ရှေးဟောင်းဂရိတွေးခေါ်ရှင် အရစ္စတိုတယ်က “လူသည် သဘောသဘာဝအရ လူမှုရေးသတ္တဝါဖြစ်သည်။ မတော်တဆမဟုတ်ဘဲ သဘောသဘာဝအရ လူမှုရေးနှင့် မကိုက်ညီသည့် တစ်ဦးတစ်ယောက်သည် ‘ကျွန်ုပ်တို့၏ သတိပြုမိခြင်းခံရမည်’ သို့မဟုတ် ‘လူတစ်ယောက်အဖြစ်ထက် ပိုမိုနေလိမ့်မည်’ ဖြစ်သည်။ လူ့အဖွဲ့အစည်းဟူသည် လူသားတစ်ဦးချင်းထက် အရင်ကျသော တစ်စုံတစ်ရာဖြစ်သည်”ဟု ဆိုခဲ့သည်။ လူသည် တစ်ဦးတည်း နေထိုင်နိုင်ခြင်း မရှိပေ။ သူသည် အသက်ရှင်ရပ်တည်နိုင်ရန်အတွက် သဘာဝအရ အခြေခံကျသော လိုအပ်ချက်အချို့ကို အလုံအလောက်ရရှိရမည်ဖြစ်သည်။ ဘဝတစ်ခုကို နေထိုင်ရန်အတွက် လူသည်အခြားလူသားများနှင့် ဆက်ဆံရေးတစ်ရပ်အတွင်း မဖြစ်မနေဝင်ရောက်ရမည်ဖြစ်သည်။ အပြန်အလှန်မှီခိုနေရသည့် အနှောင်အဖွဲ့များကို မည်သည့်လူသားမျှ ချိုးဖျက်နိုင်ခြင်း မရှိပေ။ ယင်းဆက်ဆံရေးသည် သန္ဓေသားနှင့် မိခင်တို့အကြားစတင်ဖြစ်ထွန်းခဲ့ပုံရပြီး ဘဝတစ်လျှောက် ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ သန္ဓေသား၏လိုအပ်ချက်သည် စိတ်ပိုင်းထက်ရုပ်ပိုင်း ပို၍ဆန်နေလိမ့်မည်ဖြစ်သော်လည်း မိခင်၏လိုအပ်ချက်မှာမူ ပြောင်းပြန်အနေအထားဖြင့် ရုပ်ပိုင်းထက် စိတ်ပိုင်း ပို၍ဆန်နေလိမ့်မည် ဖြစ်သည်။
လူ့အဖွဲ့အစည်းဟူသည် ရှုပ်ထွေးသော ဆက်ဆံရေးစနစ်တစ်ရပ်ဖြစ်သည်။ လူ့အဖွဲ့အစည်း၏ ဖြစ်တည်မှုသည် ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ လိုအပ်ချက်များ၊ အပြုအမူများကို အများစု၏ လိုအပ်ချက်များ၊ အများစုအလိုရှိသော အပြုအမူပုံစံများနှင့် ကိုက်ညီအောင် အောင်မြင်စွာ ညှိနှိုင်းနိုင်ခြင်းအပေါ်၌ မူတည်နေသည်။ သို့သော် လိုအပ်ချက်များကို အကျဉ်းချုံးယူခြင်း၊ ယင်းနောက် အထွေထွေသဘောပြုခြင်းသည် လူ့အသိုင်းအဝိုင်းအတွင်း၌ စဉ်ဆက်မပြတ်နေထိုင်နိုင်ရေးအတွက် မရှိမဖြစ်လိုအပ်သောအခြေအနေရပ်များ ဖြစ် သည်။ လူ့အသိုင်းအဝိုင်းတစ်ရပ်အတွင်း နေထိုင်ရန် ဘုံလိုအပ်ချက်များကို အကောင်းဆုံး အဆင့်ရယူရန် ဘုံသဘောဆောင်သော အသိအမြင်များကို ဖန်တီးရန်လိုအပ်သည်။ လူမှုရေးအရ သဟဇာတဖြစ်အောင်ပြုလုပ်ခြင်းလုပ်ငန်းစဉ်၌ တစ်ဦးချင်း၏အတွေးများ၊ ခံစားမှုများနှင့် အပြုအမူများကို တရားဝင်လက်ခံထားပြီးသား သို့မဟုတ် ခိုင်မြဲပြီးသား နိုင်ငံရေးစနစ်တစ်ရပ်အဖြစ် ပုံစံချပြီးသား စည်းမျဉ်းများနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ရခြင်းက ကပ်လျက်ပါလာသည်။
လူ့အဖွဲ့အစည်းအသီးသီး၌ တစ်ဦးချင်းအကြား ထူထောင်ထားသော ဆက်ဆံရေးကို အစီအစဉ်ချရန် ကိုယ်ပိုင်နည်းလမ်းများ ရှိကြသည်။ လူ့အဖွဲ့အစည်းဝင်များအကြား ဆုံးဖြတ်ချက်ချမှတ်ခြင်း လုပ်ငန်းစဉ်၏ နောက်ဆုံးရလဒ်သည် ပြည်သူ့ရေးရာ မူဝါဒဖြစ်သည်။ ပြည်သူ့ရေးရာမူဝါဒ၏ သဘောထားကို ယေဘုယျသဘောအရ အုပ်ချုပ်ရေးဟူ၍ ရည်ညွှန်းလေ့ရှိသော်လည်း ယင်းကိုလူတို့အကြား ဆက်ဆံရေးများအဖြစ်လည်း လေ့လာနိုင်သည်။ တစ်ဦးချင်း၏ အသိအမြင်များကို ဘုံအသိအမြင်များနှင့် လိုက်လျောညီထွေပြုခြင်းအား တရားဝင်နည်းလမ်းများဖြင့်သော်လည်းကောင်း၊ တရားမဝင်နည်းလမ်းများဖြင့်သော်လည်းကောင်း ပြုလုပ်နိုင်သည်။ တရားဝင်နည်းလမ်းဟူသည် တရားဝင်ထူထောင်ထားသော စိတ်ကူးများနှင့် စံပြုပုံစံများဖြင့် ဖွဲ့စည်းထားသော စနစ်တစ်ရပ်ဖြစ်သည်။ တရားမဝင် နည်းလမ်းဟူသည် တရားဝင် ထူထောင်ထားခြင်းမရှိသော အပြုအမူများနှင့် အတွေးများကို လက်ခံခြင်းအား ရည်ညွှန်းသည်။ ယဉ်ကျေးမှုဟူသည် ဘုံအသိအမြင်များကို ပုံသွင်းသည့် တရားမဝင်သော နည်းလမ်းတစ်ရပ်ဖြစ်သည်။ ၎င်းအပြင် ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်သည့် ဘာသာရေး၊ သိပ္ပံပညာ၊ ကိုယ်ကျင့်တရားနှင့် အိုင်ဒီယိုလိုဂျီတို့သည် တစ်ဦးချင်းအသိအမြင်များကို ပုံသွင်းခြင်းနှင့် ဖွဲ့စည်းတည်ဆောက်ခြင်းတို့ ပြုလုပ်သည်။
ယဉ်ကျေးမှုဟူသည် လူသားတို့၏ သမိုင်းတစ်လျှောက်လုံး ရယူနိုင်ခဲ့မှုများဖြင့် ဖွဲ့စည်းထားသော ဘုံအသိအမြင်ဖြစ်သည်။ ကမ္ဘာကြီး၏ ယဉ်ကျေးမှုဝန်းကျင်ကို ပြောင်းလဲခြင်းဖြင့် လူသားကိုယ်နှိုက်သည်လည်း ပြောင်းလဲ၍သွားသည်။ လူတစ်ဦးသည် ပုဂ္ဂိုလ်တစ်ဦးချင်းဖြစ်သကဲ့သို့ တစ်ချိန်တည်းမှာပင် လူ့အဖွဲ့အစည်းတစ်ရပ်၏ အဖွဲ့ဝင်လည်း ဖြစ်သည်။ လူ့တစ်ဦးအပေါ် လွှမ်းမိုးနေသော လိုအပ်ချက်များသည် သူ၏ကိုယ်ပိုင်တစ်ဦးချင်းဆိုင်ရာ ဆန္ဒများနှင့် အကျိုးစီးပွားများဖြစ်သည်။ သို့သော် သူကိုယ်တိုင်ပါဝင်နေသော လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ အကျိုးစီးပွားကို လိုက်နာရမည့် မူရင်းတာဝန်ဝတ္တရားကလည်း သူ့ထံ၌ ရှိနေသည်။ ပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့် ဆွဲဆောင်သိမ်းသွင်းခြင်းနှင့် ငြင်းဆန်ပယ်ချခြင်းတို့ကို အဆက်မပြတ် ပြုလုပ်နေသည်။ ထို့ကြောင့် စိတ်ရှုပ်ထွေးမှုများနှင့် ပဋိပက္ခများကို ဖြစ်ပေါ်စေသည်။
မည်သို့ပင်ဆိုစေကာမူ ယဉ်ကျေးသော လူ့အဖွဲ့အစည်းတစ်ရပ်အတွင်းရှိ လူပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်ဆန္ဒများနှင့် အကျိုးစီးပွားများကို မိမိနေထိုင်ရာ လူ့အဖွဲ့အစည်း၏ ဘုံအကျိုးစီးပွားအား လိုက်နာလျက် လိုက်လျောညီထွေပြုရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■သြဂုတ် ၁၅ ရက်ထုတ် The Daily Eleven သတင်းစာမှ အယ်ဒီတာ့အာဘော်