“စီးပွားရေးကြီးထွားမှုနဲ့ လူမှုဖူလုံရေးမှာ အစိုးရကောင်းတစ်ရပ်ဟာ အရေးကြီးလှတဲ့ အကြောင်းခြင်းရာတစ်ရပ်ပါ”
ဂျိုးလွန်းစဒေး (အမေရိကန် နည်းပညာဆိုင်ရာ စွန့်ဦးလုပ်ကိုင်သူနှင့် ရင်းနှီးမြှုပ်နှံသူ)
စီးပွားရေး သို့မဟုတ် စီးပွားရေးစနစ်တစ်ခုတွင် ကုန်ထုတ်လုပ်မှု၊ ဖြန့်ချိရေး သို့မဟုတ် ကုန်သွယ်မှုနှင့် ကန့်သတ်ချက်ရှိသော ကုန်စည်များနှင့် ဝန်ဆောင်မှုများကို နယ်မြေတစ်ခုအတွင်း အမျိုးမျိုးသော ကိုယ်စားလှယ်တို့မှ သုံးစွဲမှုစသည်တို့ ပါဝင်သည်။ စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်များသည် သီးခြားရပ်တည်သူများ၊ စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများ သို့မဟုတ် အစိုးရအဖွဲ့အစည်းများ စသည်တို့ဖြစ်နိုင်သည်။ ထိုဖလှယ်မှုလုပ်ငန်းသည် ပါဝင်သူနှစ်ဦးက ဖလှယ်မည့်ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု၏ သတ်မှတ်ငွေကြေးစနစ်ဖြင့် ဖော်ပြထားသော တန်ဖိုး သို့မဟုတ် စျေးနှုန်းတစ်ခုကို သဘောတူညီမှုရရှိလျှင် ဖြစ်ပေါ်သည်။
ယခင်က စီးပွားရေးဆိုင်ရာဆောင်ရွက်မှုများသည် သဘာဝသယံဇာတများ၊ လုပ်သားများနှင့် ရင်းနှီးမြှုပ်နှံမှုများ စသည်တို့ဖြင့် စုပေါင်းထားသည်ဟု ယူဆခဲ့ကြသည်။ ထိုအမြင်သည် အတတ်ပညာ၏ရလဒ်ဖြစ်သော နည်းပညာ၏တန်ဖိုး(အလိုအလျောက် လုပ်ဆောင်မှု၊ လုပ်ငန်းဆောင်ရွက်မှုကို မြန်ဆန်လာစေမှု၊ ကုန်ကျစရိတ်လျော့ကျလာမှု)နှင့် ဆန်းသစ်ပြောင်းလဲမှု (ကုန်စည်အသစ်များ၊ ဝန်ဆောင်မှုများ၊ လုပ်ငန်းဆောင်ရွက်မှုများ၊ စျေးကွက်အသစ်များ၊ စျေးကွက်ချဲ့ထွင်မှုများ၊ စျေးကွက်ကွဲပြားခြားနားမှုများ၊ စျေး ကွက်ထိုးဖောက်မှုများ၊ အမြတ်ငွေတိုးပွားမှုနည်းအသစ်များ)စသည်တို့ကို လျစ်လျူရှုထားသည်။
စီးပွားရေးစနစ်တစ်ခုသည် ယဉ်ကျေးမှု၊ တန်ဖိုးထားမှု၊ ပညာရေး၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှု၊ သမိုင်းကြောင်း၊ လူမှုအဖွဲ့အစည်း၊ နိုင်ငံရေးဖွဲ့စည်းပုံနှင့် ဥပဒေစနစ်၊ ထိုနိုင်ငံ၏ မြေမျက်နှာသွင်ပြင်အနေအထား၊ သဘာဝအရင်းမြစ်တည်ရှိမှု ဂေဟစနစ်စသည့် အဓိကအခြေခံအကြောင်းအရာတို့၏ ဆောင်ရွက်မှုလုပ်ငန်းစဉ်တို့၏ ရလဒ်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကို တိုင်းတာနိုင်သော နည်းလမ်းများ အမြောက်အမြားရှိသည်။ ထိုကဲ့သို့ စီးပွားရေးကို တိုင်းတာနိုင်သောအချက်များတွင် စားသုံးသူ၏သုံးစွဲမှု (Consumer Spending)၊ ငွေကြေးလဲလှယ်နှုန်း (Exchange Rate)၊ ရင်းနှီးမြှုပ်နှံမှုတစ်ခု၏ ဂျီဒီပီ (GDP per capital)၊ ဂျီအန်ပီ(GNP)၊ စတော့စျေးကွက် (Stock Market)၊ အတိုးနှုန်း (Interest Rate)၊ နိုင်ငံ၏အကြွေး (Government Debt)၊ ငွေကြေးဖောင်းပွမှုနှုန်း (Government Debt)၊ အလုပ်လက်မဲ့နှုန်း (Unemployment) နှင့် ကုန်သွယ်မှုဟန်ချက် (Balance of Trade)တို့ ပါဝင်သည်။
စီးပွားရေးကြီးထွားမှုဆိုသည်မှာ (ပညာရေးအစရှိသည်တို့ကြောင့်) ရင်းမြစ်များ အရည်အသွေးမြင့်တက်မှု၊ ရင်းမြစ်များ ပမာဏမြင့်တက်မှု၊ နည်းပညာတွင် တိုးတက်လာမှုများ၊ စီးပွားရေး၏ကဏ္ဍအသီးသီးက ထုတ်လုပ်သောကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများတန်ဖိုးမြင့်တက်လာမှုတို့ကြောင့် ဖြစ်စေနိုင်သည့် နိုင်ငံ၏ အမျိုးသားထုတ်လုပ်မှုဆိုင်ရာ အမှန်တကယ်ရှိသည့် အဆင့်တစ်ရပ်၌ မြင့်တက်လာခြင်းဖြစ်သည်။ စီးပွားရေးကြီးထွားမှုကို နိုင်ငံ၏ ဂျီဒီပီမြင့်တက်လာမှုဖြင့် တိုင်းတာနိုင်သည်။
စီးပွားရေးဖွံ့ဖြိုးမှုဆိုသည်မှာမူ စံသတ်မှတ်ချက်နှင့် စည်းမျဉ်းများရှိသော သဘောတရားဖြစ်သည်။ အမှန်နှင့်အမှား၊ ကောင်းခြင်းနှင့်ဆိုးခြင်း အစရှိသည့် လူတို့၏ ကိုယ်ကျင့်တရားဆိုင်ရာ အသိတရားနှင့်ဆိုင်သော အဝန်းအဝိုင်းအတွင်း၌ ရှိနေသည်။ လူနေမှုအဆင့်အတန်းများ မြင့်တက်လာမှု၊ မိမိကိုယ်မိမိ ယုံကြည်မှုရှိရန် လိုအပ်သည့်အရာများတိုးတက်လာမှုနှင့် ဖိနှိပ်ခံရမှုမှ လွတ်ကင်းသည့်အပြင် ရွေးချယ်ခွင့် ပိုမိုရှိလာမှုတို့လည်း စီးပွားရေးဖွံ့ဖြိုးမှု၌ ပါဝင်နေသည်။ စီးပွားရေးဖွံ့ဖြိုးမှုကိုတိုင်းတာရန် အတိကျဆုံးနည်းလမ်းမှာ လူသားဖွံ့ဖြိုးမှုအညွှန်းကိန်း (Human Development Index) ဖြစ်သည်။ HDI သည် ထုတ်လုပ်နိုင်မှုစွမ်းအားအပေါ်သက်ရောက်ပြီး စီးပွားရေးကြီးထွားမှုဆီသို့ ဦးတည်သွားစေနိုင်သည့် စာတတ်မြောက်မှုနှုန်းနှင့် မျှော်လင့်နိုင်သည့် ဘဝသက်တမ်းတို့အား ထည့်တွက်ထားသည်။ စီးပွားရေးဖွံ့ဖြိုးမှုသည် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ အလုပ်ခန့်ထားမှုကဏ္ဍနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတို့၌ အခွင့်အလမ်းများ ပိုမိုဖန်တီးနိုင်မှုဆီသို့ ဦးတည်စေသည်။ စီးပွားရေးဖွံ့ဖြိုးမှုသည် နိုင်ငံသားအသီးသီး၏ တစ်နှစ်ဝင်ငွေမြင့်တက်ခြင်းကိုလည်း ရည်ညွှန်းသည်။
မည်သို့ပင်ဆိုစေကာမူ နိုင်ငံတစ်နိုင်ငံ၏ အစိုးရအဖွဲ့တစ်ဖွဲ့အရည်အသွေးကို သိရှိလိုပါက ပထမဆုံးတိုင်းတာရမည့်အရာမှာ စီးပွားရေးသာဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■သြဂုတ် ၁၉ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်