အမေရိကန်တွင် လွန်ခဲ့သည့်နှစ်က မိမိကိုယ်ကိုယ်အဆုံးစီရင်မှုနှုန်း အမြင့်ဆုံးအထိရောက်ရှိ

အမေရိကန်တွင် လွန်ခဲ့သည့်နှစ်က မိမိကိုယ်ကိုယ်အဆုံးစီရင်မှုနှုန်း အမြင့်ဆုံးအထိရောက်ရှိ
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၀ ရက်၌အမေရိကန်နိုင်ငံ မက်ဟန်တန်တွင် ညနေနေဝင်ချိန်အတွင်း လမ်းလျှောက်နေသူတစ်ဦးကိုတွေ့ရစဉ် (Photo - Reuters)
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၀ ရက်၌အမေရိကန်နိုင်ငံ မက်ဟန်တန်တွင် ညနေနေဝင်ချိန်အတွင်း လမ်းလျှောက်နေသူတစ်ဦးကိုတွေ့ရစဉ် (Photo - Reuters)
Published 13 August 2023
Ref: AFP

အမေရိကန်ပြည်ထောင်စုတွင် လွန်ခဲ့သည့်နှစ်က မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့သူ ၄၉,၅၀၀ ခန့်ရှိပြီး အမြင့်ဆုံးအရေအတွက်ဖြစ်ကြောင်း သြဂုတ် ၁၀ ရက်က ထုတ်ပြန်ခဲ့သည့် အစိုးရအချက်အသစ်တွင် ဖော်ပြထားသည်။

သေဆုံးသူအရေအတွက် ထုတ်ပြန်ထားသော ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာက ထိုနှစ်အတွက် မိမိကိုယ်ကိုယ် အဆုံးစီရင်မှုနှုန်းကို မတွက်ချက်ရသေးသော်လည်း  ရရှိထားသောအချက်အလက်များအရ အမေရိကန်တွင် အဆုံးစီရင်မှုနှုန်းသည် ဒုတိယကမ္ဘာစစ်စတင်ကတည်းက အမြင့်ဆုံးဖြစ်နေသည်ဟု ဖော်ပြထားသည်။

“တစ်ခုခုတော့ မှားယွင်းနေပါတယ်။ ဒီအရေအတွက်က ဆက်လက်မြင့်တက်နေတာမျိုးမဖြစ်သင့်ပါဘူး”ဟု အသက် ၄၅ နှစ်အရွယ် ဖလော်ရီဒါတွင်နေထိုင်သူ ခရစ်စတီနာ ဝီလ်ဘာက ပြောကြားခဲ့ပြီး ၎င်း၏သားဖြစ်သူသည် လွန်ခဲ့သည့်နှစ်က မိမိကိုယ်ကိုယ် သေနတ်ဖြင့်ပစ်၍ အဆုံးစီရင်ခဲ့သည်။

“ကျွန်မသားလေးက မသေသင့်ပါဘူး”ဟု ၎င်းကပြောကြားခဲ့ပြီး “ဒါဟာရှုပ်ထွေးတယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါပေမဲ့ကျွန်မတို့တွေ တစ်ခုခုတော့ လုပ်ရမှာဖြစ်ပါတယ်။ ကျွန်မတို့ မလုပ်ဖြစ်ခဲ့တဲ့တစ်ခုခုမျိုးပေါ့။ ဘာလို့လဲဆိုတော့ ကျွန်မတို့အခုလုပ်နေတဲ့အရာတိုင်းက အကူအညီဖြစ်မနေပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။

မိမိကိုယ်ကိုယ် အဆုံးစီရင်မှုဟာ ရှုပ်ထွေးကြောင်း ကျွမ်းကျင်သူများက သတိပေးခဲ့ပြီး မကြာသေးမီက မြင့်တက်လာသည့် အဆုံးစီရင်မှုနှုန်းသည် စိတ်ကျရောဂါဖြစ်ပွားမှုနှုန်း မြင့်မားလာမှု၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှုများ အကန့်အသတ်ဖြင့်ရရှိမှုအပါအဝင် အကြောင်းအရင်းအချို့ကြောင့် ဖြစ်နိုင်ဖွယ်ရှိသည်ဟု ဆိုသည်။

သို့သော် အဓိကအကြောင်းအရင်းမှာ သေနတ်များရရှိမှု မြင့်တက်လာခြင်းကြောင့် ဖြစ်သည်ဟု မိမိကိုယ်ကိုယ်အဆုံးစီရင်မှုကာကွယ်ခြင်းဆိုင်ရာ အမေရိကန်ဖောင်ဒေးရှင်းမှ သုတေသနဒုဥက္ကဌ ဂျေးလ်ဟာကာဗီဖရစ်မန်းက ပြောကြားခဲ့သည်။

သေနတ်ဖြင့် မိမိကိုယ်ကိုယ်ပစ်ခတ်၍ သေကြောင်းကြံစည်မှုသည် အခြားနည်းလမ်းများဖြင့် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုထက် သေဆုံးနိုင်ခြေပိုများပြီး သေနတ်ရောင်းချမှုများ မြင့်တက်လာကာ နေအိမ်အများအပြားတွင် သေနတ်များပိုင်ဆိုင်ထားကြသည်ဟုဆိုသည်။

အကြို ၂၀၂၂ အချက်အလက်များကို အသုံးပြု၍ မကြာသေးမီက ဂျွန်ဟော့ကင်း တက္ကသိုလ်၏လေ့လာစမ်းစစ်မှုအရနိုင်ငံတစ်ဝန်းလုံး သေနတ်အသုံးပြု၍ မိမိကိုယ်ကိုယ်သတ်သေမှုနှုန်းသည် လွန်ခဲ့သည့်နှစ်က အမြင့်ဆုံးဖြစ်ခဲ့သည်ဟုဆိုသည်။ ပထမဆုံးအကြိမ်အဖြစ် လူမည်းဆယ်ကျော်သက်များအကြား သေနတ်ဖြင့် အဆုံးစီရင်မှုနှုန်းသည် လူဖြူဆယ်ကျော်သက်များထက် ပိုမိုမြင့်တက်လာသည်ဟု သုတေသီများက တွေ့ရှိခဲ့သည်။

“သေနတ်အကြောင်းကို မပြောဘဲနဲ့အဆုံးစီရင်မှုအကြောင်း ပြောနိုင်မလားဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး”ဟု ဟာကာဗီဖရစ်မန်းက ပြောကြားခဲ့သည်။

အမေရိကန်တွင် အဆုံးစီရင်မှုနှုန်းသည် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှ ၂၀၁၈ ခုနှစ်အထိ တဖြည်းဖြည်းမြင့်တက်လာကာ ၂၀၁၈ခုနှစ်တွင် နိုင်ငံတစ်ဝန်းအဆုံးစီရင်မှုနှုန်းသည် ၁၉၄၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။ ယင်းနှစ်၌ အဆုံးစီရင်သူ ၄၈,၃၀၀ ခန့်ရှိပြီး အမေရိကန်နိုင်ငံသားတစ် သိန်းစီတွင် အဆုံးစီရင်သူ ၁၄ ဒသမ ၂ ဦးရှိ သည်။ယင်းအဆုံးစီရင်မှုနှုန်းသည် ၂၀၁၉ခု နှစ်တွင် ကျဆင်းခဲ့ပြီး COVID-19ကပ် ရောဂါအစောပိုင်းကာလဖြစ်သည့် ၂၀၂၀ ပြည့်နှစ်တွင်လည်း တစ်ဖန်ကျဆင်းခဲ့သည်။ သို့သော် ၂၀၂၁ ခုနှစ်တွင် လေးရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး လွန်ခဲ့သည့်နှစ်တွင် အဆုံးစီရင်မှုနှုန်း အမြင့်ဆုံးအထိ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ 

Most Read

Most Recent