ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေအိမ်သို့ ပြောင်းရွှေ့ ထားသည်ဆိုသော သတင်းများနှင့်ပတ်သက်၍ ၎င်းအနေဖြင့် သိရှိခြင်းမရှိကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေအိမ်သို့ ပြောင်းရွှေ့ ထားသည်ဆိုသော သတင်းများနှင့်ပတ်သက်၍ ၎င်းအနေဖြင့် သိရှိခြင်းမရှိကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 28 July 2023

နေပြည်တော်အချုပ်ထောင်တွင် ထောင်ဒဏ်ချမှတ်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အား အချုပ်ထောင်နေအိမ်သို့ ပြောင်းရွှေ့ထားသည်ဆိုသော သတင်းများနှင့်ပတ်သက်၍ ၎င်းအနေဖြင့် သိရှိခြင်းမရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အား အချုပ်ထောင်မှ နေအိမ်သို့ ပြောင်းရွှေ့ထားသည်ဆိုသော သတင်းများနှင့်ပတ်သက်၍ မေးမြန်းမှုပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက " ဒေါ်အောင်ဆန်းစုကြည် အကြောင်း ဘာမှမသိရသေးဘူး" ဟု ပြောကြားသည်။

ဇူလိုင် ၉ ရက်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်း နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ပြီးနောက်ပိုင်းတွင် နေပြည်တော်အချုပ်ထောင်မှ ဒုတိယဝန်ကြီးအဆင့် နေထိုင်သည့် နေအိမ်တစ်လုံးသို့ ပြောင်းရွေ့ထားသည်ဆိုသော သတင်းများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ယခုရက်ပိုင်းအတွင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြောင်းလည်း သတင်းများထပ်မံထွက်ပေါ်လျက်ရှိသည်။

အလားတူ နေပြည်တော်သို့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ရောက်ရှိနေပြီး ဇူလိုင် ၂၇ ရက်က နစကအဖွဲ့ဝင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ထားသည်။

တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံနိုင်ကြောင်းလည်း သတင်းများထွက်ပေါ်နေပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။