နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်ရန် မြန်မာနှင့် အိန္ဒိယ ဆွေးနွေး

နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်ရန် မြန်မာနှင့် အိန္ဒိယ ဆွေးနွေး
Published 5 September 2023

နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Mr.Vinay Kumar တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၄ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Mr.Vinay Kumar တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းလည်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးပိုမိုတိုးမြှင့်ရေး၊ ပညာရေးနှင့် သတင်းအချက်အလက်နည်းပညာကဏ္ဍများတွင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကို ပိုမိုနီးကပ်စွာဆက်လက်အကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများတည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရန်အတွက် နှစ်ဖက်ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအပါအဝင် ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံကောင်စစ်ဆိုင်ရာကိစ္စရပ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံနှင့် ကုလသမဂ္ဂအပါအဝင် ဒေသဆိုင်ရာနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းနေ့၌ပင် မြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Mr.Vinay Kumar သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် နေပြည်တော်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၅)တွင် သွားရောက်တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများကို ခင်မင်ရင်းနှီးစွာ နှစ်ဘက်အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent