တရုတ်နိုင်ငံအနေဖြင့် သီလဝါအထူးစီးပွားရေးဇုန်တွင် စွမ်းအင်သစ်သုံးမော်တော်ယာဉ် ထုတ်လုပ်တပ်ဆင်သည့် စက်ရုံများတည်ထောင်၍ လာရောက်ရင်းနှီးမြှုပ်နှံရန် မြန်မာကောင်စစ်ဝန်ချုပ် ဖိတ်ခေါ်

တရုတ်နိုင်ငံအနေဖြင့် သီလဝါအထူးစီးပွားရေးဇုန်တွင် စွမ်းအင်သစ်သုံးမော်တော်ယာဉ် ထုတ်လုပ်တပ်ဆင်သည့် စက်ရုံများတည်ထောင်၍ လာရောက်ရင်းနှီးမြှုပ်နှံရန် မြန်မာကောင်စစ်ဝန်ချုပ် ဖိတ်ခေါ်
Published 25 July 2023

တရုတ်နိုင်ငံအနေဖြင့် သီလဝါအထူးစီးပွားရေးဇုန်တွင် စွမ်းအင်သစ်သုံးမော်တော်ယာဉ် ထုတ်လုပ်တပ်ဆင်သည့်စက်ရုံများ တည်ထောင်၍ လာရောက်ရင်းနှီးမြှုပ်နှံရန် တရုတ်နိုင်ငံ နန်နင်းမြို့ အခြေစိုက်မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းက ဖိတ်ခေါ်လိုက်ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၄ ရက် နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွင် မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းနှင့် Guangxi Institute of Science and Technology မှ ညွှန်ကြားရေးမှူး Ms.Cai Xuping တို့ တွေ့ဆုံရာတွင် မြန်မာကောင်စစ်ဝန်ချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် Ms.Cai Xuping က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ကွမ်ရှီးဒေသ၊ လျှိုကျိုးမြို့၌ ကျင်းပမည့် (၃) ကြိမ်မြောက် China-ASEAN Standardization Cooperation Forum သို့ ကောင်စစ်ဝန်ချုပ်အပါအဝင် မြန်မာနိုင်ငံမှ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ရန် ဖိတ်ကြားလိုသည်ဟု ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ကောင်စစ်ဝန်ချုပ်က ဖိုရမ်၌ ဆွေးနွေးမည့် ခေါင်းစဉ်များအနက် “စွမ်းအင်သစ်သုံး မော်တော်ယာဉ်” ခေါင်းစဉ်တွင် လာရောက်လေ့လာနိုင်ရန် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်တက်ရောက်စေလိုကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံမှ လျှပ်စစ်သုံးမော်တော်ယာဉ်များ အများဆုံးတင်သွင်းလျက်ရှိပြီး လျှိုကျိုးမြို့သည် လျှပ်စစ်သုံးမော်တော်ယာဉ် အဓိကထုတ်လုပ်သည့် မြို့တစ်မြို့ဖြစ်ရာ ထိုသို့လာရောက်လေ့လာနိုင်ခြင်းဖြင့် နှစ်ဖက်လုပ်ငန်းရှင်များအကြား လုပ်ငန်းချိတ်ဆက်မှုများရရှိကာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်မည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံရှိ သီလဝါအထူးစီးပွားရေးဇုန်၌လည်း စွမ်းအင်သစ်သုံးမော်တော်ယာဉ် ထုတ်လုပ်တပ်ဆင်သည့် စက်ရုံများ တည်ထောင်၍ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

မြန်မာကောင်စစ်ဝန်ချုပ်၏ ပြောကြားမှုအပေါ် Ms.Cai Xuping က မြန်မာကိုယ်စားလှယ်အဖွဲ့ လျှိုကျိုးမြို့တွင် “စွမ်းအင်သစ်သုံးမော်တော်ယာဉ်” ထုတ်လုပ်သည့်စက်ရုံသို့ သွားရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် “စွမ်းအင်သစ်သုံးမော်တော်ယာဉ်” နှင့် ဆက်စပ်သည့် ဖိုရမ်တစ်ခုကိုလည်း စီစဉ်သွားမည်ဟု ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။