်လိုက်မယ်ဆိုရင် Balance ဖြစ်တာကို တွေ့ ရမှာပါ။ ဒဏ်ရာရကစားသမားတွေ ပြန်လည်သက်သာဖို့ ကျွန်တော်တို့ စိတ်ရှည်ရှည်နဲ့ စောင့်ရမှာပါ။ လူတွေက ချယ်လ်ဆီးအသင်းရဲ့ စီမံကိန်းတွေ အလုပ်မဖြစ်ဘူးလို့ ပြောနေကြပေမဲ့ ကျွန်တော့်အနေနဲ့ အသင်းရဲ့စီမံကိန်းတွေအပေါ် အပြည့်အဝယုံကြည်မှုရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ လူတွေအမြင်ကို ပြောင်းလဲဖို့နဲ့ အောင်မြင်မှုတွေရယူဖို့ အချိန်အတိုင်း အတာတစ်ခုပဲလိုအပ်တာပါ" ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။ 

Most Read

Most Recent