စီးပွားရေး မညီမျှမှုများနှင့် မျှော်တလင့်လင့် ထိုင်းနိုင်ငံရေး 

စီးပွားရေး မညီမျှမှုများနှင့် မျှော်တလင့်လင့် ထိုင်းနိုင်ငံရေး 
Published 22 July 2023
စောနိုင် (အသုံးချဘောဂဗေဒ)

(၁)

 

ထိုင်းနိုင်ငံရေးသမိုင်းတွင်စိတ်ဝင်စားဖွယ်ကောင်းသော ဖြစ်ရပ်တစ်ခု ဖြတ်သန်းလျက်ရှိနေပြီ။ စစ်တပ်၏ အုပ်ချုပ်မှုအောက်တွင် ကိုးနှစ်တာကာလကြာမြင့်ခဲ့ပြီးနောက် စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရကို ဆန့်ကျင်နေသည့် နိုင်ငံရေးပါတီများ နိုင်ငံ့ရွေးကောက်ပွဲတွင် သိသိသာသာအနိုင်ရခဲ့ခြင်းဖြစ်သည်။  ရွေးကောက်ပွဲရလဒ်က စစ်တပ်၏သြဇာလွှမ်းမိုးမှုနှင့် ဝန်ကြီးချုပ်တာဝန်ယူထားသော ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ချန်အိုချာ၏အုပ်ချုပ်မှုကို အကြီးအကျယ် ပယ်ချခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ကြသည်။ သို့သော် ဝန်ကြီးချုပ်ခန့်အပ်ရေး၊ အစိုးရဖွဲ့စည်းရေးတို့တွင် အခြေအနေများစွာ စောင့်ကြည့်ရမည့် အနေအထားတွင်ရှိနေသည်။ 

(၂)

ထိုင်းနိုင်ငံ ရွေးကောက်ပွဲရလဒ်သည် အစိုးရအပြောင်းအလဲ အမှန်တကယ်ဖြစ်မဖြစ် စောင့်ကြည့်ရမည့် ပထမအဆင့်မြင်ကွင်းသာဖြစ်သည်။ အမှန်တကယ်အပြောင်းအလဲဖြစ်ရန်အတွက် စစ်တပ်က ခန့်အပ်ထားသော အထက်လွှတ်တော်အမတ်များ၏ ထောက်ခံမှုလိုအပ်နေဆဲဖြစ်၏။ မည်သို့ပင် ဆိုစေကာမူ သေချာသောအချက်မှာ ထိုင်းနိုင်ငံပြည်သူများသည် ရွေးကောက်ပွဲ ရလဒ်မှတစ်ဆင့် ၎င်းတို့၏ နိုင်ငံရေးဆန္ဒသဘောထားကို ရှင်းရှင်းလင်းလင်း ပြသခဲ့ခြင်းဖြစ်သည်။ အပြောင်းအလဲလိုလားနေကြောင်း၊ တိုင်းပြည်၏အခြေအနေအပေါ် မည်ရွေ့မည်မျှစိတ်ပျက်နေကြောင်း ပေါ်လွင်သည့် သရုပ်ပြကွက်ဟုလည်း ဆိုနိုင်သည်။ 

(၃)

ထိုင်းနိုင်ငံပြည်သူလူထုက ပြသခဲ့သော အပြောင်းအလဲဆန္ဒသည် နိုင်ငံအတွင်းရှိ စီးပွားရေးမညီမျှမှုအခြေအနေများနှင့် နီးနီးကပ်ကပ်ဆက်စပ်မှုရှိနေသည်။ နိုင်ငံတွင်း ဝင်ငွေမညီမျှမှုကို ဖော်ပြသည့် ဂျီနီညွှန်းကိန်း (Gini  Index) သည် ၂၀၁၅ ခုနှစ်က  သုည ဒသမ ၄၅ ရှိနေရာမှ ၂၀၂၁ ခုနှစ် တွင် သုည ဒသမ ၄၃ သို့ ကျ ဆင်းခဲ့ကြောင်း တရားဝင်ဖော်ပြချက်စာရင်းဇယားများအရ မကြာသေးမီကာလများက ဝင်ငွေမညီမျှမှုကျဆင်းခဲ့သည်ဟု ဆိုနိုင်သည်။ လက်တွေ့မျက်မြင်အခြေအနေများအရ ထိုကိန်းဂဏန်းများကို ယုံကြည်မှုမရှိကြပေ။ အစိုးရထောက်ပံ့ကူညီမှုများပါဝင်သည့် လွှဲပြောင်းပေးငွေများ (Transfer Incomes) ၏ အကျိုးသက်ရောက်မှု ကို ဖယ်ထုတ်လိုက်ပါက ဂျီနီညွှန်းကိန်း (Gini  Index) သည် အလားတူကာလမှာပင် သုည ဒသမ ၅၅  မှ  သုည ဒသမ  ၅၇ အထိမြင့်တက်လာသည်ကိုတွေ့ရလိမ့်မည်ဖြစ်သည်။ ဆိုလိုသည်မှာ ဝင်ငွေမညီမျှမှု အခြေအနေ ဆိုးရွားလာသည့်အဓိပ္ပာယ်ပင်။ လူအများ၏ ဝင်ငွေတိုးမြင့်ရရှိလာခြင်းမှာ ထုတ်လုပ်မှုစွမ်းရည်ကြောင့် မဟုတ်၊ အစိုးရ၏ ထောက်ပံ့ကြေးများကြောင့်သာဟု ဆိုခြင်းဖြစ်သည်။  

 

၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း လူတန်းစားအမျိုးမျိုး၏ ဝင်ငွေအပြောင်းအလဲဖြစ်ပေါ်မှုများက ထိုင်းနိုင်ငံ၏ လူလတ်တန်းစားနှင့်၎င်းတို့ထက်အနည်းငယ်မြင့်မားသော လူတန်းစား (ဝင်ငွေမြင့်မားသူများကို ဆိုလိုခြင်းမဟုတ်) တို့၏ အခြေအနေများ ပိုမိုဆိုးရွားလာကြောင်းဖော်ပြနေသည်။  ဤကာလအတွင်း ဝင်ငွေအမြင့်မားဆုံး လူတန်းစား ၂၀ ရာခိုင်နှုန်း၏ ဝင်ငွေပမာဏ ၁၉ ရာခိုင်နှုန်းနီးပါးကျဆင်းသွားခဲ့ပြီး ဒုတိယမြောက်ဝင်ငွေအမြင့်ဆုံးလူဦးရေ၏၂၀ ရာခိုင်နှုန်း၏ဝင်ငွေသည်လည်း သုံး-ရာခိုင်နှုန်း ကျဆင်းသွားသည်ဟုဆိုသည်။

(၄)

ပထဝီဝင်နယ်မြေများကိုအခြေခံ၍ နှိုင်းယှဉ်လေ့လာကြည့်ပါက စိတ်ပျက်ဖွယ်ရလဒ်များကိုသာ တွေ့ရမည်ဟုဆိုကြသည်။ ဘန်ကောက်မြို့ပြဧရိယာကို  ထည့်သွင်းမစဉ်းစားဘဲ ထိုင်းနိုင်ငံ၏ ဒေသအားလုံး၏ ဂျီနီညွှန်းကိန်းကိုကြည့်ပါက ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ဆိုးရွားလာခဲ့သည်ကို တွေ့ရသည်။  ဤ အခြေအနေသည် ၂၀၁၅ ခုနှစ်တွင် ၇ ဒသမ ၂ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၂ ခုနှစ်အတွက် ၆ ဒသမ ၆ ရာခိုင်နှုန်း မှန်းဆထားခဲ့သည့် ဆင်းရဲနွမ်းပါးမှုပြဿနာနှင့် ဆက်စပ်နေပေသည်။ ထိုကိန်းဂဏန်းများသည် ဆင်းရဲနွမ်းပါးမှုကို ထိထိရောက်ရောက် လျှော့ချရေး အားထုတ်ရာ၌ ထိုင်းနိုင်ငံ၏ စွမ်းရည်ကျဆင်းနေသည်ကို သက်သေပြနေသည်။ ဆက်တိုက်ဖြစ်ပေါ်နေသော ဆင်းရဲနွမ်းပါးမှုအခြေအနေသည် လျင်လျင်မြန်မြန်မြင့်တက်လာနေသည့် ဆင်းရဲနွမ်းပါးသော သက်ကြီးရွယ်အိုဦးရေမြင့်တက်လာမှုနှင့်လည်း အဆက်အစပ်ရှိနေသည်။   

(၅)

စစ်တပ်အုပ်ချုပ်နေသည့် နှစ်ကာလများအတွင်း ထိုင်းနိုင်ငံ၌ ဝင်ငွေမညီမျှမှု၊ စီးပွားရေး မညီမျှမှုမှာ ပိုမိုဆိုးရွားလာပြီး အလယ်အလတ်လူတန်းစားများ ပို၍ရုန်းကန်လာကြရသည်။ ဆင်းရဲနွမ်းပါးသည့်လူဦးရေသည်လည်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ အစိုးရ၏ အကူအညီပေးမှုများသည် ကိုဗစ်ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကြောင့်ဖြစ်ပေါ်လာသော ဆင်းရဲနွမ်းပါးမှုများကို ခေတ္တခဏ၊ ရေတိုကာလ အထောက်အပံ့သဘောသာဖြစ်စေခဲ့ပြီး  ရေရှည်၌  အမှန်တကယ် ပျက်စီးဆုံးရှုံးမှုများရှိလာလိမ့်မည်ဟု အချို့က သုံးသပ်နေကြသည်။   

ထိုင်းနိုင်ငံ၏ စီးပွားရေးမညီမျှမှုအဆင့်သည် အရှေ့တောင်အာရှတွင် အမြင့်မားဆုံးသော အဆင့်တွင်ဖြစ်နေသည်။ ထိုအခြေအနေများသည် ဗိုလ်ချုပ်ကြီး ပရာယွတ်အစိုးရမတိုင်မီကတည်းက အမြစ်တွယ်လာခဲ့ခြင်းဖြစ်သည်ဟု သုတေသီတို့က ထောက်ပြကြသည်။ ထိုအခြေအနေများသည် စစ်တပ်ကျော ထောက်နောက်ခံပြု အစိုးရအပေါ် ပြည်သူများ၏ မနှစ်သက်၊ လက်မခံနိုင်မှုကို ပိုမိုကြီးမားလာစေရန် လှုံ့ဆော်ပေးရာ၌လည်း အဓိကအကြောင်းတရားဖြစ်လာခဲ့

သည်။

(၆)

နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်သည့်အချိန်ကာလများတွင် စီးပွားရေးမညီမျှမှု လျော့ပါးသက်သာနေတတ်ပြီး ထိုအခြေအနေများက နိုင်ငံသားတို့၏လူမှုစီးပွားရေးကိုလည်း မြင့်တင်နိုင်စွမ်းရှိသည်။ ထိုင်းနိုင်ငံစီးပွားရေးအခြေအနေမှာမူ လွန်ခဲ့သည့်ဆယ်စုနှစ်ကတည်းက တိုးတက်မှု လျော့ကျရပ်တန့်နေခဲ့သည်။ နိုင်ငံ့စီးပွားရေးသည် ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ပျမ်းမျှအားဖြင့် သုံးရာခိုင်နှုန်းမျှသာ တိုးတက်ခဲ့ပြီး အရှေ့တောင်အာရှတွင်တိုးတက်မှု အနိမ့်ဆုံးဖြစ်ခဲ့သည်။ထိုအခြေအနေသည် ထိုင်းနိုင်ငံ၏ ဖြစ်ထွန်းတိုးတက်မှုများကို အကန့်အသတ်များ ဖြစ်စေခဲ့ပြီး ထိုင်းမျိုးဆက်သစ်လူငယ်များအကြားတွင်လည်း နိုင်ငံ့စီးပွားရေးအပေါ် အကောင်းမြင်မှုကိုပါ လျော့ကျသွားစေခဲ့သည်။

ထိုင်းနိုင်ငံအတွင်း၌ စီးပွားရေးတုံ့နှေးကျဆင်းခြင်း၏ ဆိုးကျိုးများကို နိုင်ငံသားအများစု ဆိုးဆိုးရွားရွား တွေ့ကြုံခံစားနေရချိန်၌ အချမ်းသာဆုံးလူအချို့မှာ စီးပွားရေးနှေးကွေးကျဆင်းမှုဒဏ်ကို အနည်းငယ်သာ ခံစားရပြီး ၎င်းတို့၏ စည်းစိမ်ဥစ္စာများမှာလည်း  အံ့ဩလောက်အောင်ပင် ဆက်လက်တိုးပွားလာနေသည်ကို နိုင်ငံသားများကိုယ်တိုင်မျက်မြင်တွေ့နေရသည်ဟုဆိုသည်။ ဥပမာ အားဖြင့် ထိုင်းနိုင်ငံတွင် အချမ်းသာဆုံးသူ၊ ချရိုဝင်ပေါ့ဖန်အုပ်စု (Charoen Pokphand Group) ၏ ဥက္ကဋ္ဌဖြစ်သူ ထနင်ချီရာဝနွန် (Dhanin Dhanin Cheravanont) ၏ ချမ်းသာကြွယ်ဝမှုမှာ ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၄ ဘီလျံရှိနေရာမှ ၂၀၂၂ ခုနှစ်၌ အမေရိကန် ဒေါ်လာ ၂၆ ဒသမ ၅  ဘီလျံအထိ တိုးလာခဲ့၏။ ထိုကဲ့သို့ လူတန်းစားများ၊ မိသားစုများသည် စစ်တပ် ကျောထောက်နောက်ခံပြု အစိုးရအဖွဲ့နှင့် ဆက်နွှယ်မှုများရှိနေပုံရသည်။ နိုင်ငံတွင်း အကြောင်းကိစ္စတစ်စုံတစ်ရာနှင့်ပတ်သက်၍ အငြင်းပွားမှု ဖြစ်လာလျှင်လည်း ထိုလူတန်းစား၊ မိသားစုများ အနိုင်ရကာ ပြီးဆုံးသွားတတ်သည်။

 

ဝင်ငွေမညီမျှမှုနှင့် စီးပွားရေးမညီမျှမှုများကြောင့် ထိုင်းလူ့အဖွဲ့အစည်းအတွင်း မျှတမှုမရှိဟူသော ခံစားချက်များသည် နိုင်ငံရေးမညီမျှမှုများကိုပါ ကြုံလာရသည့်အခါတွင် ထိုင်းပြည်သူလူထု၏ စိတ်ပျက်လက်ပျက်ဖြစ်မှု ပို၍ကြီးထွားသွားတော့သည်။ စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရအုပ်ချုပ်နေသည့်အချိန်အတွင်း အတိုက်အခံ နိုင်ငံရေးသမားများကို နိုင်ငံရေးလုပ်ဆောင်ခြင်းမှ ဟန့်တားပိတ်ပင်ခြင်း၊ နိုင်ငံရေးပါတီ ဖျက်သိမ်းခြင်း စသည်ဖြင့် လုပ်ဆောင်မှုများလည်းရှိခဲ့သည်။ မြို့တော်ဘန်ကောက်တွင် မကျေနပ်ချက်များကို ထုတ်ဖော်ပြောဆိုသည့် လူငယ်ဆန္ဒပြပွဲများ ပေါ်ပေါက်လာသောအခါတွင်လည်း ထိုင်းအစိုးရက  ဖိနှိပ်ဖြိုခွဲမှုဖြင့်သာ တုံ့ပြန်ခဲ့သည်။ ဤသို့ဖြင့် ထိုင်းပြည်သူလူထုသည် နိုင်ငံရေးနှင့် ပတ်သက်လာလျှင် တရားမျှတမှုကင်းမဲ့နေသည်ဟု တွေ့ကြုံခံစားနေကြရသည်။ 

(၇)

လက်ရှိအခြေအနေများအရ ထိုင်းနိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှုသည် မသေချာမရေရာများဖြင့် ရှိနေဆဲ။ အစိုးရသစ်ကို အောင်မြင်စွာဖွဲ့နိုင်ခဲ့လျှင်ပင်နိုင်ငံအတွင်း စီးပွားရေးညီမျှမှု ဖြစ်စေရေးအတွက် ပြုပြင်ပြောင်းလဲမှုများ မြှင့်တင်လုပ်ဆောင်နိုင်ရေးမှာ ထင်သလောက်မလွယ်ကူပေ။ ဝင်ငွေမညီမျှ ပြဿနာသည်နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီး ထိုအခြေအနေကို ပြောင်းလဲနိုင်ရေးမှာ အချိန်ယူ၍ အားထုတ်ရမည်။ မည်သို့ပင်ဆိုစေကာမူ အပြောင်းအလဲကိုအားတက်သရောတောင်းဆိုနေသည့်အသံများနှင့်အတူ ထိုင်းနိုင်ငံ့စီးပွားရေးနှင့်ပတ်သက်၍ ကာလကြာရှည်ပျောက်ဆုံးနေခဲ့သည့် နိုင်ငံသားများ၏ အပေါင်းလက္ခဏာမြင်ရှုချက်များ ပြန်လည်ဖြစ်ပေါ်လာလိမ့်မည်ဟု မျှော်လင့်နေကြသည်။     

Ref:https://www.eurasiareview.com

Most Read

Most Recent