ကျပ်နှစ်သောင်းတန် ငွေစက္ကူသည် အထိမ်းအမှတ်အဖြစ် ထုတ်ခဲ့ခြင်းကြောင့် ငွေကြေးဖောင်းပွမှု လုံးဝဖြစ်မည်မဟုတ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြားခြင်း၊ ရန်ကုန်မြို့ရှိ ရွှေဆိုင်အချို့ ရွှေလာရောက်ရောင်းချခြင်းကိုသာ လက်ခံခြင်း

ကျပ်နှစ်သောင်းတန် ငွေစက္ကူသည် အထိမ်းအမှတ်အဖြစ် ထုတ်ခဲ့ခြင်းကြောင့် ငွေကြေးဖောင်းပွမှု လုံးဝဖြစ်မည်မဟုတ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြားခြင်း၊ ရန်ကုန်မြို့ရှိ ရွှေဆိုင်အချို့ ရွှေလာရောက်ရောင်းချခြင်းကိုသာ လက်ခံခြင်း
ရန်ကုန်မြို့လယ်မှ ရွှေဆိုင်အချို့ကို ဇူလိုင် ၂၈ ရက်က တွေ့ရစဉ်
ရန်ကုန်မြို့လယ်မှ ရွှေဆိုင်အချို့ကို ဇူလိုင် ၂၈ ရက်က တွေ့ရစဉ်
Published 30 July 2023

နိုင်ငံတော်အနေဖြင့် ဘဏ္ဍာငွေလိုအပ်ချက်မရှိသကဲ့သို့ လည်ပတ်သုံးစွဲငွေများ မျှတစွာရှိနေပြီး နှစ်သောင်းတန် ငွေစက္ကူသည် အထိမ်းအမှတ်အဖြစ် ထုတ်ခဲ့ခြင်းကြောင့် ငွေကြေးဖောင်းပွမှု လုံးဝဖြစ်မည်မဟုတ်ကြောင်းနှင့် စီးပွားရေးကမောက်ကမဖြစ်စေရန် နိုင်ငံရေး တိုက်ခိုက်မှုသာဖြစ်ကြောင်း စီးပွားရေးရာကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ဇူလိုင် ၂၆ ရက်ကကျင်းပသည့် စီးပွားရေးရာ ကော်မတီ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၃) တွင် နစကဥက္ကဋ္ဌက ထိုသို့ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။

နစကဥက္ကဋ္ဌက ဝန်ကြီးဌာနများမှဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းလည် ပတ်မှုများ အပြည့်အဝ လည်ပတ်နိုင်ရေး စီမံဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်အစိုးရမှ ဆောင်ရွက်နေ သည့်လုပ်ငန်းများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုအ တွက် အထောက်အကူပြုသည့် လုပ်ငန်းများဖြစ်သဖြင့် လုပ်ငန်းများအားလုံး ဝင်ငွေနှင့်ထွက်ငွေညီမျှနေ ရေး စနစ်တကျဖြင့် အောင်မြင် အောင် ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

ထို့ပြင် အသစ်ထုတ်ပြန်လိုက် သည့်နှစ်သောင်းတန် ငွေစက္ကူ ထုတ် လုပ်ခြင်းနှင့် ပတ်သက်၍ အကန့် အသတ်ဖြင့်သာ ထုတ်လုပ်ခြင်းဖြစ် ကြောင်း၊ နိုင်ငံတော်အနေဖြင့် ဘဏ္ဍာငွေလိုအပ်ချက် မရှိသကဲ့သို့ နိုင်ငံအတွင်း လည်ပတ်သုံးစွဲငွေများ မျှတစွာရှိနေကြောင်း၊ အဆိုပါ နှစ်သောင်းတန် ထုတ်လုပ်ခြင်းသည် အထိမ်းအမှတ်အဖြစ် ထုတ်ခဲ့ခြင်းသာဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံအတွင်း ငွေကြေးလည်ပတ်မှုအနေဖြင့် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး ဘဏ်များ၌ ငွေကြေးအပ်နှံမှုများ များစွာရှိ ကြောင်း၊ ယခုကဲ့သို့ နှစ်သောင်းတန် ငွေစက္ကူထုတ်ခဲ့ခြင်းကြောင့် ငွေကြေးဖောင်းပွမှု လုံးဝဖြစ်ပေါ်စေမည်မဟုတ်ကြောင်း၊ စီးပွားရေးအရ ကမောက်ကမဖြစ်စေရန်အတွက် နိုင်ငံရေးအရ တိုက်ခိုက်မှုသာဖြစ်ကြောင်း၊ အစိုးရ၏ စီးပွားရေးလုပ်ငန်းများသည် အမြတ်အစွန်းထက် တိုင်းပြည်ဖွံ့ဖြိုးရေးကို အထောက်အကူ ဖြစ်စေရန်ဖြစ်ကြောင်း၊ အရှုံးပေါ်နေခြင်းလည်း မဖြစ်သင့်ကြောင်း၊ မိမိတို့ စီးပွားရေးရာကော်မတီသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အရေးကြီးသည့်ကဏ္ဍတွင်ရှိပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အာရုံစိုက် ဆောင်ရွက်ကြစေလိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် တိုင်းပြည်အကျိုးကို ကြည့်၍ ဆောင်ရွက်ကြစေလိုကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ထို့အတူ လုပ်ငန်းများဆောင်ရွက်ရာတွင် အမှန်အတိုင်းဖြစ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ရော်ဘာစိုက်ပျိုးရာမှ ထွက်ရှိလာသည့် ရော်ဘာကုန်ကြမ်းများကို အဆင့်မြှင့်တင်နိုင်မည်ဆိုပါက ဝင်ငွေပိုမိုရရှိမည် ဖြစ်ကြောင်း၊ စပါးခွံ ဓာတ်ငွေ့လောင်စာသုံး လျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းသည် မိမိတို့ နိုင်ငံအနေဖြင့် ဆောင်ရွက်သင့်သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းတစ်ခု ဖြစ်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်း၊ ကုန်သွယ်မှုနှင့်ပတ်သက်၍ ကုန်ထုတ်လုပ်မှုများရှိမှသာ ပို့ကုန်များရရှိမည်ဖြစ်သဖြင့် ကုန်ထုတ်လုပ်မှုများ မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံမှ ထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ ပြည်ပစျေးကွက်ရရှိရေးအတွက် နိုင်ငံတကာစျေးကွက်ကို အမြဲမပြတ် သုတေသနပြုဆောင်ရွက်နေရန်လိုကြောင်း ၎င်းကဆိုသည်။

ရန်ကုန်မြို့ရှိ ရွှေဆိုင်အချို့ ရွှေလာရောက်ရောင်းချခြင်းကိုသာ လက်ခံပြီး ၎င်းတို့ဆိုင်မှ ရွှေဝယ်ယူ၍မရဟု ဇူလိုင် ၂၆ ရက်တွင် ရွှေသွားရောက်ဝယ်ယူခဲ့သူအချို့၏ ပြောကြားချက်အရ သိရသည်။

“ဒီနေ့ ရွှေဆိုင်တော်တော်များက ရောင်းတာကို လက်ခံတယ်။ ဝယ်လို့မရဘူး။ နာမည်ကြီးရွှေဆိုင်တစ်ဆိုင်ဆိုရင် အဝယ်ဘက်ကဆိုင်ကို ပိတ်ထားတယ်။ အရောင်းဘက်က ဆိုင်ကိုပဲ ဖွင့်ထားတယ်။ အဝယ်ဘက်မှာ ဝန်ထမ်းတွေရှိပေမဲ့ တံခါးပိတ်ထားတယ်” ဟု ရွှေသွားရောက်ဝယ်ယူခဲ့သူတစ်ဦးက ပြောကြားသည်။

လက်ရှိ ရန်ကုန်မြို့ရွှေစျေး ကွက်အတွင်း၌လည်း ရွှေဆိုင်အချို့ ဆိုင်ပိတ်ထားကြောင်း သိရပြီး ရွှေအဝယ်ပြုလုပ်ခြင်း မရှိကြောင်း သိရသည်။

မန္တလေးရွှေစျေးကွက်၌လည်း ဇူလိုင် ၂၅ ရက်နှင့် ဇူလိုင် ၂၆ ရက်တို့တွင် ရွှေစျေးကွက်အတွင်း ရွှေစျေးနှုန်းဖွင့်လှစ်ခဲ့ခြင်းမရှိကြောင်း သိရသည်။

ကျပ်နှစ်သောင်းတန် ငွေစက္ကူ အသစ်ထွက်ရှိလာမှုကို အကြောင်းပြုပြီး ရွှေစျေးကစားမှုများမရှိရန် ယာယီပိတ်ထားခြင်းဟု ဇူလိုင် ၂၄ ရက်က မန္တလေးတိုင်းရွှေလုပ်ငန်း ရှင်အသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“လက်ရှိ ၂၀၀၀၀ တန် ငွေစက္ကူသစ် ထွက်ရှိလာမှုကို အကြောင်းပြုပြီး ရွှေစျေးကစားမှုများ မဖြစ်လာစေရန်အတွက် မန္တလေးအသင်း ရွှေစျေးကွက်ကို ယာယီပိတ်ထားပါတယ်။ ရွှေစျေးကို မတရားသဖြင့် စျေးတင် ရောင်းချ/ ဝယ်ယူသူများကိုလည်း သက်ဆိုင်ရာက ထိရောက်စွာ အရေးအယူဆောင်ရွက်သွားမယ်လို့ သိရှိရပါတယ်” ဟု မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အလားတူ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းကလည်း ဗဟိုဘဏ်မှ ကျပ်နှစ်သောင်းတန် ငွေစက္ကူကို ဇူလိုင် ၃၁ ရက်တွင် ထုတ်ဝေမည်ဖြစ်ကြောင်း၊ ထုတ်ဝေခြင်းနှင့်ပတ်သက်ပြီး အကြောင်းအရာ အပြည့်အစုံကိုလည်း ထုတ် ပြန်ထားပြီးဖြစ်ကြောင်း၊ ငွေစက္ကူ  ထုတ်ဝေ အသုံးပြုခြင်းနှင့်ပတ်သက် ပြီး ကောလာဟလများ လွှင့်ထုတ်၍ ကုန်စျေးနှုန်း မတည်မငြိမ် ဖြစ်စေရန်ဆောင်ရွက်ခြင်း၊ ရွှေစျေးနှုန်း တည်ငြိမ်မှုမရှိအောင် ရောင်းဝယ်ဆောင်ရွက်ခြင်းများ မပြုလုပ်ကြ ရန် ပန်ကြားအပ်ကြောင်း၊ ရွှေစျေး နှုန်းတည်ငြိမ်စေရေးအတွက် အသင်းသူအသင်းသားများ၊ ရွှေကုန် သည်များ၊ ရွှေဆိုင်များ ပူးပေါင်း ပါဝင် ဆောင်ရွက်ကြရန် မေတ္တာရပ်ခံအပ်ကြောင်း ဇူလိုင် ၂၄ ရက်က ထုတ်ပြန်ခဲ့သည်။

ဇွန်လကုန်ပိုင်းတွင် မန္တလေးတိုင်းရွှေ လုပ်ငန်းရှင်များအသင်းက ပြင်ပရွှေစျေးနှုန်းများ ဆက်တိုက် မြင့်တက်နေမှုကို ကျဆင်းစေရန် ပြင်ပပေါက်စျေးထက် လျှော့ချ ရောင်းချပေးခဲ့သည်။

ဇွန် ၁၉ ရက်မှ စတင်ကာ ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး ကျပ် သိန်းသုံးဆယ် ငါးသောင်းနှုန်းဖြင့် စတင်ရောင်းချပေးခဲ့သည်။

ယင်းနောက် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်းသုံးဆယ် သုံးသောင်းနှုန်းအထိ စျေးလျှော့ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ယင်းလပိုင်းတွင် ရွှေစျေးနှုန်းများ မြင့်တက်နေသဖြင့် မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းမှ ရွှေလုပ် ငန်းရှင်အချို့အား သက်ဆိုင်ရာက ခေါ်ယူမေးမြန်း ဆွေးနွေးမှုများ ရှိခဲ့သည်။

မန္တလေးမြို့ရှိ ရွှေလုပ်ငန်းရှင် ၁၂ ဦးအား ဇွန် ၁၅ ရက်တွင် စတင် ခေါ်ယူမေးမြန်းခဲ့ခြင်း ဖြစ်သည်။

မန္တလေးမြို့တွင် ဇွန် ၁ ရက်မှ ဇွန် ၂ ရက်အထိ ရွှေနှင့် ငွေကြေး စျေးကွက် စောင့်ကြည့်ထိန်းသိမ်း ကြပ်မတ်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ဗဟိုဘဏ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အခြားသော သက်ဆိုင်ရာအဖွဲ့အစည်းများ ပါဝင်သည့်အဖွဲ့များက မြေပြင်တွင် သွားရောက်စစ်ဆေး ခဲ့ခြင်းဖြစ်သည်။

သွင်းကုန်တင်သွင်းသူများအတွက် လိုအပ်သည့် နိုင်ငံခြားငွေကြေးကို ဖြည့်ဆည်းပေးနိုင်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေကြေးစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်က ပြောကြားသည်။

“လိုအပ်တဲ့ နိုင်ငံခြား ငွေကြေးစျေးကွက်မှာ သွင်းကုန်တင်သွင်းသူတွေအတွက် လိုအပ်တဲ့ နိုင်ငံခြားငွေ ရယူတဲ့သူတွေကိုလည်း ကျွန်တော်တို့က ဖြည့်ဆည်းပေးနိုင်တယ်။ လိုအပ်တဲ့ သွင်းကုန်တွေကိုလည်း သွင်းပေးနိုင်တာတွေ့ရပါတယ်” ဟု နိုင်ငံပိုင်မီဒီယာနှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ပြောကြားသည်။

ကျပ်နှစ်သောင်းတန်ကို အကန့်အသတ်ဖြင့် ထုတ်ဝေမည်ဖြစ်သဖြင့် ငွေကြေးဖောင်းပွမှုမဖြစ် နိုင်ကြောင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်းတွင်လည်း ငွေကြေးဖောင်းပွမှု မဖြစ်စေရန် ဗဟိုဘဏ်က စောင့်ကြည့်လျက်ရှိကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်က ဆက်လက်ပြောကြားသည်။

“နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေဖို့အတွက် အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ နေ့စဉ် နိုင်ငံခြားငွေ စီးဝင်မှု/စီးထွက်မှုကို နီးကပ်စွာ စောင့်ကြည့် စိစစ်လျက်ရှိပါတယ်။ စျေးကွက်အတွင်း နိုင်ငံခြားငွေ လိုအပ်ချက်တွေ ရှိလာရင် Financing ပေးခြင်း၊ ရောင်းချပေးခြင်းနဲ့ နိုင်ငံခြားငွေ ဝယ်ယူထိန်းသိမ်းထားတဲ့ ဘဏ်တွေကို နိုင်ငံခြားငွေ လိုအပ်တဲ့သွင်း ကုန်တင်သွင်းသူတွေနဲ့ စီးပွားရေးလုပ်ငန်းများကို ရောင်းချစေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါတယ်” ဟု ငွေကြေးစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဦးစီးဆောင်ရွက်လျက်ရှိသည့် ဘဏ်များအကြား Online နိုင်ငံခြားငွေကြေးစျေးကွက်သည် တည်ငြိမ်နေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ဗဟိုဘဏ်သည် ငွေကြေးဖောင်းပွမှု လျော့နည်းကျဆင်းစေရန်နှင့် ငွေကြေး ဖောင်းပွမှုနှုန်းကို ထိန်းချုပ်နိုင်စေရန်အတွက် ဆောင်ရွက်လျက်ရှိသော ငွေကြေးမူဝါဒသည် တိုင်းပြည်စီးပွားရေးကို ပိုမိုအထောက်အကူဖြစ်ရန်နှင့် နှစ်စဉ်လျာထားသည့် အမျိုးသား ပြည်တွင်းထုတ်ကုန် GDP ရည်မှန်းချက် နှင့်အညီ ငွေကြေးစနစ်အတွင်း ထားရှိသင့်သည့် သီးသန့်ငွေကြေး ပမာဏအားတွက်ချက်၍ သတ်မှတ်ပမာဏအတွင်း ရောက်ရှိစေရန်ဆောင်ရွက်သော ငွေကြေး မူဝါဒဘောင်ကို အဓိကထား ဆောင်ရွက်လျက်ရှိပြီး စီးပွားရေးလုပ်ငန်းများကို ပိုမိုအရှိန်မြှင့်ဆောင်ရွက်နိုင်ရန် အတိုးနှုန်းမြှင့်တင်ခြင်းထက် စီးပွားရေးစနစ်အတွင်း ထားရှိသင့်သည့် သီးသန့် ငွေကြေး ပမာဏကို အတိုး/အလျော့ပြုလုပ်နိုင်သည့် ဘဏ်များက ဗဟိုဘဏ်တွင် ထားရှိရမည့် သီးသန့်ငွေကြေးပမာဏ အချိုး မြှင့်တင်ခြင်း/ လျှော့ချခြင်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

Most Read

Most Recent