မုံရွာမြို့နယ်တွင် ယင်းမာပင်ခရိုင်ပညာရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဇူလိုင် ၁၄ ရက် ညနေ ၅ နာရီ မိနစ် ၂၀ တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ကန်သာဦးးရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ယင်းမာပင်ခရိုင်ပညာရေးမှူးဖြစ်သူ ဒေါ်သီတာချို (၆၁ နှစ်) သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အဖွဲ့အင်အား ခုနစ်ဦး (စိစစ်ဆဲ)က ဆိုင်ကယ်လေးစီးဖြင့် ရောက်ရှိလာပြီး ဒေါ်သီတာချိုအား ဖမ်းဆီးခေါ်ဆောင်ကာ ကန်သာဦးရပ်ကွက်ရှိ အဝေရာလမ်းဘေးအရောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဒေါ်သီတာချိုတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။















