မြောက်ပိုင်းတိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင် တာဝန်မှ အနားပေးခံရပြီး တိုင်းမှူးအပြောင်းအလဲဖြစ်ဟု သတင်းထွက်ပေါ်

မြောက်ပိုင်းတိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင် တာဝန်မှ အနားပေးခံရပြီး တိုင်းမှူးအပြောင်းအလဲဖြစ်ဟု သတင်းထွက်ပေါ်
Published 22 July 2023

ကချင်ပြည်နယ်အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာချုပ်၏ တိုင်းမှူးနေရာ အပြောင်းအလဲဖြစ်ခဲ့ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် တာဝန်ယူထားသည့် ဗိုလ်ချုပ်ကိုကိုမောင်၏ နေရာတွင် ဗိုလ်ချုပ် စိုးလှိုင်အား ခန့်အပ်လိုက်ကြောင်း သတင်းများထွက်ပေါ်နေသည်။

မြောက်ပိုင်းတိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်အပါအဝင် မြောက်ပိုင်းတိုင်းစစ်ဌာချုပ်မှ အရာရှိကြီးအချို့ စစ်ဆေးခံနေရကြောင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သတင်းထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ ဗိုလ်ချုပ်ကိုကိုမောင် တာဝန်မှ အနားပေးခံရသည့် သတင်းထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။

မြောက်ပိုင်းတိုင်းစစ်ဌာချုပ်တိုင်းမှူး အသစ်အဖြစ် ခန့်အပ်ခံရသည့် ဗိုလ်ချုပ်စိုးလှိုင်သည် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးတာဝန်မှ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် ပြောင်းရွှေ့ခန့်အပ်ခံရခြင်းဖြစ်ကြောင်း ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

ထို့ပြင် ဇူလိုင် ၂၁ ရက်ကလည်း တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်နီလင်းအောင်အား ဒုတိယဗိုလ်ချုပ်ကြီးအဆင့်သို့ တိုးမြှင့်ခန့်အပ်ကာ ၎င်းကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရဲချုပ်တာဝန်ကို ပူးတွဲတာဝန်ပေးခန့်အပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်သည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရဲချုပ်ဖြစ်သူ ဗိုလ်ချုပ်ဇင်မင်းထက်ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဇူလိုင် ၂၁ ရက်တွင် ပြောင်းလဲခန့်အပ်တာဝန်ပေးခဲ့သည်။

ထို့အတူ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌရုံး ဒုတိယဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့သည်။