မေ ၁၄ ရက် အထွေထွေရွေးကောက်ပွဲအပြီး နှစ်လကျော်ကြာသည်အထိ နိုင်ငံရေးအရ မတိုးသာမဆုတ်သာ ဖြစ်နေမှုကို ကျော်လွှား၍ ပြီးခဲ့သည့်တစ်ကြိမ်က အထမမြောက်ခဲ့သည့် ဝန်ကြီးချုပ်သစ်ရွေးချယ်တင်မြှောက် မှုကို ပြီးမြောက်အောင် လုပ်ဆောင်ရန်အတွက် ဇူလိုင် ၁၉ ရက်တွင် ထိုင်းပါလီမန်က အစည်းအဝေး ကျင်းပခဲ့သည်။ ယင်းတစ်ကြိမ်တွင်လည်း ဝန်ကြီးချုပ်သစ်ကို တင်မြှောက်နိုင်ခဲ့ခြင်း မရှိပေ။
ယင်းသည် ဇူလိုင် ၁၃ ရက်က ပထမအ ကြိမ်ကြိုးပမ်းမှုမအောင်မြင်ခဲ့ပြီးနောက် Move Forward (ရှေ့သို့ချီ) ပါတီခေါင်းဆောင် ပီတာလင်ဂျာရွန်ရတ်အဖို့ ဝန်ကြီးချုပ်ရာထူးအတွက် ဒုတိယအကြိမ်နှင့် နောက်ဆုံးအကြိမ် ကြိုးပမ်းမှုဟု ဆိုရပေမည်။ သို့သော် ပါလီမန်အစည်းအဝေးပြီးဆုံးသွားသည့်တိုင် ပီတာသည် ဒုတိယအကြိမ် ကြိုးစားခွင့်ပင် မရလိုက်ဘဲ လွှတ်တော်အစည်းအဝေးခန်းမမှ ထွက်ခွာခဲ့ရသည်။
ဝန်ကြီးချုပ်နေရာအတွက် အဆိုပြုခြင်းသည် ပါလီမန်အစည်းအဝေး တစ်ကြိမ်တွင်မအောင်မြင်ခဲ့ပါက နောက်တစ်ကြိမ် အဆိုပြုခွင့်မရှိသည့် ပါလီမန်အဆိုပြုချက်ဖြစ်သည်ဟု အကြောင်းပြလျက် အထက်လွှတ်တော် အမတ်များနှင့် ရှေးရိုးစွဲဝါဒီလွှတ်တော်အမတ်များက ပီတာအား ဝန်ကြီးချုပ်အဖြစ် ထပ်မံအဆိုပြုခြင်းကို အပြင်းအထန် ဆန့်ကျင်ကာ မဲခွဲဆုံးဖြတ်မှုကို အချိန်ရွှေ့ဆိုင်းခဲ့သည်။ နောက်ထပ်ခုနစ်နာရီအကြာတွင် ပြုလုပ် သည့် သီးခြားမဲခွဲဆုံးဖြတ်မှု တစ်ရပ်တွင် ပီတာအား ထပ်မံအဆိုပြုခြင်းကို တရားမဝင်ဟု သတ်မှတ်ခဲ့သည်။
အချိန်ကိုက်အနေဖြင့် ထိုနေ့တွင်ပင် ရွေးကောက်ပွဲစည်းကမ်းချက်များကို ချိုးဖောက်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ထိုင်းဖွဲ့စည်းပုံခုံရုံးက ပီတာကို လွှတ်တော်အမတ် အဖြစ်မှချက်ချင်း ဆိုင်းငံ့ခဲ့သည်။
ထိုင်းပါလီမန်သည် ဇူလိုင် ၂၇ ရက်တွင် ဝန်ကြီးချုပ်ရာထူးနှင့်ပတ်သက်၍ နောက်တစ်ကြိမ် မဲခွဲဆုံးဖြတ်သွားမည်ဖြစ်သည်။ သို့သော်နောက်တက်မည့် အစိုးရသစ်တွင် Move Forward ပါတီ ပါဝင်ခြင်းကို ရှေးရိုးဝါဒီများက ဆန့်ကျင်ကန့်ကွက်နေဆဲဖြစ်သည့်အတွက် လာမည့်မဲခွဲဆုံးဖြတ်မှုတွင် အဆိုပြုမည့် ဝန်ကြီးချုပ်သစ်၏ အလားအလာကိုလည်း သက်ရောက်မှုများ ရှိနေဦးမည်ဖြစ်သည်။
ပီတာအတွက် လမ်းဆုံး မဟုတ်သေး
လွှတ်တော်မှ ရုတ်ခြည်းဖယ်ထုတ်ခံရခြင်းကြောင့် ပီတာအနေဖြင့် ယခုတစ်ကြိမ် လွှတ်တော်အစည်းအဝေးတွင် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံနိုင်ဖွယ် မရှိတော့ပေ။
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဝန်ကြီးချုပ်လောင်းသည် လွှတ်တော်အမတ်ဖြစ်ရန် မလိုအပ်သည့်အတွက် အမတ်အဖြစ်မှ ဆိုင်းငံ့ခံထားရသည့် ပီတာအား ဝန်ကြီးချုပ်နေရာအတွက် ထပ်မံကြိုးစားခြင်းကို တားမြစ်ထား ခြင်း မရှိပေ။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ကိုယ်စားလှယ်လောင်းတစ်ဦး ဝန်ကြီးချုပ်ရာထူးအတွက် အဆိုပြုခွင့်ရှိသည့် အကြိမ်အရေအတွက်ကို တိတိကျကျ ကန့်သတ်ထားခြင်း မရှိသော်လည်း အထက်လွှတ်တော် အမတ်များနှင့် ရှေးရိုးစွဲဝါဒီ လွှတ်တော်အမတ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုရာဆွဲ၍ အဓိပ္ပာယ်ကောက်ယူကာ လွှတ်တော်အဆိုပြုချက်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ယင်းသည် ရှေးရိုးစွဲ အထက်တန်းလွှာများနှင့် အင်စတီကျူးရှင်းများက အပြင်းအထန် ရပ်တည်ကာကွယ်မည့် အစဉ်အလာတစ်ခုကို ချမှတ်သကဲ့သို့ ဖြစ်လာနိုင်ပြီး အခြားသော ဝန်ကြီးချုပ်ဖြစ်ရန် မျှော်လင့်နေသူများ၏ ရည်မှန်းချက်ကို ချိုးဖျက်ရာတွင်လည်း လက်နက်သဖွယ် အသုံးချလာနိုင်သည်။
သို့သော်ငြားလည်း ပီတာသည် တရားဝင်လွှတ်တော်အမတ် အဖြစ်လည်းကောင်း၊ ၂၀၂၀ ခုနှစ်တွင် ဖျက်သိမ်းခံခဲ့ရသည့် Move Forward (အနာဂတ်ရှေ့သို့ချီ)ပါတီခေါင်း ဆောင်ထာနာသွန်း ဟွန်ဂရွန်ဂရုန်ကစ် ကဲ့သို့ ပါတီကို နောက်ကွယ်မှဦးဆောင်၍လည်းကောင်း၊ နိုင်ငံရေးလောကတွင် အရေးပါသည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွား ဖွယ်ရှိသည်။
Move Forward ပါတီအနေဖြင့် ပါတီအလုပ်အမှုဆောင်များကို နိုင်ငံရေးလောကမှ ၁၀ နှစ်ကြာ ပိတ်ပင်ခံခဲ့ရသည့် Move Forward ပါတီ၏ အဖြစ်မျိုးကို ရှောင်လွှဲနိုင်မည်ဆိုလျှင် ပီတာသည် အစောဆုံးအနေ ဖြင့် လာမည့်နှစ်တွင်ပြန်လည်ထွန်းတောက်လာနိုင်သည်။ အဘယ်ကြောင့်ဆိုသော် စစ်တပ်က ရွေးချယ်တင်မြှောက်ထားသော အထက်လွှတ်တော်သည် ၂၀၂၄ ခုနှစ် မေလတွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည့်အလျောက် အောက်လွှတ်တော်နှင့်အတူ ဝန်ကြီးချုပ်ကို မဲပေးဆုံးဖြတ်နိုင်မည့် ၎င်းတို့၏ အခွင့်အာဏာသည်လည်း အဆုံးသတ်သွားမည်ဖြစ်သည်။
ဖြူထိုင်းပါတီ ထွန်းတောက်လာချိန်လော
ဇူလိုင် ၂၇ ရက်တွင် ပြုလုပ်မည့် နောက်တစ်ကြိမ် မဲခွဲဆုံးဖြတ်မှုအတွက် ဝန်ကြီးချုပ်လောင်း အဆိုပြုရာတွင် မိတ်ဖက်ညွန့်ပေါင်း ပါတီဖြူထိုင်းအပေါ် အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ ပီတာကလည်း ဇူလိုင် ၁၉ ရက်တွင် ဝန်ကြီးချုပ်ရာထူးအတွက် ထောက်ခံမဲ လုံလုံလောက်လောက်မရရှိခဲ့လျှင် အစိုးရသစ် ဖွဲ့ရေးအတွက် ဖြူထိုင်းပါတီကို ဦးဆောင်ခွင့်ပေးမည်ဟု ပြောဆိုထားသည်။
သို့ဖြစ်ရာ ထိုတာဝန်သည် ဖြူထိုင်းပါတီမှ အိမ်ခြံမြေလုပ်ငန်းရှင်သူဌေး ဆရီထာထာဝီဆင်း သို့မဟုတ် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ အငယ်ဆုံးသမီး ပါအယ်ထုံထန် ရှင်နာဝပ်အတွက် ဖြစ်လာပေ လိမ့်မည်။
အသက် ၆၀ အရွယ် ဖြူထိုင်းပါတီ ကိုယ်စားလှယ်လောင်း ဆရီထာ ထာဝီဆင်းသည် ထိုင်းနိုင်ငံရေး အခင်းအကျင်းတွင် မျက်နှာသစ်တစ်ဦးအဖြစ် မမျှော်လင့်ဘဲ လူကြိုက်များမှုရရှိခဲ့ပြီး မဲဆွယ်စည်းရုံးရေး ကာလတွင် ငယ်ရွယ်သည့် မဲဆန္ဒရှင်များကို ဆွဲဆောင်နိုင်ခဲ့သည်။
အသက် ၃၆ နှစ်အရွယ် ဖြူထိုင်းပါတီ ကိုယ်စားလှယ်လောင်း ပါအယ်ထုံထန်ရှင်နာဝပ်သည်လည်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတစ်လျှောက်လုံးတွင် စိတ်လှုပ်ရှားဖွယ်ကောင်းလောက်အောင် ပါးနပ်လိမ္မာစွာ စည်းရုံးဟောပြောနိုင်သူဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပြီး မဲဆန္ဒရှင်အများအပြားကို ဆွဲဆောင်နိုင်ခဲ့ကာ သက်ဆင်မိသားစု၏ နိုင်ငံရေးအမွေကို ဆက်ခံခဲ့သည်။
သို့သော် ၎င်းတို့နှစ်ဦးစလုံးသည် ဖြူထိုင်းပါတီ သို့မဟုတ် အတိုက်အခံ အင်အားစုတစ်ရပ်လုံးကို အောင်မြင်မှု လမ်းကြောင်းပေါ်သို့ ခေါ်ဆောင်နိုင်လိမ့်မည်ဟူသော အာမခံချက်မရှိပေ။ Move Forward ပါတီ ဘက်က တော်ဝင်အသရေဖျက်မှုဥပဒေ ပြင်ဆင်ရေးကတိကို ရုပ်သိမ်းမည်ဟု သဘောတူညီခဲ့လျှင်ပင် ရှေးရိုးစွဲဝါဒီအုပ်စုသည် ဖြူထိုင်းပါတီမှ အဆိုပြုသည့် ကိုယ်စားလှယ်လောင်းကို ထောက်ခံပေးရန် အပြန်အလှန်အနေဖြင့် Move Forward ပါတီကို ညွန့်ပေါင်းအစိုးရမှ ချန်လှပ်ရန် တောင်းဆိုလာနိုင်သည်။
Move Forward ပါတီကို ဖယ်ထုတ်လိုက်မည်ဆိုလျှင် ဖြူထိုင်းပါတီအဖို့ လူများစုအစိုးရဖွဲ့နိုင်ရန် တစ်ခုတည်းသော ဖြစ်နိုင်ဖွယ်နည်းလမ်းမှာ လက်ရှိအာဏာရ ညွန့်ပေါင်းပါတီများနှင့် ပူးပေါင်းရန်ပင်ဖြစ်သည်။ ဖွဲ့စည်းပုံခုံရုံးသည် ဖြူထိုင်းပါတီကို ချောင်ပိတ်မိစေရန် Move Forward ပါတီကို တရားဝင်ဖျက်သိမ်းဖွယ် ရှိသည်။
နောက်ဆုံးတွင် ဖြူထိုင်းသည် လက်ရှိအာဏာရထားသည့် ညွန့်ပေါင်းပါတီများနှင့် ပူးပေါင်းရဖွယ်ရှိပြီး လက်ရှိ ရာထူးအာဏာနှင့် Move Forward ပါတီ ဖျက်သိမ်းခံရခြင်းတို့သည် ၂၀၂၇ ခုနှစ်တွင် ကျင်းပရန်ရှိသည့် လာမည့်ရွေးကောက်ပွဲတွင် ဒီမိုကရေစီလိုလားသော အခြားပါတီများအပေါ် ပြတ်ပြတ်သားသား အသာစီးယူရန် မျှော်လင့်နိုင်မည် ဖြစ်သည်။
လူနည်းစုအစိုးရ
ဖြူထိုင်းပါတီက တိုးတက်ပြောင်းလဲရေးဝါဒီ မဲဆန္ဒရှင်များကြောင့် အာဏာရညွန့်ပေါင်းပါတီများနှင့် လက်တွဲရန် တွင်တွင် ငြင်းဆိုနေမည်ဆိုလျှင် နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုမှာ လက်ရှိညွန့်ပေါင်းပါတီများဖြင့် ဖွဲ့စည်းထားသည့် လူနည်းစုအစိုးရတစ်ရပ် ပေါ်ပေါက်လာနိုင်ခြင်းဖြစ်သည်။
အထက်လွှတ်တော်အမတ်များသည် ၂၀၂၄ ခုနှစ် မေလ၌ ရာထူးသက်တမ်းမကုန်ဆုံးမီတွင် လက်ရှိ ညွန့်ပေါင်းအစိုးရကို နောက်ဆုံးအကြိမ် ကူညီပံ့ပိုးသည့်အနေဖြင့် အိမ်စောင့်အစိုးရ ဒုတိယဝန်ကြီးချုပ်နှင့် ပြီးခဲ့သည့် အာဏာသိမ်းမှုကို ပူးပေါင်းကြံစည်သူဖြစ်သည့် ပရာဝစ်ဝေါင်ဆူဝမ်ကို ဝန်ကြီးချုပ်ရာထူးအတွက် ထောက်ခံချက်ပေးနိုင်သည်။
ပရာဝစ်အစိုးရ၏ ရေရှည်ရပ်တည်နိုင်စွမ်းကို လျှော့တွက်မိပါက အမြော်အမြင်နည်းရာ ကျပေလိမ့်မည်။ ပီတာ၏ ဝန်ကြီးချုပ်ဖြစ်ရန် ကြိုးပမ်းမှုကို ဟန့်တားပိတ်ပင်ခဲ့သည့် အင်စတီကျူးရှင်းများသည် လူနည်းစုအစိုးရ၏ သက်တမ်းကို ဆွဲဆန့်နိုင်အောင် ဖန်တီးလုပ်ဆောင်လာနိုင်သည်။
ယင်းသည် ပြည်ပမှရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းများကို ဆွဲဆောင်မှု နည်းပါးသွားလိမ့်မည်ဖြစ်သည်။ အယုံအကြည် မရှိအဆို တင်သွင်းခံရနိုင်သည့် အခြေအနေကြောင့် ပါလီမန်သည် ထောင်ချောက်သဖွယ် ဖြစ်နေသည့်အတွက် လွှတ်တော်မှတစ်ဆင့် လုပ်ဆောင်ချက်များကို ရှောင်ကွင်းကာ မူဝါဒချမှတ်ရာတွင် အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့၏ ဆုံးဖြတ်ပိုင်ခွင့်ကိုသာ အားပြု သွားဖွယ်ရှိသည်။
သို့ဖြစ်ရာ ထိုင်းမဲဆန္ဒရှင်များက စစ်တပ်၏အုပ်စိုးမှုကို ငြင်းပယ်ခဲ့သည့်တိုင်အောင် အပြောင်းအလဲ ဖြစ်ပေါ်လာမည့်အစား နိုင်ငံရေးလစ်ဟာမှု အခြေအနေတစ်ရပ်က ၎င်းတို့အရှေ့မှ စောင့်ကြိုနေဖွယ်ရှိသည်။
Ref: CNA










