မြန်မာအမျိုးသားလေကြောင်းလိုင်းက ART 72-600 လေယာဉ်နှင့် လားရှိုးမှ စစ်တွေသို့ (မန္တလေးမြို့မှ တစ်ဆင့်) အသွားအပြန် ခရီးစဉ်အား အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပျံသန်းနေကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းသည် အဆိုပါ လားရှိုးမှ စစ်တွေခရီးစဉ်အား ပျံသန်းရာတွင် လားရှိုး-မန္တလေး၊ မန္တလေး- စစ်တွေ၊ စစ်တွေ-မန္တလေး၊ မန္တလေး-လားရှိုး ခရီးစဉ်အနေဖြင့်ပျံသန်းသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းက နိုင်ငံတကာခရီးစဉ်ပျံသန်းမှုအဖြစ် ရန်ကုန်-ချင်းမိုင်ခရီးစဉ်အား တစ်ပတ်လျှင် သုံးကြိမ် ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့ များတွင် ပျံသန်းနေပြီး ၁၇၉ ဒေါ်လာမှ စတင်ဝယ်ယူ နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းက နေ့စဉ်ပျံသန်းနေသည့် ရန်ကုန်-စင်ကာပူ-ရန်ကုန်ခရီးစဉ်ကို ဒေါ်လာ ၃၃၇ မှစတင် ရောင်းချပေးနေပြီး တနင်္ဂနွေ၊ အင်္ဂါနှင့် သောကြာနေ့များတွင် နှစ်ကြိမ် ပျံသန်းနေကြောင်း သိရသည်။ မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-စင်ကာပူ-ရန်ကုန်ခရီးစဉ်ကို နေ့စဉ် တစ်ကြိမ်ပျံသန်းပြေးဆွဲလျက်ရှိပြီး အသွားခရီးစဉ် တစ်ကြောင်းစာကို အမေရိကန် ဒေါ်လာ ၁၇၅၊ အသွားအပြန်ခရီးစဉ်အား ဒေါ်လာ ၃၃၇ မှစတင်၍လည်းကောင်းပျံသန်း နေခြင်းဖြစ်သည်။
ׅ“ကျွန်တော်တို့ လေကြောင်းလိုင်းအနေနဲ့ ခရီးသည်တွေ အဆင်ပြေစွာသွားလာနိုင်ဖို့ တစ်နေ့ တစ်ကြိမ်ပျံသန်းနေတဲ့ ရန်ကုန်-စင်ကာပူခရီးစဉ်ကို တနင်္ဂနွေ၊ အင်္ဂါနှင့် သောကြာနေ့တွေမှာ တစ်ရက် နှစ်ကြိမ်ပျံသန်းပေးနေပါတယ်”ဟု မြန်မာအမျိုးသားလေကြောင်းလိုင်းက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Mobile Application ကို အသုံးပြုပြီး နှစ်သက်ရာ ခရီးစဉ်၏အချက်အလက်များကို ကြည့်ရှုနိုင်မည့်အပြင် လေယာဉ်လက်မှတ်ဝယ်ယူမှုနှင့် ငွေပေးချေမှုများပါ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ MNA application တွင် Search flights ,Book flight, Make payment,Check flight status, Manage booking, Online Check-in နှင့် E-Boarding Pass ထုတ်ယူခြင်းများကိုပါ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက Sole Charterer - Interconnection Travels နှင့် ပူးပေါင်း၍ လာမည့် စက်တင်ဘာမှ စတင်ကာ ရန်ကုန်-ဂယာ-ရန်ကုန် ခရီးစဉ်ကို လေယာဉ်စင်းလုံးငှားခရီးစဉ် ပျံသန်းမည် ဖြစ်ကြောင်းသတင်း ရရှိသည်။
ရန်ကုန်-ဂယာ-ရန်ကုန်ခရီးစဉ်ကို လေယာဉ်စင်းလုံးငှားခရီးစဉ်တွင် အသွား အပြန်ခရီးစဉ်လက်မှတ်အား ၄၃၅ ဒေါ်လာမှစတင်ရောင်းချမည်ဖြစ်ပြီး ခရီးသည်များအနေဖြင့် မိမိသွားရောက်မည့် နိုင်ငံမှ လိုအပ်သော အထောက်အထားများ၊ COVID-19 Restriction သတ်မှတ်ချက်များကို အတိအကျလိုက်နာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံပိုင် မြန်မာအမျိုးသား လေကြောင်းလိုင်း ခရီးသည်များအနေဖြင့် မိမိသွားရောက်လိုသည့် ခရီးစဉ်အချိန်ဇယားနှင့်စျေးနှုန်းများကို လေကြောင်းလိုင်း Website တွင် အချိန်မရွေး အလွယ်တကူ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်း ခရီးသည်များအနေဖြင့် ခရီးစဉ်အချိန်ဇယားကြည့်ရှုရန် www.flymna.com/plan-atrip-flightschedule နှင့် စျေးနှုန်းကြည့်ရှုရန် www.flymna.com/bookings/Vuesflightselectionaspx တို့တွင် ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။