စက်မှုဇုန်များနှင့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများမှ ထုတ်လုပ်သည့် ထုတ်ကုန်များကို ကုန်သွယ်ခွန် လျှော့ချကောက်ခံပေးရန် ညှိနှိုင်းဆောင်ရွက်နေ

စက်မှုဇုန်များနှင့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများမှ ထုတ်လုပ်သည့် ထုတ်ကုန်များကို ကုန်သွယ်ခွန် လျှော့ချကောက်ခံပေးရန် ညှိနှိုင်းဆောင်ရွက်နေ
Published 22 July 2023

စက်မှုဇုန်များနှင့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများမှ ထုတ်လုပ်သည့် ထုတ်ကုန်များကို ကုန်သွယ်ခွန်  လျှော့ချကောက်ခံပေးရန် ညှိနှိုင်း​ဆောင်ရွက်နေကြောင်း ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောကြားခဲ့သည်။

ကုန်သည်စက်မှုအသင်းချုပ်၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေး ( ဗ-၃/၂၂-၂၅) ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂၀ ရက် မွန်းလွဲပိုင်းတွင် ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပခဲ့ရာ အသင်းချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ စီမံခန့်ခွဲရေးကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင်  “ဗဟိုအလုပ် အမှုဆောင်အစည်းအဝေးများကို အစဉ်အလာအတိုင်း လစဉ်မပျက်မကွက် ကျင်းပဆောင်ရွက်လိုပါကြောင်း၊ အစည်းအဝေးများ ကျင်းပပြုလုပ်ရာတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့များအနေဖြင့် စုံစုံလင်လင် တက်ရောက်ခြင်းအားဖြင့် အသင်းဆောင်ရွက်နိုင်မှု အားကောင်းစေကြောင်း၊ အစည်းအဝေး တက်ရောက်သူများအတွက် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း အကျိုးရှိစေလိုပါကြောင်း၊ မိမိတို့၏တန်ဖိုးရှိသည့် အချိန်များကိုပေး၍ တက်ရောက်လာကြသည့်အတွက် ထိထိရောက်ရောက်နှင့် ရလဒ်ကောင်းများ ရရှိစေလိုပါကြောင်း၊ စီးပွားရေးကဏ္ဍ၏ လက်တွေ့ မြေပြင်အခြေအနေများ၊ အခက်အခဲများ တင်ပြရာမှာ သက်ဆိုင်ရာ အသင်းများအလိုက်၊ လုပ်ငန်းကဏ္ဍအလိုက် ဖြေရှင်းနိုင် မည့်နည်းလမ်းများပါ ကြိုတင်ပြင်ဆင်ထားစေလိုပါကြောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍကို အားကောင်းစွာ ကိုယ်စားပြုသည့် အသင်းများ ထွက်ပေါ်စေလိုကြောင်း၊ အသင်းချုပ်မှလည်း ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း၊ စက်မှုဇုန်များနှင့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများမှ ထုတ်လုပ်သည့် ထုတ်ကုန်များကို ကုန်သွယ်ခွန်လျှော့ချကောက်ခံပေးရန် ညှိနှိုင်း​ဆောင်ရွက်နေပါကြောင်း၊ လုပ်ငန်းကော်မတီများအားလုံးကလည်း သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝဖြင့် တာဝန်ခွဲဝေဆောင်ရွက်စေလိုပါကြောင်း၊ လုပ်ငန်းများ လုပ်ဆောင်ရာတွင် အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်ရန်လိုသည့်အပြင် လက်ရှိမူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် ချိန်ဆပြီးလုပ်ရသည်ဖြစ်သည့်အတွက် လိုအပ်ချက်များရှိလျှင် နားလည်ပေးစေလိုပါကြောင်း၊ အသင်းအဖွဲ့များ အနေဖြင့် ပုဂ္ဂလိကကဏ္ဍကို ကိုယ်စားပြုလုပ်ဆောင်ရာတွင် အများအကျိုးအတွက် တူညီသည့် ရပ်တည်ချက်များရှိရန် လိုအပ်ပါကြောင်းနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားခြင်းဖြင့် ရလဒ်ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အမှာစာကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များက အသင်းသားရေးရာနှင့် ညီနောင်အသင်းသတ်မှတ်ချက်များ၊  အလိုအလျောက် အလုပ်အမှုဆောင်ဖြစ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပို့ကုန်တိုးမြှင့်ရေး၊ ကုန်ထုတ်လုပ်မှုကဏ္ဍမြှင့် တင်ရေးနှင့် အစိုးရ-ပုဂ္ဂလိက ဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ 

အစည်းအဝေးသို့ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးသောင်းတင်၊ ဒေါက်တာမျိုးသက်၊ ဦးရဲမင်းအောင်၊ ဦးအေးထွန်း၊ ဒေါက်တာဝင်းစည်သူ၊ ဦးဆန်းလင်း၊ အထွေ ထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးဇော်မင်းသန့်၊ စီမံခန့်ခွဲရေးကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent