အထင်ကရ အမေရိကန်အဆိုတော် တိုနီဘန်းနက် အသက် ၉၆ နှစ်အရွယ်တွင် ကွယ်လွန်

အထင်ကရ အမေရိကန်အဆိုတော် တိုနီဘန်းနက် အသက် ၉၆ နှစ်အရွယ်တွင် ကွယ်လွန်
Published 22 July 2023

အသက် ၉၆ နှစ်အရွယ် အထင်ကရ အမေရိကန်အဆိုတော် တိုနီဘန်းနက်က ဇူလိုင် ၂၁ ရက်တွင် ကွယ်လွန်ခဲ့သည်ဟု ၎င်း၏  Twitter အကောင့်တွင် ထုတ်ပြန်ခဲ့သည်။

တိုနီသည် မသေဆုံးမီ ရက်အနည်းငယ်အလိုတွင် ၎င်း၏စန္ဒယားဖြင့် သီချင်းသီဆိုခဲ့သည်ဟု ၎င်း၏ပြောရေးဆိုခွင့်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့သည်။

တိုနီ၏ Twitter အကောင့်တွင် တင်ထားသော ထုတ်ပြန်ချက်၌ “တိုနီဟာ ဇူလိုင် ၂၁ ရက်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ ဒါပေမဲ့ သူဟာမကွယ်လွန်ခင် ရက်ပိုင်းအလိုမှာ သူ့ရဲ့စန္ဒယားနဲ့ သီချင်းတွေကို သီဆိုနေခဲ့ပြီး သူနောက်ဆုံးသီဆိုခဲ့တဲ့သီချင်းကတော့ Because of You သီချင်းဖြစ်ပါတယ်” ဟု ဖော်ပြခဲ့သည်။

“တိုနီရဲ့ Because of You သီချင်းဟာ ကျွန်တော်တို့ နှလုံးသားထဲမှာ အမြဲတမ်းစွဲမြဲနေတဲ့ သီချင်းဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုနီကွယ်လွန်မှုနှင့်ပတ်သက်၍ လူမှုမီဒီယာတွင် ဝမ်းနည်းကြောင်း ဖော်ပြခဲ့သူများ၌ ဆာအဲတန်ဂျွန်၊ ကာရိုးလ်ကင်းနဲ့ ဟီလာရီကလင်တန်တို့လည်း ပါဝင်ခဲ့သည်။

တိုနီသည် The Way You Look Tonight၊ Body and Soul နှင့် I Left My Heart San Franciso အစရှိသည့် သီချင်းများဖြင့် လူသိများထင်ရှားခဲ့သည်။

သူသည် လေဒီဂါဂါ၊ အရီသာဖရန်ကလင်းနှင့် ဖရန့်ဆီနာထရာကဲ့သို့ နာမည်ကျော်အဆိုတော်များဖြင့် သီချင်းများပူးပေါင်းသီဆိုခဲ့သည်။

နှစ်ပေါင်း ၈၀ ကြာမြင့်သည့် ၎င်း၏အနုပညာသက်တမ်းအတွင်း တိုနီသည် အယ်လ်ဘမ်ပေါင်း သန်းချီရောင်းချနိုင်ခဲ့ပြီး တစ်သက်တာအောင်မြင်မှုဆုအပါအဝင် ဂရမ်မီဆုပေါင်း ၂၀ ရရှိခဲ့သည်။

တိုနီ၏သေဆုံးမှုကို ၎င်း၏ပြောရေးဆိုခွင့်ရှိသူ ဆယ်ဗီယာဝိုင်နာက အေပီသတင်းဌာနကို အတည်ပြုခဲ့သည်။

တိုနီသည် ၎င်း၏မွေးရပ်မြေဖြစ်သည့် နယူးယောက်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်ဟု ၀ိုင်နာက ပြောကြားခဲ့သော်လည်း သေဆုံးရသည့် အကြောင်းအရင်းအတိအကျကိုမူ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။ သို့သော်တိုနီသည် ၂၀၁၆ ခုနှစ်တွင် အယ်ဇိုင်းမားရောဂါ ခံစားခဲ့သည်။

“တိုနီဟာ ဂန္ထဝင်သီချင်းတွေကို သီဆိုရုံသာမက သူကိုယ်တိုင်ကလည်း အမေရိကန်ဂန္ထဝင်တစ်ဦးဖြစ်ပြီး အမေရိကန်ဘဝအတွက် သူ့ရဲ့တည်မြဲသောပံ့ပိုးမှုကို ဂုဏ်ပြုပါတယ်” ဟု အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။