တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်တက်ရောက်ပြသနိုင်ရေးဖိတ်ခေါ်ဆွေးနွေးခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။
တရုတ်နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ်အစိုးရတို့ ပူးပေါင်း၍ (၇) ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲကို ကူမင်းမြို့၊ Dianchi International Convention and Exhibition Center ၌ ၂၀၂၃ ခုနှစ် သြဂုတ် ၁၆ ရက်မှ သြဂုတ် ၂၀ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ရာ မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ပါဝင် တက်ရောက် ပြသနိုင်ရေးအတွက် မြန်မာနိုင်ငံအခြေစိုက် Yunnan Chamber ဥက္ကဋ္ဌ Mr.Xie Ming Gui နှင့်တာဝန်ရှိသူများသည် ၂၀၂၃ ခုနှစ် ဇူလိုင် ၁၇ ရက် နေ့လယ်ပိုင်းတွင် ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဝင်းစည်သူ၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးမျိုးသန့်တို့နှင့် အသင်းချုပ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံရာတွင် တရုတ်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် ကူမင်းကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍကိုယ်စားပြု ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူများ တက်ရောက်နိုင်ရေး၊ ပြပွဲကြီးကို နိုင်ငံအသီးသီးမှ အထင်ကရ စီးပွားရေးလုပ်ငန်းရှင်ကြီးများ တက်ရောက်ကြမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ထုတ်ကုန်ပစ္စည်းဖလှယ်နိုင်ရန် ပြခန်းများ ပါဝင်ပြသနိုင်ရေး၊ ပြပွဲကာလအတွင်း ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖိုရမ်များနှင့် စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲများကိုလည်း ထည့်သွင်းကျင်းပပြုလုပ်သွားမည်ဖြစ်သဖြင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ကျွမ်းကျင်သူများ စေလွှတ်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကူမင်း ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်တက်ရောက်ပြသနိုင်ရေးအတွက် ကုန်သည်စက်မှု အသင်းချုပ်မှ ယခုနှစ်ဇွန်လအတွင်း ဖိတ်ခေါ်ထားကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုဒေါ်လာ ၁၁၈၈ သန်း ကျော်ရှိပြီး စုစုပေါင်း ပို့ကုန်တင်ပို့မှု၏ ၂၉ ရာခိုင်နှုန်းကျော်ရှိကြောင်း စီမံကိန်း၊ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ ဇွန်လအထိ ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်ဒေါ်လာ ၉၄၈ ဒသမ ၁၅ သန်းတင်ပို့ထားသည်။ ဇူလိုင်မှ စက်တင်ဘာအထိ ဒုတိယသုုံးလပတ်အတွင်း တရုတ်နိုင်ငံသို့ ပို့ကုန်တန်ဖိုးဒေါ်လာ ၇၉၁ ဒသမ ၅၅ သန်း တင်ပို့ထားသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဒီဇင်ဘာအထိ တတိယသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန် ဒေါ်လာ ၉၀၆ ဒသမ ၁၇ သန်း တင်ပို့ထားသည်။ စတုတ္ထသုံးလပတ်ဖြစ်သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ မတ်လအတွင်း ဒေါ်လာ ၁၁၈၈ ဒသမ ၆၅ သန်း တင်ပို့ထားသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်အများဆုံးတင်ပို့ထားသည့် ၁၀ နိုင်ငံစာရင်းတွင် တရုတ်နိုင်ငံသို့ ဒေါ်လာ ၄၉၀၅ ဒသမ ၈၀ သန်းဖြင့် အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံသို့ ဒေါ်လာ ၃၁၇၂ ဒသမ ၂၆ သန်းဖြင့် ဒုတိယအများဆုံးဖြစ်ကာ အစဉ်လိုက်ရပ်တည်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ဂျပန်နိုင်ငံသို့ ဒေါ်လာ ၉၄၄ ဒသမ၂၁ သန်း၊ အိန္ဒိယနိုင်ငံသို့ ဒေါ်လာ ၈၃၆ ဒသမ ၃၇ သန်း၊ အမေရိကန်သို့ ဒေါ်လာ ၆၂၀ ဒသမ ၅၉ သန်း၊ ဂျာမနီနိုင်ငံသို့ ဒေါ်လာ ၄၂၆ ဒသမ ၂၅ သန်း၊ စပိန်နိုင်ငံသို့ ဒေါ်လာ ၄၁၁ ဒသမ ၇၁ သန်း၊ U.K သို့ ဒေါ်လာ ၃၈၅ ဒသမ ၄ဝသန်း၊ နယ်သာလန်သို့ ဒေါ်လာ ၃၆၆ ဒသမ ၁၈ သန်း၊ တောင်ကိုရီးယားနိုင်ငံသို့ ဒေါ်လာ ၃၀၅ ဒသမ ၇၆ သန်း တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာနမှ သိရသည်။