အသက်မပြည့်သေးသည့် မိန်းကလေးတစ်ဦး၏ လိင်ပိုင်းဆိုင်ရာဗီဒီယို ဖြန့်ဝေမှုဖြင့် ဖမ်းဆီးစစ်ဆေးခံရသည့် ရီးယဲလ်အသင်း လူငယ်ကစားသမားလေးဦး၏အမှုကို နိုဝင်ဘာ ၈ ရက်တွင် ကြားနာစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်ရပ်ကြောင့် ဖမ်းဆီးစစ်ဆေးခံရသူများမှာ ရီးယဲလ်ကက်စတီလာ (B) အသင်း ကစားသမားတစ်ဦးနှင့် ရီးယဲလ် (C) အသင်း ကစားသမားသုံးဦးဖြစ်ကြောင်း ရီးယဲလ်အသင်းက အတည်ပြုထားပြီး အသက် ၁၆ နှစ်အရွယ် မိန်းကလေး၏ လိင်ပိုင်းဆိုင်ရာ ဗီဒီယိုကို WhatsApp မှတစ်ဆင့် ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။
ယင်းအမှုကို နိုဝင်ဘာ ၈ ရက်တွင် ကြားနာစစ်ဆေးမည်ဖြစ်ပြီး တရားရုံးသို့ လာရောက်ထွက်ဆိုရန် ဆင့်ခေါ်ထားကြောင်းသိရသည်။ ရဲတပ်ဖွဲ့၏ထုတ်ပြန်မှုအရ ကနေရီကျွန်းများရှိ အဆိုပါမိန်းကလေး၏ မိခင်ဖြစ်သူက စက်တင်ဘာ ၆ ရက်တွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ယင်းဗီဒီယိုကို ဇွန်လအတွင်း ရိုက်ကူးထားခြင်းဖြစ်ကြောင်း၊ ကာယကံရှင်မိန်းကလေးက ဆက်ဆံရေးအခြေအနေကို သဘောတူကြည်ဖြူသော်လည်း ဗီဒီယိုရိုက်ကူးခြင်းကိုမူ မသိရှိကြောင်း၊ စက်တင်ဘာ ၁၄ ရက်တွင် ရီးယဲလ်အသင်း လေ့ကျင့်ရေးကွင်း၌ သုံးဦးကို သွားရောက်ဖမ်းဆီး၍ ပြန်လွှတ်ပေးခဲ့ကြောင်း၊ ကျန်တစ်ဦးကိုလည်း စစ်ဆေးမေးမြန်းလျက်ရှိကြောင်း သိရသည်။
စပိန်ဥပဒေအရ ကာယကံရှင်သဘောတူညီမှုမရဘဲ ဗီဒီယိုရိုက်ကူးပါက ထောင်ဒဏ် တစ်နှစ်မှ လေးနှစ်အထိ ချမှတ်ခံရနိုင်ပြီး ကျူးလွန်ခံရသူမှာ အသက်မပြည့်သေးပါက ထောင်ဒဏ်နှစ်နှစ်မှ ငါးနှစ်အထိ ချမှတ်ခံရနိုင်ကြောင်း သိရသည်။