အာဇာနည်နေ့ ရုံးပိတ်ရက်၌ ဇလွန်ပြည်တော်ပြန် ဘုရားကြီးသို့ ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာရောက်သူများပြားခဲ့ကြောင်း သိရသည်။
"ဘုရားကြီးမျက်နှာတော်သစ်ချိန် အမှီလာသူတွေကတော့ ညနေပိုင်းကတည်းက ကြိုလာကြရတယ်။ အရင်ကတော့ သွားလာခွင့်အချိန်ကန့်သတ်ချက်မရှိတော့ မနက်အစောကြီးထွက်လာကြတာပေါ့။ ရပ်ဝေးဘုရားဖူးတွေအများစုက မနက်မိုးလင်းမှထွက်လာကြပြီး ဒီကို နေ့လည်ပိုင်းမှ ရောက်ကြတာများတယ်။ ဒေသတွင်းနီးစပ်ရာ မြို့နယ်တွေ ဘုရားဖူးတွေကတော့ မနက်ပိုင်းနဲ့ ညနေပိုင်းလာကြတာများပါတယ်"ဟု ဒေသခံတစ်ဦးက ဖြေကြားသည်။
မုနိလေးဆူအနက် တစ်ဆူအပါအဝင်ဖြစ်သည့် ဇလွန်မြို့၊ မာရ်အောင်မြင်ပြည်တော်ပြန်ဘုရားကြီးသည် ဧရာဝတီတိုင်းဒေသကြီး၌ ထင်ရှားသည့် ဘုရားတစ်ဆူဖြစ်သည်။















