စစ်အေးတိုက်ပွဲ၏ အကျိုးသက်ရောက်မှုနှင့် အစိုးရကို အတင်းအဓမ္မ ဖြုတ်ချမှုများ - ၂

စစ်အေးတိုက်ပွဲ၏ အကျိုးသက်ရောက်မှုနှင့် အစိုးရကို အတင်းအဓမ္မ ဖြုတ်ချမှုများ - ၂
ချန်ကေရှိတ်၏ ၀ါဒဖြန့်ပိုစတာတစ်ခုကို တွေ့ရစဉ် (Photo – Chinese Posters)
ချန်ကေရှိတ်၏ ၀ါဒဖြန့်ပိုစတာတစ်ခုကို တွေ့ရစဉ် (Photo – Chinese Posters)
Published 10 September 2023
နိုင်ငံတကာသတင်းအယ်ဒီတာအဖွဲ့

လက်ရှိအစိုးရများကို အတင်းအဓမ္မ ဖြုတ်ချမှုများ

စစ်အေးခေတ်ကာလတွင် စူပါပါ၀ါနိုင်ငံကြီးများ အားပြိုင်ကြရာ၌ မိမိတို့၏ သြဇာလွှမ်းမိုးမှုကို ခံယူမည့် ရုပ်သေးအစိုးရများကို တပည့်မွေးခြင်းမှာ အထင်ရှားဆုံး လက္ခဏာဖြစ်သည်။ ထိုအခါ ‘မိမိတို့၏ သြဇာကို မခံသည့်’ (နှင့်/သို့မဟုတ်) မိမိတို့၏ ပြိုင်ဘက်သြဇာခံဖြစ်သည့် လက်ရှိအစိုးရများကို အတင်းအဓမ္မ ဖြုတ်ချလာကြသည်။

ယင်းကဲ့သို့ ဖြုတ်ချကြရာတွင် နည်းလေးနည်းကို အသုံးပြုကြသည်။ ပထမဆုံးနည်းမှာ တော်လှန်ရေးအမည်ခံ အတိုက်အခံအင်အားစုများကို ပြည်ပမှ အကူအညီပေးကာ ပြည်တွင်းစစ်များကို မီးမွှေးလျက် လက်ရှိအစိုးရများကို ဖြုတ်ချခြင်း ဖြစ်သည်။

ဒုတိယနည်းမှာ မိမိတို့အလိုကျ စစ်တပ်ကို ကျောထောက်နောက်ခံပြုပေးလျက် အာဏာသိမ်းစေခြင်း ဖြစ်သည်။

တတိယနည်းမှာ ရွေးကောက်ပွဲများကို ဝင်ရောက်စွက်ဖက်လျက် မဲလိမ်၊ မဲခိုး၊ မဲမသမာမှုများ ပြုလုပ်ကာ မိမိတို့စိတ်ကြိုက်အစိုးရကို အာဏာရစေခြင်းဖြစ်သည်။

စတုတ္ထနည်းမှာ လူထုအုံကြွမှုများ ဖြစ်ပေါ်လာအောင် သွေးထိုး လှုံ့ဆော်လျက် အစိုးရအဖွဲ့များကို ပြုတ်ကျစေခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ စူပါပါ၀ါ နိုင်ငံများသည် သက်ဆိုင်ရာ နိုင်ငံများမှ ပြည်သူလူထု၏ အကျိုးစီးပွားကို ဆန့်ကျင်ကာ မိမိတို့၏ ကိုယ်ပိုင် အကျိုးစီးပွားအတွက် မိမိတို့စိတ်ကြိုက်အစိုးရများ အာဏာရရှိစေရန်အလို့ငှာ လက်ရှိအစိုးရများကို အတင်းအဓမ္မ ဖယ်ရှားကြခြင်းပင် ဖြစ်သည်။

စူပါပါ၀ါနိုင်ငံကြီးများ ဖြစ်ကြကုန်သော အမေရိကန်၊ ဆိုဗီယက်/ရုရှားနှင့် တရုတ်နိုင်ငံတို့အားလုံး လက်ရှိအစိုးရများကို အတင်းအဓမ္မ ဖြုတ်ချမှုများ၌ အနည်းနှင့်အများ ပါဝင်ပတ်သက်ခဲ့ကြသည်သာဖြစ်၏။ ယင်းတို့အနက် အမေရိကန်၏လက်ရာများမှာ အများဆုံးဖြစ်သည်မှာ ထင်ရှားလှသည်။

အမေရိကန်သည် မိမိအတွက် မဟာဗျူဟာအရ အချက်အချာကျသော နေရာများတွင်ရှိသည့် နိုင်ငံများမှ အစိုးရများကို စိုးမိုးချယ်လှယ်ခဲ့သည်။ အထူးသဖြင့် သူ၏ အိမ်နီးချင်းဖြစ်သည့် မြောက်အမေရိကနှင့် တောင်အမေရိကနိုင်ငံများ၊ သူ့အတွက် ရေနံအကျိုးစီးပွားရှိရာ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက နိုင်ငံများအပြင် ယင်းတို့နှင့် ထိစပ်ပတ်သက်နေသော အာရှနိုင်ငံများ ပါဝင်သည်။

သမိုင်းကို ပြန်ကြည့်လျှင် အမေရိကန်သည် လစ်ဘရယ်ဒီမိုကရေစီကို ကျင့်သုံးသည်ဟု ဆိုသော်လည်း သူ၏ ပြည်တွင်း၌သာ ဒီမိုကရေစီ၏ အသီးအပွင့်များကို ခံစားရစေပြီး သူ ဝင်ရောက်စွက်ဖက်ခဲ့သည့် နိုင်ငံအများစုတွင် အာဏာရှင်စနစ်နှင့် အာဏာရှင်များကို မွေးဖွားပေးခဲ့ကြောင်း တွေ့ရှိရမည် ဖြစ်သည်။ ကမ္ဘာပေါ်ရှိ သက်တမ်းအရှည်ဆုံး သို့မဟုတ် အဆိုးရွားဆုံး အာဏာရှင်များကို မွေးဖွား၊ ဖြစ်ထွန်း အဓွန့်ရှည်စေခဲ့သည်မှာ အမေရိကန်ပင် ဖြစ်ကြောင်းလည်း တွေ့ရှိရမည် ဖြစ်သည်။

စစ်အေးခေတ်အတွင်း လက်ရှိအစိုးရများကို ပြုတ်ကျစေမှု၌ အမေရိကန်၏ ပါဝင်ပတ်သက်မှုများ တောင်ကိုရီးယား (၁၉၄၅ မှ ၁၉၄၈ ခုနှစ်အထိ)

၁၉၄၅ ခုနှစ် သြဂုတ်လတွင် ဂျပန်အင်ပါယာသည် အမေရိကန် ပြည်ထောင်စုထံ လက်နက်ချပြီးနောက် ကိုရီးယားအား ဂျပန်၏အုပ်စိုးမှု အဆုံးသတ်ခဲ့သည်။ Lyuh Woon-Hyung ၏ ဦးဆောင်မှုဖြင့် ကိုရီးယားလွတ်လပ်ရေး အကူးအ ပြောင်းကာလအတွက် ချိတ်ဆက်လှုပ်ရှားရန် ကိုရီးယားအနှံ့အပြားတွင် ပြည်သူ့ကော်မတီများ ဖွဲ့စည်းတည်ထောင်ခဲ့သည်။

၁၉၄၅ ခုနှစ် သြဂုတ် ၂၈ ရက်တွင် အဆိုပါကော်မတီများက ကိုရီးယားအမျိုးသားအစိုးရကို ယာယီဖွဲ့စည်းခဲ့ပြီး သီတင်းပတ် အနည်းငယ်အကြာတွင် ကိုရီးယားပြည်သူ့သမ္မတနိုင်ငံ (PRK) ဟု အမည်ပေးခဲ့သည်။ ၁၉၄၅ ခုနှစ် စက်တင်ဘာ ၈ ရက်တွင် အမေရိကန်အစိုးရသည် တပ်ဖွဲ့ဝင်များကို ကိုရီးယားတွင် ကမ်းတက်တပ်စွဲစေခဲ့ပြီးနောက် ကိုရီးယားရှိ အမေရိကန်စစ်အစိုးရ (USAMGK) ကို တည်ထောင်ကာ ၃၈ မျဉ်းပြိုင်၏တောင်ဘက် ကိုရီးယားနယ်နိမိတ်ကို အုပ်ချုပ်ခဲ့သည်။ USAMGK က PRK အစိုးရကို တရားမဝင်ကြောင်း ကြေညာခဲ့သည်။

၁၉၄၈ ခုနှစ် မေလတွင် အမေရိကန်တွင် နေထိုင်ခဲ့ဖူးသည့် ရီဆွန်းမန်းက တောင်ကိုရီးယားသမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ သည်။ သို့သော် ၎င်းရွေးကောက် ပွဲကို အခြားနိုင်ငံရေးသမားအများစုက သပိတ်မှောက်ခဲ့ပြီး ရွေးကောက်ပွဲတွင် အိမ်ယာမြေ ပိုင်ဆိုင်သူများနှင့် အခွန်အခ ပေးဆောင်သူများသာ မဲပေးရန် ကန့်သတ်ထားကာ မြို့ငယ်များတွင် မြို့ခံများကိုယ်စား မြို့မိမြို့ဖလူကြီးများကသာ ဆန္ဒမဲပေးရသည်။ 

အမေရိကန်အစိုးရက ကျောထောက်နောက်ခံ ပေးထားသည့် ရီဆွန်းမန်းသည် စီးပွားရေးကဏ္ဍနှင့် နီးနီးကပ်ကပ် ချိတ်ဆက်ဆောင်ရွက်ခဲ့သည့် အာဏာရှင်ဆန်သော အုပ်ချုပ်ရေးကို တည်ထောင်ခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် ဖြုတ်ချခံခဲ့ရသည်။ ထို့နောက်တွင် အလားတူ အာဏာရှင်ဆန်သော အစိုးရတစ်ရပ် တက်လာခဲ့ပြီး ယင်းအစိုးရသည် ၁၉၈၀ ပြည့်နှစ်ကာလများ နှောင်းပိုင်းအထိ အုပ်ချုပ်ခဲ့သည်။

တရုတ် (၁၉၄၅ မှ ၁၉၄၉ ခုနှစ်အထိ)

မော်စီတုန်း ဦးဆောင်သည့် ကွန်မြူနစ်ဝါဒီ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် ပြည်တွင်းစစ်တွင် ရင်ဆိုင်တိုက်ခိုက်နေသည့် ချန်ကေရှိတ်၏ အမျိုးသားရေးဝါဒီအစိုးရ ဦးဆောင်သော အမျိုးသားတော်လှန်ရေးတပ်အား အမေရိကန်အစိုးရက စစ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် အခြားအကူအညီများ ပေးခဲ့သည်။

၁၉၄၅ ခုနှစ် သြဂုတ်လတွင် ဂျပန်တို့ အမေရိကန်ကို လက်နက်မချမီအချိန်ထိ ကူမင်တန် (KMT) နှင့် PLA တို့သည် ကျူးကျော်သူ ဂျပန်တပ်များကို တိုက်ခိုက်ခဲ့သည်။ ဂျပန်တို့၏ လက်နက်ချမှုကြောင့် ဂျပန်၏ ရုပ်သေးအစိုးရအုပ်ချုပ်သော မန်ချူးကိုးနိုင်ငံနှင့် ဂျပန်ထိန်းချုပ်ခံ ဝမ်ကျင်းဝေအစိုးရတို့ အဆုံးသတ်သွားခဲ့သည်။

ဂျပန်လက်နက်ချအပြီးတွင် အမေရိကန်သည် PLA နှင့် တိုက်ခိုက်နေသည့် KMT ကို ဆက်လက် ထောက်ပံ့ပေးခဲ့သည်။ အမေရိကန်က တရုတ်နိုင်ငံအလယ်ပိုင်းမှ KMT တပ်ဖွဲ့ဝင်အများအပြားကို မန်ချူးရီးယားသို့ လေကြောင်းမှ ပို့ဆောင်ပေးခဲ့ပြီး ဟူပေနှင့် ရှန်တုံပြည်နယ်ရှိ မဟာဗျူဟာကျသော နေရာများကို ကာကွယ်ရန် အမေရိကန်တပ်ဖွဲ့ဝင် ၅၀,၀၀၀ ခန့်ကို စေလွှတ်ခဲ့သည်။

အမေရိကန်သည် ကူမင်တန်တပ်များကို စစ်သင်တန်းပေးခြင်းနှင့် လက်နက်တပ်ဆင်ပေးခြင်းတို့ ပြုလုပ်ခဲ့သည့်အပြင် ကူမင်တန်တပ်များကို ကူညီတိုက်ခိုက်ပေးရန် ကိုရီးယားစစ်သားများနှင့် ဂျပန်ဘုရင့်တပ်မတော်မှ စစ်သားများကိုလည်း ပို့ဆောင်ပေးခဲ့သည့်တိုင် နောက်ဆုံးတွင် ကူမင်တန်တို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကို အရေးနိမ့်ခဲ့သည်။

တရုတ်ကို ကျူးကျော်သိမ်းပိုက်ခဲ့စဉ်အတွင်း တရုတ်ပြည်သူများကို ရက်ရက်စက်စက် ပြုမူခဲ့သည့် ဂျပန်တပ်များကို ကွန်မြူနစ်တပ်များနှင့် တိုက်ခိုက်ရန်စေလွှတ်ခဲ့ရသည့် အကြောင်းရင်းကို အမေရိကန်သမ္မတ ဟယ်ရီထရူးမန်းက အောက်ပါအတိုင်း ရှင်းချက်ထုတ်ခဲ့သည်။

“ဂျပန်တွေကို ချက်ချင်း လက်နက်ချခိုင်းပြီး ပင်လယ်ကမ်းခြေဘက်ကို ချီတက်ဖို့ ပြောလိုက်ရင် တစ်နိုင်ငံလုံးကို ကွန်မြူနစ်တွေ ထိန်းချုပ်သွားမယ်ဆိုတာကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း နားလည်ထားတယ်”ဟု ထရူးမန်းကဆိုသည်။

ထို့အတွက်ကြောင့် မိမိတို့အနေဖြင့် ကူမင်တန်တပ်များကို တရုတ်တောင်ပိုင်းသို့ ပို့ဆောင်ပြီး ပင်လယ်ဆိပ်ကမ်းများကို စောင့်ကြပ် ကာကွယ်ရန် မရိန်းတပ်ဖွဲ့ဝင်များ စေလွှတ်မပြီးမချင်း ရန်သူကို မြို့စောင့်တပ်အဖြစ် အသုံးပြုသည့် မကြုံစဖူးနည်းလမ်းကို ကျင့်သုံးခဲ့ရ ခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ဒုတိယအကြိမ် တရုတ်-ဂျပန် စစ်ပွဲအပြီး နှစ်နှစ်နီးပါးအတွင်း ကူမင်တန်တို့သည် အမေရိကန်ထံမှ ဒေါ်လာ ၄ ဒသမ ၄ ဘီလျံ တန်ကြေးရှိ အကူအညီများ လက်ခံရရှိခဲ့ပြီး အများစုသည် စစ်ရေးအကူအညီများဖြစ်သည်။

ဂရိ (၁၉၄၇ မှ ၁၉၄၉ ခုနှစ်အထိ)                        

ဂရိသည် ၁၉၄၁ ခုနှစ်ကတည်းက ဝင်ရိုးတန်းနိုင်ငံများ၏ သိမ်းပိုက်မှုအောက်တွင် ရှိနေခဲ့သည်။ ဒုတိယမြောက် ဂျော့ဂျ်ဘုရင်ကို သစ္စာခံပြီး ရွေးကောက်ခံမဟုတ်သည့် အဝေးရောက်အစိုးရသည် ကိုင်ရိုတွင် အခြေစိုက်ခဲ့သည်။

၁၉၄၄ ခုနှစ် နွေရာသီအရောက်တွင် ထိုစဉ်က ဂရိပြည်သူ့ လွတ်မြောက်ရေးတပ် (ELAS) ဟု လူသိများပြီး အနောက်နိုင်ငံများက လက်နက်တပ်ဆင်ပေးထားသည့် ကွန်မြူနစ်ပြောက်ကျားများသည် ဝင်ရိုးတန်းနိုင်ငံများ တဖြည်းဖြည်း ချည့်နဲ့လာသည့် အခြေအနေကို အမြတ်ထုတ်လျက် အေသင်မြို့မှအပ ဂရိတစ်နိုင်ငံလုံးနီးပါးကို လွတ် မြောက်အောင် လုပ်ဆောင်နိုင်ခဲ့သည်ဟု အခိုင်အမာပြောကြားခဲ့ပြီး တစ်ဖက်တွင်လည်း ကွန်မြူနစ်မဟုတ်သည့် ပြိုင်ဘက် တော်လှန်ရေး ပြောက်ကျားအုပ်စုများကို ချေမှုန်းကာ အမျိုးသားလွတ်မြောက်ရေး နိုင်ငံရေးကော်မတီဟုဆိုသော ရွေးကောက်ခံမဟုတ်သည့် စင်ပြိုင်အစိုးရကို ထူထောင်ခဲ့သည်။

ဗြိတိန်တပ်များ ကမ်းမတက်မီ နှစ်ရက်အလို၊ ၁၉၄၄ ခုနှစ် သြဂုတ် ၁၂ ရက်တွင် ဂျာမန်တပ်များသည် အေသင်မြို့ဧရိယာတစ်ဝိုက်မှ ပြန်လည်ဆုတ်ခွာသွားခြင်းကြောင့် ဂျာမနီ၏သိမ်းပိုက်အုပ်ချုပ်မှု ပြီးဆုံးခဲ့သည်။

ဗြိတိန်စစ်တပ်သည် ဂရိအစိုးရ (ဂရိကွန်မြူနစ်ပါတီက သပိတ်မှောက်ခဲ့သည့် ၁၉၄၆ ဂရိဥပဒေပြု လွှတ်တော် ရွေးကောက်ပွဲတွင် ရွေးကောက်ခံရသည့် ကွန်စတန်တီနော့စ် ဆာလ်ဒါရစ်စ် ဦးဆောင်သော အမျိုးသားညီညွတ်ရေးအစိုးရ) ၏ထိန်းချုပ်မှုအောက်ရှိ ဂရိတပ်များနှင့်အတူ ဂရိပြည်တွင်းစစ်တွင် ကွန်မြူနစ်များကို တိုက်ခိုက်ခဲ့သည်။ ထိုစဉ်က ကွန်မြူနစ်များသည် သူတို့ ကိုယ်သူတို့ ဂရိဒီမိုကရက်တစ်တပ်မတော် (DSE) ဟု ကြေညာထားသည်။

၁၉၄၇ ခုနှစ် အစောပိုင်းကာ လအရောက်တွင် ဗြိတိန်အစိုးရသည် DSE နှင့် ဆင်နွှဲနေသည့် စစ်ပွဲအတွက် ထောက်ပံ့နေရသည့် မြင့်မားသော စစ်စရိတ်ကို မတတ်နိုင်တော့သည့်အဆုံး ၁၉၄၄ ခုနှစ် အောက်တိုဘာလတွင် ဝင်စတန်ချာချီနှင့် ဂျိုးဆက်စတာလင်တို့၏ Percentages သဘောတူညီချက်အတိုင်း လက်ခံခဲ့ပြီး ဂရိသည် အနောက်သြဇာခံနယ်ပယ်အဖြစ် ဆက်ရှိခဲ့သည်။

ထို့ကြောင့် ဗြိတိန်သည် အမေရိကန်အစိုးရကို ကြားဝင်ပေးရန် မေတ္တာရပ်ခံခဲ့ပြီး စစ်အသုံးအဆောင်ပစ္စည်းများ၊ စစ်ဘက်အကြံပေးများ၊ လက်နက်များ နိုင်ငံထဲသို့ တဖွဲဖွဲ ရောက်ရှိလာခဲ့သည်။

အမေရိကန်၏ စစ်ရေးအကူအညီ တိုးမြှင့်မှုနှင့်အတူ ၁၉၄၉ ခုနှစ် စက်တင်ဘာလတွင် အစိုးရဘက်က အနိုင်ရရှိသွားပြီး ဂရိဘုရင့် နိုင်ငံကို အပြည့်အဝ ပြန်လည်တည်ထောင်ခဲ့သည်။

ကော်စတာရီကာ (၁၉၄၈ ခုနှစ်)

၁၉၄၄ ခုနှစ်တွင် အမျိုးသား ရီပက်ဘလီကင်ပါတီမှ ဆိုရှယ်လစ်ဝါဒီ ဆရာဝန်၊ နိုင်ငံရေးသမားရာ ဖေးအန်ဂျယ် ကယ်လ်ဒီယွန်ဂွာဒီယာသည် ဒီမိုကရေစီနည်းကျကျဖြင့် သမ္မတအာဏာကိုရယူထားချိန် ဆိုရှယ်လစ်ပြုပြင်ပြောင်းလဲရေးကို အားပေးလုပ်ဆောင်ခဲ့ပြီး ကော်စတာရီကာ ကွန်မြူနစ်ပါတီနှင့် မဟာမိတ်ဖွဲ့ခဲ့သည်။

သို့သော် အမေရိကန် ထောက်လှမ်းရေးအေဂျင်စီ (CIA) ၏ ထောက်ခံမှုရထားသည့် အတိုက်အခံအုပ်စုနှင့် ကော်စတာရီကာအစိုးရတို့အကြား  တင်းမာလာမှုများကြောင့် ၁၉၄၈ ခုနှစ်တွင် တိုတောင်းသည့် ကော်စတာရီကာပြည်တွင်းစစ် ပေါ်ပေါက်လာခဲ့ပြီး ကယ်လ်ဒီယွန်အစိုးရ အဆုံးသတ်သွားကာ ဟိုဆေးဖစ်ဂဲရက်စ်ဖာရဲ ဦးဆောင်သည့်အစိုးရ တက်လာခဲ့သည်။

ဖစ်ဂဲရက်စ်ကလည်း လက်ဝဲယိမ်းအမြင်များ ရှိသူဖြစ်သည့်အတွက် ဆိုရှယ်လစ်ပြုပြင်ပြောင်းလဲရေးကို ဆက်လက်ဖော်ဆောင်ခဲ့သည်။

စစ်ကြီးပြီးသွားပြီးနောက် ကော်စတာရီကာတွင် ဒီမိုကရေစီစနစ်ကို ပြန်လည်အသက်သွင်းခဲ့ပြီး ကယ်လ်ဒီယွန်ကို ထောက်ခံသူများ ပါတီနှင့် ဖစ်ဂဲရက်စ်ကို ထောက်ခံသူများပါတီတို့ ပါဝင်သည့် နှစ်ပါတီ စနစ်က နှစ်ပေါင်း ၆၀ နီးပါး ကြီးထွားလာခဲ့သည်။

အယ်လ်ဘေးနီးယား (၁၉၄၉ မှ ၁၉၅၃ ခုနှစ်)

ဒုတိယကမ္ဘာစစ် ပြီးဆုံးပြီး နောက် အယ်လ်ဘေးနီးယားနိုင်ငံသည် ဖရိုဖရဲဖြစ်နေခဲ့ပြီး အခြားဥရောပ နိုင်ငံများနှင့်ယှဉ်လျှင် ငြိမ်းချမ်းရေးဆွေးနွေးမှုများဘက်သို့ အာရုံမစိုက်နိုင်ခဲ့ပေ။ ထို့ပြင် အင်အားကြီးမားသည့် အိမ်နီးချင်းနိုင်ငံများက ကျူးကျော်မည့် ခြိမ်းခြောက်မှုကိုလည်း ရင်ဆိုင်ခဲ့ရသည်။ ကွန်မြူနစ်ဘလော့ (သို့မဟုတ်) ဆိုဗီယက်ဘလော့မှ ယူဂိုဆလားဗီးယား နုတ်ထွက်လိုက်ပြီးနောက် သေးငယ်သည့် အယ်လ်ဘေးနီးယားနိုင်ငံသည် ဆိုဗီယက်ဘလော့နှင့် တစ်သီးတသန့်ဖြစ်သွားခဲ့သည်။

ဆိုဗီယက်ဘလော့ဆိုသည်မှာ စစ်အေးခေတ်ကာလအတွင်း တည်ရှိခဲ့ပြီး ဆိုဗီယက်ပြည်ထောင်စု၏ သြဇာအောက်တွင် အလယ်နှင့် အရှေ့ဥရောပ၊ အရှေ့အာရှ၊ အရှေ့ တောင်အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကရှိ ကွန်မြူနစ်နိုင်ငံများကို စုဖွဲ့ထားသော ညွန့်ပေါင်းအဖွဲ့ဖြစ်သည်။

ဆိုဗီယက်ပြည်ထောင်စုက ကျူးကျော်လိုက်ပြီးနောက် အယ်လ်ဘေးနီးယား၏အခြေအနေကို အမေရိကန်နင့် ဗြိတိန်တို့က အခွင့်ကောင်းယူကာ နိုင်ငံမှထွက်ပြေးကြသည့် ကွန်မြူနစ်ဆန့်ကျင်ရေး အယ်လ်ဘေးနီးယား နိုင်ငံသားများကို စုဆောင်းပြီး  အယ်လ်ဘေးနီးယား လွတ်မြောက်ရေး အမျိုးသားကော်မတီဟုဆိုကာ ဖွဲ့စည်းပေးလိုက်သည်။

စုဆောင်းထားသည့် အဖွဲ့ဝင်များကို အမေရိကန်နှင့်ဗြိတိန်တို့က လေ့ကျင့်သင်ကြားပေးကြပြီး နိုင်ငံအတွင်းသို့ အကြိမ်ရေများစွာ ပြန်ဝင်ရောက်စေခဲ့သည်။ သို့သော်လည်း ယင်းစစ်ဆင်ရေးမှာ မအောင်မြင်ခဲ့ဘဲ အဖွဲ့ဝင်အများစု ထွက်ပြေးခဲ့ကြရသည်။ ကွပ်မျက်ခံရသူများလည်း ရှိ၊ ရုံးတင်စီရင်ခံရသူများလည်း ရှိခဲ့သည်။

ဆီးရီးယား (၁၉၄၉ ခုနှစ်)

၁၉၄၉ ခုနှစ်တွင် ပြန်လည် ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် ရှူကရီ အယ်လ်ကူဝတ်လီအစိုးရကို ဆီးရီးယားကာကွယ်ရေးဦးစီးချုပ် ဟူစနီအယ်လ်ဇိုင်း ဦးဆောင်သည့် စစ်အုပ်စုက ဖြုတ်ချကာ အာဏာရယူလိုက်သည်။

အယ်လ်ဇိုင်းက ၁၉၄၉ ခုနှစ်၊ ဧပြီ ၁၁ ရက်တွင် ဆီးရီးယားသမ္မတ ဖြစ်လာသည်။ သူသည် CIA အေး ဂျင့်များနှင့် ဆက်နွှယ်မှုရှိသူဖြစ် သည့်အတွက် ထိုအာဏာသိမ်းယူမှု တွင်  အမေရိကန်က ပါဝင်ပတ်သက် နေမှု ရှိ၊ မရှိဆိုသည်မှာ အလွန်ပင် အငြင်းပွားစရာ ကောင်းခဲ့သည်။ အာဏာသိမ်းပြီး တစ်လတည်းအတွင်းမှာပင် သမ္မတသစ်အယ်လ်ဇိုင်းက ဆီးရီးယားလွှတ်တော်တွင် အတည်ပြုရန်ကြန့်ကြာနေသည့် အာရပ်ဖြတ်ကျော် ပိုက်လိုင်းတည်ဆောက်ရေးကိစ္စကို သဘောတူ ခွင့်ပြုပေးခဲ့သည်။

Most Read

Most Recent