လူ့လောက၏အကြောင်းကို လေ့လာဆည်းပူးခြင်းအတတ်ကို လူမှုဗေဒဟု ခေါ်သည်။ အကျဉ်းချုပ်အားဖြင့် လူမှုဗေဒသည် လူလောကအဖွဲ့အစည်းနှင့် လူလောက အဆောက်အအုံကြီးများ၏ သဘာဝနှင့် တိုးတက်ဖွံ့ဖြိုးလာပုံကို လေ့လာသော သိပ္ပံပညာတစ်ရပ်ဖြစ်သည်။ လူမှုဗေဒဟူသော ဝေါဟာရကို ပထမဦးဆုံး တီထွင်သုံးစွဲသူမှာ ပြင်သစ်လူမျိုး ဒဿနိကဗေဒပညာရှင်တစ်ဦးဖြစ်သော သြဂတ်ကွန့် ဖြစ်ပေသည်။ ဖရက်ဒရစ် လေပလေးဆိုသူကလည်း လူမှုဗေဒအကြောင်းကို ရေးသားခဲ့သည်။ သို့ရာတွင် လူမှုဗေဒ နှင့်စပ်လျဉ်း၍ အများဆုံးရှင်းလင်းရေးသားခဲ့သူမှာကား ဟာဗတ်စပင်ဆာဆိုသူဖြစ်သည်။ လူမှုဗေဒကို လေ့လာရာတွင် လူ့လောကအဆောက်အအုံကြီးသည် မည်သို့ဖြစ်ပေါ်လာသနည်း၊ လူအများ အစုလိုက်အဖွဲ့လိုက် နေထိုင်ကြခြင်းသည် မည်သည့်အခါကစ၍ ပေါ်ပေါက်ခဲ့သနည်း စသည်တို့ကို လေ့လာကြရသည်။ လူသည် ပေါင်းသင်းဆက်ဆံရေး သတ္တဝါတစ်မျိုးဖြစ်သည်ဟုဆိုသည့်အတိုင်း ရှေးပဝေဏီအခါကပင် လူများသည် အချင်းချင်း စုဝေးနေထိုင် ပေါင်းသင်းဆက်ဆံခဲ့ကြ၍ ဤသို့နေထိုင်ခြင်းပင်လျှင် လူလောကအပြင်ဘက်တွင် တစ်ကိုယ်တည်းနေခြင်းထက် ကြီးပွားတိုးတက်နိုင်ကြောင်းကို သိရှိခဲ့ကြလေသည်။
လူများ အစုလိုက်အအုပ်လိုက် နေထိုင်ခြင်း၏ မူလဘူတမှာ အိမ်ထောင်စနစ်ပင် ဖြစ်သည်။ အိမ်ထောင်တစ်ခုတွင် မိခင်ဖခင်နှင့် သားသမီးများ တစ်စုတစ်ဝေးတည်း နေထိုင်စားသောက်ကြသည်။ ထိုမှတစ်ဆင့် တဖြည်းဖြည်း ဆွေမျိုးမိတ်သင်္ဂဟ အပေါင်းအသင်းများ တိုးတက်ပွားများလာပြီးလျှင် အသင်းအဖွဲ့များ ပြုလုပ်နေထိုင်လာကြလေတော့သည်။ လူဦးရေ တိုးတက်လာသည်နှင့်အမျှ ပေါင်းသင်းဆက်ဆံရေးတွင်လည်း နီးစပ်ရင်းနှီးလာပြီးလျှင် တစ်ဦးကိုတစ်ဦး အမှီသဟဲပြုသည်ထက် ပြုလာကြရလေတော့သည်။
လူမှုဗေဒတွင် လွန်ခဲ့သော နှစ်ပေါင်းထောင်သောင်းများစွာ ရှေးခေတ်လူများ၏ အိမ်ထောင်မှုစနစ် ပေါ်ပေါက်ခဲ့ပုံ၊ ကိုယ်ကျင့်တရားနှင့် ထုံးတမ်းစဉ်လာများ ပေါ်ပေါက်လာခဲ့ပုံ၊ တစ်စထက်တစ်စ ပိုမိုရှုပ်ထွေးလာသော မျက်မှောက်လူ့လောကအဆောက်အအုံကြီးတွင် ဃရာဝါသ (အိမ်ထောင်ခြင်း)ကိစ္စများ၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခြင်းများ၊ အုပ်ချုပ်ရေး၊ ပညာသင်ကြားရေး၊ အယူဝါဒ၊ စည်းရုံးလုပ်ကိုင်ရေး အစရှိသော အသွယ်သွယ် အဝ၀ မြားမြောင်လှသည့် အကြောင်းကိစ္စများနှင့် မြို့ကြီးများတွင် နေထိုင်ခြင်း၊ ဆင်းရဲနွမ်းပါး ခြင်း၊ အမှုအခင်းဖြစ်ပွားခြင်း၊ တိုင်းတစ်ပါးသားတို့ ဝင်ရောက်နေထိုင်ခြင်း၏ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ပဋိပက္ခဖြစ်ခြင်းကြောင့် ပေါ်ပေါက်လာရသော ပြဿနာရပ်များ၏ အကြောင်းတို့လည်း လူမှုဗေဒတွင် ပါဝင်လေသည်။
အဆိုပါ လူမှုရေးရာစနစ်များသည် ထာဝစဉ်မပြောင်းလဲဘဲ အမြဲတည်ရှိနေသည် မဟုတ်သော်လည်း အသင့်အတင့် ခိုင်မြဲတည်တံ့လျက်ရှိနေသည်။ ဤစနစ်များမှာ ဒုက္ခအခက်အခဲကို ရှောင်နိုင်သမျှရှောင်၍ အေးချမ်းသာယာပျော်ရွှင်မှုတို့ကို ရရှိနိုင်စေရန် နှစ်ပေါင်းများစွာ အမျိုးမျိုးအဖုံဖုံ ရှာဖွေစမ်းသပ်ကြည့်ရှုခြင်းဖြင့် ရရှိသော စနစ်များပင် ဖြစ်သည်။ သို့ရာတွင် အသစ်အသစ် ဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ဆီလျော် အောင် လူမှုစနစ်များကိုလည်း ပြုပြင်ပြောင်းလဲကြရသည်။ ဥပမာအားဖြင့် မျက်မှောက်ခေတ်တွင် ထွန်းကားသော စက်မှုလက်မှုပညာရပ်များနှင့် ကိုက်ညီအောင် လူမှုစနစ်နှင့် နေရေးထိုင်ရေးများကိုလည်း အကြီးအကျယ် ပြောင်းလဲပေးခဲ့ရသည်။
ပြောင်းလဲခြင်းမှာ ဓမ္မတာလူလောကကြီးသည် အစဉ်သဖြင့် ပြောင်းလဲလျက်ရှိသည်မှာ ဓမ္မတာပင်ဖြစ်သည်။ ယခင်ကလည်း အစဉ်အမြဲပြောင်းလဲခဲ့၍ နောင်အခါတွင်လည်း အစဉ်အမြဲပြောင်းလဲနေမည်သာဖြစ်သည်။ လူမှုဗေဒက ထိုပြောင်းလဲမှုများကို အထူးသတိပြုကာ လေ့လာသည်။ ပြောင်းလဲမှုတစ်ခုသည် လူလောကအား ကောင်းကျိုးဆိုးကျိုး ပေးနိုင်ပုံကို ဆင်ခြင်သုံးသပ်ရသည်။ ကောင်းကျိုးပေးသော ပြောင်းလဲမှုကို လူမှုစနစ် တိုးတက်မှုဟုခေါ်၍ လူမှုရေးရာပညာရှင်များက ပြောင်းလဲမှုသဘောနှင့် ပြောင်းလဲမှု ဖြစ်ပေါ်စေသော အကြောင်းတရားများကို ရှာဖွေကြသည်။
မည်သို့ဆိုစေ၊ လူများသည် တစ်ဦးနှင့်တစ်ဦး ပိုမိုရင်းနှီးစွာ ဆက်ဆံပေါင်းသင်းလေလေ လူမှုဗေဒသည် ပိုမို၍အရေးပါအရာရောက်လာလေလေဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■သြဂုတ် ၁၇ ရက် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်