ငြိမ်းချမ်းရေး မျှော်လင့်ရင်း ဝေးသည်ထက်ဝေး 

 ငြိမ်းချမ်းရေး မျှော်လင့်ရင်း ဝေးသည်ထက်ဝေး 
Photo: The Japan News
Photo: The Japan News
Published 24 September 2023
စောနိုင် (အသုံးချဘောဂဗေဒ)

(၁) 

နှစ်ပေါင်းထောင်ချီဖြတ်သန်းခဲ့သော ကမ္ဘာကြီး၏ သမိုင်းကြောင်းကို ပြန်လည်လေ့လာကြည့်လျှင် ရုပ်ပိုင်းဝတ္ထုဆိုင်ရာ ဖွံ့ဖြိုးမှုများတိုးတက်မှုသည် ဖြည်းဖြည်းချင်းဖြင့်လည်းကောင်း၊ လျင်မြန်သောအရှိန်အဟုန်ဖြင့်လည်းကောင်း အံ့မခန်းဖြစ်ပေါ်နေခဲ့သည်ကို မျက်မြင်ထင်ရှားတွေ့ရှိကြရသည်။ တစ်ချိန်တည်းမှာပင်စိတ်ပိုင်းဆိုင်ရာကို အခြေခံဖြစ်ပေါ်လာသော အနိဋ္ဌာရုံများ တစ်မျိုးပြီးတစ်မျိုး မရိုးရအောင်ပင်ဖြစ်ပျက်နေကြသည်ကိုလည်း တွေ့ကြရလိမ့်မည်။  စစ်ပွဲများ၊ ပဋိပက္ခများ၊ မနာဝန်တိုမှုနှင့် လွန်ကဲသောလောဘကို သရုပ်ဖော်နေသော အပြုအမူများ၊ အသက်အန္တရာယ်ကို ပါထိခိုက်စေသည့် နှိပ်စက်မှုများ၊ ပြစ်ဒဏ်ပေးမှုများစသည်ဖြင့် ဆိုးရွားမှုများသည် တစ်ခုပြီးတစ်ခု အစဉ်အလိုက်ဖြစ်နေသကဲ့သို့လည်းကောင်း၊ တစ်ခုမဟုတ်တစ်ခု မဖြစ်မနေဖြစ်ရမည် သဘောကဲ့သို့လည်းကောင်း တွေ့ရသည်။  

(၂)

မိတ်ဆွေတစ်ယောက်၏ ပြောစကားကို အမှတ်ရသည်။ အိန္ဒိယ ဂန္ထဝင်စာပေတွင် ရာမယဏနှင့် မဟာဘာရတ္တဇာတ်လမ်းများကို ဖွဲ့ဆိုထားသော မော်ကွန်းတင်ကဗျာရှည်ကြီးများရှိသည်။ ထိုဇာတ်လမ်းများတွင်ဇာတ်ကောင်များ၏ ကြမ်းတမ်းသော၊ ကျင့်ဝတ်သိက္ခာမဲ့သော၊ ခိုက်ရန်ဖြစ်ပွား စကားများသော စရိုက်လက္ခဏာများကို သရုပ်ဖော်ထားသကဲ့သို့ ငြိမ်းချမ်းလိုသည့် ဆန္ဒရှိသော၊ စိတ်ကောင်းစေတနာရှိသော၊ မြင့်မြတ်သောအပြုအမူများကို လုပ်ဆောင်သည့် အမျိုးသားများ၊ အမျိုးသမီးများနှင့် သူတော်ကောင်း၊ သူတော်စင်များ၏ စရိုက်လက္ခဏာများကိုလည်း ဖော်ညွှန်းဖွဲ့ဆိုထားသည်။ အတိတ်သမိုင်း ယဉ်ကျေးမှုကို သရုပ်ဖော်ထားသည့် ထိုဇာတ်လမ်းဇာတ်ကွက်များတွင် အမှန်တရား၏ အရေးကြီးမှု၊ ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်မှုတို့၏ အရေးပါမှု၊ မကောင်းမှုတို့ကို ဖျက်ဆီးမှုအပါ အဝင် လူသားတို့ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးအတွက် မှတ်သားလိုက်နာသင့်သည့် လမ်းညွှန်ချက်များကိုလည်း သင်ခန်းစာယူ၊ မှတ်သားဖွယ်တွေ့ရသည်။ 

ထိုကဲ့သို့ ရှေးကျသောလူအဖွဲ့အစည်းများ၏ အတိတ်သမိုင်းဖြစ်ရပ်များကိုပြန်လည်ပုံဖော်ထား သော ဇာတ်လမ်း၊ ဇာတ်ကွက်များသည် အမှန်တရား၊လူသားဝါဒတို့နှင့် ဆက်စပ်သောမြင့်မြတ်သည့် အတွေးအခေါ်ဒဿနများ၊ ဘုရားသခင်အပေါ် သက်ဝင်ယုံကြည်မှု အပါအဝင် ကောင်းမွန်သော အကျင့်စရိုက်များ၊ အပြုအမူများကို အားပေးလျက် ဖော်ပြထားကြသည်ကိုတွေ့ရသည်။ ကမ္ဘာကြီးနှင့် လူသားတို့ အပြန်အလှန်မှီခိုရှင်သန်နေနိုင်ရေး၊ လူသားများအချင်းချင်းကြား သဟဇာတဖြစ်စွာ နေထိုင်နိုင်ရေးနှင့် မကောင်းမှုများသည် ကမ္ဘာကြီးနှင့် လူသားတို့ကို ပျက်စီးစေသည်ဟူသော သတိချပ်စရာ၊ မှတ်သားလိုက်နာစရာများဖြစ်သည်။ နှောင်းခေတ်လူသားတို့ မှတ်သား၊ လိုက်နာ၊ ကျင့်ကြံနိုင်ခြင်းရှိ၊ မရှိ ကိုမူ ပစ္စုပ္ပန်အခြေအနေများကြည့်၍ သက်သေထူနိုင်သည်။ မကောင်းမှုများသည် ဆက်လက်ရှိနေဆဲ။ အတိတ်ကာလများထက်ပင်ပို၍ရှိလာနေတော့၏ ။

    (၃)

ထိုဇာတ်လမ်းများထဲတွင် ဖော်ပြထားသော ဇာတ်ကောင်းများ၏ စရိုက်လက္ခဏာများနှင့် ယနေ့ခေတ်အခြေအနေတို့ကို နှိုင်းယှဉ်ကြည့်မိသည်။ လက်ရှိအချိန်ကာလတွင် နေထိုင်ကြသော လူအများစု၏ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာများ၊ အပြုအမူများနှင့် လွန်ခဲ့သောဆယ်စုနှစ်များစွာက နေထိုင်ခဲ့သော လူတို့စရိုက်လက္ခဏာ၊ အပြုအမူများသည် များစွာကွာခြားမှုမရှိသည်ကို ရှင်းရှင်းလင်းလင်း သိမြင်နေရသည်။ ထို့အတူ အကောင်းအဆိုး ဇာတ်လမ်းဇာတ်ကွက်များသည် ယနေ့ခေတ် တွင်ဖြစ်ပျက်နေသော အခြေအနေများနှင့် ကွာခြားမှုမရှိပေ။ သိသာထင်ရှားသော အချက်မှာ သိပ္ပံနှင့်နည်းပညာများ သိသိသာသာဖွံ့ဖြိုးတိုးတက်လျက် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဖြစ်ထွန်းမှုများ အားကောင်းလာခဲ့သော်လည်း လူသားတို့၏ စိတ်သဘောထားသည် နှစ်ပေါင်းများစွာအတွင်း ပိုမိုကောင်းမွန်သည့် အပြောင်းအလဲများဖြစ် မလာကြောင်း  ထင်ထင်ရှားရှား တွေ့နေရခြင်းဖြစ်သည်။ 

ကမ္ဘာတစ်ဝန်းလုံးရှိ လူသားများ၏ အခြေခံအမူအကျင့်များသည် ယခင်အချိန်က လူသားများကဲ့သို့ပင် ရှိနေသည်။ ထို့ကြောင့် လူသားတို့၏ ယဉ်ကျေးမှုသည် ကောင်းစွာမတိုးတက်သေး၊ စိတ်ပျက်ဖွယ် ကောင်းနေတော့သည်ဟု သုတေသီအချို့ကထောက်ပြသည်။ အဘယ်ကြောင့်ဆိုသော် လူသားများသာ ကြီးစိုး သည့် ယနေ့ကမ္ဘာကြီးတွင် ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်မှုမှာ ယခုအချိန်အထိ ပြည့်ပြည့်ဝဝ မဖြစ်သေးသောကြောင့်ဖြစ်သည်။ 

(၄)

ကမ္ဘာကြီးတွင် အတိတ်ကာလများက စစ်ပွဲများစွာ ဖြစ်ပွားခဲ့၏။ ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်တို့သည် အကြီးမားဆုံး၊ အပျက်စီးဆုံးနှင့် လူသန်းပေါင်းများစွာ အသက်ဆုံးရှုံးစေခဲ့သည့် အနိဋ္ဌာရုံကြီးများဖြစ်သည်။ လေးနှစ်ကျော်ကြာခဲ့သည့် ပထမကမ္ဘာစစ်အပြီးတွင် ငြိမ်းချမ်းရေးရရှိရန် အရေးကြီးကြောင်း အသိရ လာခဲ့ကြပြီး ငြိမ်းချမ်းရေးကိုနှလုံးသွင်းလျက်  နိုင်ငံပေါင်းချုပ်အသင်းကြီးကို ဖွဲ့စည်းခဲ့ကြသည်။ တဒင်္ဂသာ ခံ၏။ ဒုတိယကမ္ဘာစစ်ကြီး ထပ်မံဖြစ်ပွားခဲ့သည်။ ခြောက်နှစ်ကြာ မြင့်ခဲ့၏။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးခဲ့သောအခါ  ငြိမ်းချမ်းရေးလှုပ်ရှားမှုများ ပြန်လည်စတင်ခဲ့ပြီး စစ်ပွဲမရှိသော ကမ္ဘာကြီးကို မျှော်လင့်ချက်ခဲ့ကြပြန်သည်။ ပိုမို သေချာမှုရှိစေရန် ရည်ရွယ်လျက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

ယခု ဒုတိယကမ္ဘာစစ်ကြီးပြီးခဲ့သည်မှာ ခုနစ်ဆယ့်ငါးနှစ်ပင်ကျော်ခဲ့ပြီ။ ကုလသမဂ္ဂအဖွဲ့ကြီးသည် ခန့်ခန့်ထည် ထည်ရှိနေဆဲ။ လည်ပတ်လုပ်ဆောင်မှုများ ကောင်းမွန်စွာရှိနေစဉ်မှာပင် ငြိမ်းချမ်းမှုဆိုသည်ကို နိဒါန်းပင်မပျိုးနိုင်သေးပေ။ စစ်ပွဲကြီးငယ်များသည်လည်း ဆက်လက်ဖြစ်ပွားနေဆဲ။ ယခု လောလောလတ်လတ် ရုရှား-ယူကရိန်းစစ်ပွဲက သက်သေဖြစ်၏။ ရုရှား-ယူကရိန်းစစ်ပွဲသည် အတုမြင် အတတ်သင် အဆိုးသင်ခန်းစာကို ထပ်မံပေးလျက် ကမ္ဘာကြီးကိုခြိမ်းခြောက်လျက်ရှိနေသည်။ အကဲခတ်သုံးသပ်သူအချို့ကဆိုလျှင် ယခင်စစ်ပွဲများထက် ပိုမိုသွေးစွန်းသော၊ ပိုမိုဆိုးရွားသော အခြေအနေကို ဦးတည်လာနိုင်ကြောင်း သံသယဖြစ်နေကြ ပြီ။  

    (၅)

ဤသို့ဆိုလျှင် ငြိမ်းချမ်းရေးကို မည်သူကမျှ နှစ်နှစ်ကာကာ စိတ်ဝင်စားမှုမရှိခြင်းသဘောပေလော။ မဟုတ်ပေ။ အတိတ်ကာလများကတည်းက ငြိမ်းချမ်းရေးကို နှစ်သက်မြတ်နိုးလျက် ကြိုးစားအားထုတ်မှု ပြုလုပ်ခဲ့သူများရှိခဲ့၏။  မဟတ္တမဂန္ဒီ၊ မာတင်လူသာကင်း၊ နယ်လ်ဆင်မင်ဒဲလား အပါအဝင် ခေါင်းဆောင် အချို့သည် စစ်ပွဲတိမ်တိုက်မည်းကြီးများ လွင့်စင်ပျောက်ကွယ်၍ ကောင်းကင်ပြာပြာတွင် ငြိမ်းချမ်းရေးချိုးငှက်များ လွတ်လပ်စွာ ပျံသန်းနိုင်ရေးအတွက် ၎င်းတို့၏ဘဝကိုမြှုပ်နှံ၍ ရုန်ကန်လှုပ်ရှားပင်ပန်းခဲ့ကြသည်။ ထိုကဲ့သို့ စွန့်လွှတ်အနစ်နာခံတတ်သော နှလုံးသားများ၏ မြင့်မြတ်သောအားထုတ်မှုများ ရှိခဲ့သည့်တိုင် စစ်ပွဲဖန်တီးရေး နှလုံးသားများသည် ဟန်ဆောင်မှုများကိုသာ အထင်းသားပြ၍ အတွင်းစိတ်သဘောကမူ တုပ်တုပ်မျှမလှုပ်ခဲ့ချေ။ အခြေအနေများသည် အရင်အတိုင်း။ ကမ္ဘာကြီးသည့်ကြေကွဲနေရဆဲဖြစ်၏။ 

 

    (၆)

ယနေ့ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အထပ်ထပ်အခါခါပြုခဲ့ကြသော နိုင်ငံခေါင်းဆောင်များ၏ နှုတ်ကတိများသည် အချည်းအနှီး။ လေထဲတွင်ချက်ချင်းပင်ပျောက်ကွယ်သွားသော၊ စာရွက်ပေါ်တွင် သမိုင်းအဖြစ်ပြရုံသက်သက် စကားလုံးများသာဖြစ်သည်ကို ယနေ့ကာလ စစ်ပွဲများက သက်သေပြနေသည်။ ကမ္ဘာ့နိုင်ငံ များမှ ခေါင်းဆောင်အများစုသည် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်၊ နယ်မြေချဲ့ထွင်လိုမှုလောဘအတွက်၊ အခြားသူများထက် အနည်းဆုံးခေါင်းတစ်လုံးပိုချင်သော အဆင့်အတန်း၊ တစ်ဖက်သားအပေါ် လွှမ်းမိုးလိုသော ပါဝါများအတွက် တွန့်ဆုတ်ခြင်းမရှိကြ။ စစ်ပွဲများကို မသိမသာရော၊ သိသိသာသာပါ ဖန်တီးပြီးရင်း ဖန်တီးနေကြသည်။  

ယနေ့နိုင်ငံကြီးများ၏ခေါင်းဆောင်များထံမှ ထွက်ပေါ်လာသော “ငြိမ်းချမ်းရေး” ဆိုသော ဝေါဟာရသည် ၎င်းတို့၏စိတ်ထားနှင့် ထပ်တူကျပါ၏လော။ယနေ့ကမ္ဘာ့ငြိမ်းချမ်းရေးအယူအဆသည် အစစ်အမှန် ဟုတ်ပါသလော။ စိတ်ကူးယဉ်သက်သက်ဖြစ်နေပြီလား။ ဒေသများစွာတွင်ပြုလုပ်နေသော၊ ကမ္ဘာကြီးကပြုလုပ် နေသော ငြိမ်းချမ်းရေးဖိုရမ်များ၊ ကွန်ဖရင့်များ၊ အစည်းအဝေး စသည်ဖြင့် အရေးပါသည့်နိုင်ငံခေါင်းဆောင်များ ပါဝင်ဆွေးနွေးနေကြသည့် ငြိမ်းချမ်းရေးပွဲများတွင် အရေးကြီးသော တစ်စုံတစ်ရာ လစ်ဟာနေပုံရသည်ဟုဆိုပါလျှင်…။ 

(၇)

ကမ္ဘာကြီး ငြိမ်းချမ်းမှုရရှိရေးအတွက် ကြိုးစားအားထုတ်မှုများတွင် ပါဝင်နေကြသော  ခေါင်းဆောင်များနှင့်အတူ ကမ္ဘာ့သူကမ္ဘာသား၊ လူသားအားလုံးသည် ၎င်းတို့တစ်ဦးချင်း၏စိတ်ထဲ၌  ငါဆိုသည့် မာန်မာနနှင့်အတူ ခိုင်ခိုင်ခန့်ခန့်ရှိနေသည့် လောဘ၊ ဒေါသနှင့် ငြိမ်းချမ်းရေးတို့ကို တစ်ဖက်စီထား၍ တိုက်ပွဲဝင်ခိုင်းနေသင့်သည်ဟု အကြုံပြုပါသည်။ တစ်ဦးချင်း စိတ်ထဲတွင်ဖြစ်ပေါ်နေသော တိုက်ပွဲတိုင်း၌  ငြိမ်းချမ်းရေးကသာ အနိုင်ရရှိစေရန် မိမိတို့၏စိတ်သန္တန်ကို ပြင်ဆင်နေရမည်။ အမှန်တကယ်လည်း ငြိမ်းချမ်းရေးကသာ အနိုင်ရနေရမည်။ ထိုအခြေအနေရရှိပြီဆိုပါက ငြိမ်းချမ်းရေးအတွက်ကနဦးပြင်ဆင်မှုအလုပ်ဖြစ်သည်ဟုဆိုရမည်။   စိတ်တိုက်ပွဲတွင် ငြိမ်းချမ်းရေး အနိုင်ရရှိထားသူများဖြင့်သာ ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ အဖြေရှာနိုင်လိမ့်မည်ဟုယူဆ၏။  

လက်ရှိ ကမ္ဘာကြီးတွင် လူတို့၏ မဆင်ခြင်သောအပြုအမူများနှင့် သဘာဝတရား၏ ဟန်ချက်မညီယိုယွင်းမှုများကြောင့် အပူချိန်ဒီဂရီများ တိုးလာနေစဉ် ကမ္ဘာကြီးကို မှီခိုနေသော လူသားတို့၏စိတ်နှလုံးသားများသည်လည်း အဝိဇ္ဇာတိုးလျက် လောဘ၊ ဒေါသတို့ဖြင့် ပူလောင်မြိုက်လျက်ရှိနေပေသည်။ ငြိမ်းချမ်းရေးချိုးငှက် လွတ်လပ်ပျော်ရွှင်စွာ ပျံသန်းနိုင်ရေးမှာမူ ယခုအချိန်အထိ အရိပ်အယောင်ပင် မတွေ့ရသေး။ တွေ့နိုင်မည်ဟုလည်းမထင်ပေ။   

   

https://www.eurasiareview.com/





 

Most Read

Most Recent