နိုင်ငံတော်အနေဖြင့် ဘဏ္ဍာငွေလိုအပ်ချက်မရှိသကဲ့သို့ လည်ပတ်သုံးစွဲငွေများ မျှတစွာရှိနေပြီး နှစ်သောင်းတန်ငွေစက္ကူသည် အထိမ်းအမှတ်ဖြင့်ထုတ်ခဲ့ခြင်းကြောင့် ငွေကြေးဖောင်းပွမှု လုံးဝဖြစ်မည်မဟုတ်ကြောင်းနှင့် စီးပွားရေး ကမောက်ကမ ဖြစ်စေရန် နိုင်ငံရေးတိုက်ခိုက်မှုသာဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

နိုင်ငံတော်အနေဖြင့် ဘဏ္ဍာငွေလိုအပ်ချက်မရှိသကဲ့သို့ လည်ပတ်သုံးစွဲငွေများ မျှတစွာရှိနေပြီး နှစ်သောင်းတန်ငွေစက္ကူသည် အထိမ်းအမှတ်ဖြင့်ထုတ်ခဲ့ခြင်းကြောင့် ငွေကြေးဖောင်းပွမှု လုံးဝဖြစ်မည်မဟုတ်ကြောင်းနှင့် စီးပွားရေး ကမောက်ကမ ဖြစ်စေရန် နိုင်ငံရေးတိုက်ခိုက်မှုသာဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား
Published 27 July 2023

နိုင်ငံတော်အနေဖြင့် ဘဏ္ဍာငွေလိုအပ်ချက်မရှိသကဲ့သို့ လည်ပတ်သုံးစွဲငွေများ မျှတစွာရှိနေပြီး နှစ်သောင်းတန် ငွေစက္ကူသည် အထိမ်းအမှတ်ဖြင့်ထုတ်ခဲ့ခြင်းကြောင့် ငွေကြေးဖောင်းပွမှုလုံးဝဖြစ်မည် မဟုတ်ကြောင်းနှင့် စီးပွားရေးကမောက်ကမဖြစ်စေရန် နိုင်ငံရေးတိုက်ခိုက်မှုသာဖြစ်ကြောင်း စီးပွားရေးရာကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဇူလိုင် ၂၆ ရက်ကကျင်းပသည့် စီးပွားရေးရာကော်မတီအစည်းအဝေး အမှတ်စဉ် (၆/၂၀၂၃)တွင် နစကဥက္ကဋ္ဌကထိုသို့ထည့် သွင်းပြောကြားခြင်းဖြစ်သည်။

နစကဥက္ကဋ္ဌက ဝန်ကြီးဌာနများမှ ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းလည်ပတ်မှုများ အပြည့်အဝလည်ပတ်နိုင်ရေး စီမံဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်အစိုးရမှဆောင်ရွက် နေသည့်လုပ်ငန်းများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုအတွက် အထောက်အကူပြုသည့် လုပ်ငန်းများဖြစ် သဖြင့် လုပ်ငန်းများအားလုံး ဝင်ငွေနှင့်ထွက်ငွေ ညီမျှနေရေး စနစ်တကျဖြင့်အောင်မြင်အောင် ဆောင်ရွက်နေရန်လိုကြောင်း ပြောကြားသည်။

ထို့ပြင် အသစ်ထုတ်ပြန်လိုက်သည့် နှစ်သောင်းတန်ငွေစက္ကူထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ အကန့်အသတ်ဖြင့်သာထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ဘဏ္ဍာငွေလိုအပ်ချက်မရှိသကဲ့သို့ နိုင်ငံအတွင်း လည်ပတ်သုံးစွဲငွေများ မျှတစွာဖြင့်ရှိနေကြောင်း၊ အဆိုပါနှစ်သောင်းတန် ထုတ်လုပ်ခြင်းသည် အထိမ်းအမှတ်အဖြစ် ထုတ်ခဲ့ခြင်းသာဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံအတွင်း ငွေကြေးလည်ပတ်မှုအနေဖြင့်ပုံမှန်အ ခြေအနေသို့ပြန်လည် ရောက်ရှိနေပြီဖြစ်ပြီး ဘဏ်များ၌ငွေကြေးအပ်နှံမှုများ များစွာရှိကြောင်း၊ ယခုကဲ့သို့နှစ်သောင်းတန် ငွေစက္ကူထုတ်ခဲ့ခြင်းကြောင့် ငွေကြေးဖောင်းပွမှုလုံးဝ ဖြစ်ပေါ်စေမည်မဟုတ်ကြောင်း၊ စီးပွားရေးအရ ကမောက်ကမဖြစ်စေရန်အတွက် နိုင်ငံရေးအရ တိုက်ခိုက်မှုသာဖြစ်ကြောင်း၊ အစိုးရ၏ စီးပွားရေးလုပ်ငန်းများသည် အမြတ်အစွန်းထက် တိုင်းပြည်ဖွံ့ဖြိုးရေးကို အထောက် အကူဖြစ်စေရန်ဖြစ်ကြောင်း၊ အရှုံးပေါ်နေခြင်းလည်းမဖြစ်သင့်ကြောင်း၊  မိမိတို့ စီးပွားရေးရာကော်မတီသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အရေးကြီးသည့် ကဏ္ဍတွင်ရှိပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အာရုံစိုက်ဆောင်ရွက်ကြစေလိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် တိုင်းပြည်အကျိုးကိုကြည့်၍ ဆောင်ရွက်ကြစေလိုကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ထို့အတူ လုပ်ငန်းများဆောင်ရွက်ရာတွင် အမှန်အတိုင်းဖြစ်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ ရာဘာစိုက်ပျိုးရာမှ ထွက်ရှိလာသည့် ရာဘာကုန်ကြမ်းများကို အဆင့်မြှင့်တင်နိုင်မည်ဆိုပါက ဝင်ငွေပိုမိုရရှိမည် ဖြစ်ကြောင်း၊ စပါးခွံဓာတ်ငွေ့လောင်စာသုံး လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းသည် မိမိတို့ နိုင်ငံအနေဖြင့် ဆောင်ရွက်သင့်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လုပ်ငန်းတစ်ခု ဖြစ်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ အ နေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်စေလိုကြောင်း၊ ကုန်သွယ်မှုနှင့်ပတ်သက်၍ ကုန်ထုတ်လုပ်မှုများရှိမှသာ ပို့ကုန်များရရှိမည်ဖြစ်သဖြင့် ကုန်ထုတ်လုပ်မှုများ မြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ပြည်ပစျေးကွက်ရရှိရေးအတွက် နိုင်ငံတကာစျေးကွက်ကို အမြဲမပြတ် သုတေသနပြု ဆောင်ရွက်နေရန်လိုကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။