နစကဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ် တွေ့ဆုံ၍ ငြိမ်းချမ်းရေး၊ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် အွန်လိုင်းလောင်းကစားမှုများနှင့်လိမ်လည်မှုများ ပပျောက်ရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များဆွေးနွေး

နစကဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ် တွေ့ဆုံ၍ ငြိမ်းချမ်းရေး၊ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် အွန်လိုင်းလောင်းကစားမှုများနှင့်လိမ်လည်မှုများ ပပျောက်ရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များဆွေးနွေး
Published 28 July 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတိန့်ရှီးကျွင်းတို့ ဇူလိုင် ၂၈ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိမှုအတွက် နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသလို တရုတ်နိုင်ငံအနေဖြင့်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများနှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မိုခါမုန်တိုင်းကြောင့်ထိခိုက်မှုများဖြစ်ပွားချိန်တွင် တရုတ်နိုင်ငံမှအကူအညီများ ပေးခဲ့မှုအခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပတ်သက်ပြီး ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ အွန်လိုင်းလောင်းကစားမှုများနှင့် အွန်လိုင်းမှလိမ်လည်မှုများလျော့နည်းပပျောက်ရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ နစကဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တာဝန်ရှိသူများ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ်နှင့်အတူ အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသိရသည်။

Most Read

Most Recent