ရန်ကုန်စတော့အိတ်ချိန်း (YSX)တွင် အဋ္ဌမမြောက် စာရင်းဝင်ကုမ္ပဏီဖြစ်လာသည့် MAEX နှင့် ကျပ်နှင့် ရူပီး သုံးစွဲ၍ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး မြန်မာ-အိန္ဒိယ ဆွေးနွေးခြင်း

ရန်ကုန်စတော့အိတ်ချိန်း (YSX)တွင် အဋ္ဌမမြောက် စာရင်းဝင်ကုမ္ပဏီဖြစ်လာသည့် MAEX နှင့် ကျပ်နှင့် ရူပီး သုံးစွဲ၍ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး မြန်မာ-အိန္ဒိယ ဆွေးနွေးခြင်း
ရန်ကုန်စတော့အိတ်ချိန်းတွင် အရောင်းအဝယ်ဖြစ်မှုအခြေအနေ လာရောက်လေ့လာနေသူများကို တွေ့ရစဉ်
ရန်ကုန်စတော့အိတ်ချိန်းတွင် အရောင်းအဝယ်ဖြစ်မှုအခြေအနေ လာရောက်လေ့လာနေသူများကို တွေ့ရစဉ်
Published 18 June 2023

ကျပ်နှင့်ရူပီး သုံးစွဲ၍ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ဆောင်ရွက်နိုင်ရေး အလားအလာများကို  မြန်မာ-အိန္ဒိယနှစ်နိုင်ငံတာဝန်ရှိသူများက ဆွေးနွေးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အိန္ဒိယနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အိန္ဒိယကုန်သည်ကြီးများအသင်းတို့၏ ဖိတ်ကြားမှုဖြင့် အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့၌ ကျင်းပပြုလုပ်သည့် BIMSTEC Business Conclave သို့ တက်ရောက်ရန် ရောက်ရှိနေသော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၃ ခုနှစ်၊ ဇွန် ၁၂ ရက်တွင် အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ဖွဲ့စည်းထားသော အင်ဂျင်နီယာ ပို့ကုန်မြှင့်တင်ရေး‌ကောင်စီ(Engineering Export Promotion Council-EEPC) က ကြီးမှူးကျင်းပသည့် Trade and Investment Opportunities ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ EEPC ဥက္ကဋ္ဌတာဝန်နှင့် နိုင်ငံခြားရေးရာ ကုန်သွယ်မှုမူဝါဒနှင့် ကမ္ဘာ့ကုန်သွယ်ရေးဆိုင်ရာဥက္ကဋ္ဌ Mr.P.K Shah၊ ဒုတိယဥက္ကဋ္ဌ Mr.AakashShah နှင့် ဒေသတွင်းဆိုင်ရာဥက္ကဋ္ဌ Mr.B.D Agarwal အပါ အဝင် EEPC မှ တာဝန်ရှိသူများ၊ အိန္ဒိယ ရင်းနှီးမြှုပ်နှံသူများနှင့် ကုန် သည်လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေနှင့် အလားအလာများ၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ဆောင်ရွက်နိုင်ရေး အလားအလာများ၊ ကျပ်နှင့်ရူပီးများကို နှစ်နိုင်ငံ ကုန်သွယ်မှုတွင် သုံးစွဲနိုင်ရေး နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော ကုန်သည်လုပ်ငန်းရှင်များက သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေ ကြားဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံတွင် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံငွေကြေးများကို သုံးစွဲနိုင်ရေးနှင့် နှစ်ဖက်ကုန်သည်များအကြား ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ပြောကြား

မြန်မာနိုင်ငံတွင် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံငွေကြေးများကို သုံးစွဲနိုင်ရေးနှင့် နှစ်ဖက်ကုန်သည်များအကြား ပူးပေါင်းဆောင်ရွက်ရေးတို့ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။

အိန္ဒိယသမ္မတနိုင်ငံ ကုန်သည်များအသင်း(Indian Chamber of Commerce-ICC)၏ ဖိတ်ကြားချက်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဇွန် ၁၃ ရက်တွင် အိန္ဒိယသမ္မတနိုင်ငံ ကိုလ်ကတ္တားမြို့ရှိ Hytta Regency Kolkata Hotel ၌ ကျင်းပပြုလုပ်ခဲ့သည့် ဘင်းမ်စတက် စီးပွားရေးလုပ်ငန်းဆွေးနွေးပွဲ (BIMSTEC Business Conclave)သို့ ဂုဏ်ထူး‌ဆောင် ဧည့်သည်တော်အဖြစ် တက်ရောက်အမှာစကားပြောကြားခဲ့ရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ဒေသစံ‌တော်ချိန် နံနက် ၁၀ နာရီတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့် အလားအလာကောင်းများ၊ ကုန်သွယ်မှုပိုမို မြှင့်တင်ရေးအတွက် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်ကုန်သွယ်နိုင်မည့် အလားအလာရှိသော ကုန်ပစ္စည်းများ ရှာဖွေရန်နှင့် ပို့ကုန်လုပ်ငန်းရှင်များနှင့် သွင်းကုန်လုပ်ငန်းရှင်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှု တည်ဆောက်ရန်တို့အတွက် စီးပွားရေးလုပ်ငန်းများမှ စီးပွားရေးလုပ်ငန်းများသို့ (B 2 B)ထိတွေ့ဆက်ဆံမှုများကို အားပေးသွားရန်၊ မြန်မာနိုင်ငံတွင် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံငွေကြေးများကို သုံးစွဲနိုင်ရေးကိစ္စရပ်များ၊ နှစ်ဖက်ကုန်သည်များအကြား ပိုမိုထိတွေ့ပူးပေါင်း ဆောင်ရွက်ရေးကိစ္စနှင့် ခရီးသွားလုပ်ငန်းများ ပိုမို တိုးမြှင့်ဆောင်ရွက်နိုင်‌‌ရေးစသည်တို့ကို ဆွေးနွေးပြောကြားသည်။

ထို့ပြင် ဘင်းမ်စတက်နိုင်ငံများအကြား လမ်းပန်းဆက်သွယ်မှု၊ ဘဏ္ဍာရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှုနှင့် ပြည်သူများအချင်းချင်း ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေးတို့ကို ရှေ့လုပ်ငန်းစဉ်များအဖြစ် ထည့်သွင်းစဉ်းစားနိုင်ရေးတို့ကိုပါ အကြံပြုဆွေးနွေးခဲ့သည်။

YSX တွင် အဋ္ဌမမြောက် စာရင်းဝင်ကုမ္ပဏီ ဖြစ်လာသည့် MAEX                  

ရန်ကုန်စတော့အိတ်ချိန်းတွင် မြန်မာအက်ဂရိုအိတ်(စ်)ချိန်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MAEX)ကို စာရင်းဝင်ကုမ္ပဏီအဖြစ် ခွင့်ပြုလိုက်ပြီး YSX တွင် အဋ္ဌမမြောက် စာရင်းဝင်ကုမ္ပဏီ ဖြစ်လာကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ ထုတ်ပြန်ထားသည်။

ရန်ကုန်စတော့အိတ်ချိန်းသည် မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(Myanmar Agro Exchange Public Co.,Ltd - MAEX) မှ တင်ပြလာသည့်လျှောက်လွှာများကို စိစစ်ခြင်းနှင့် စာရင်းဝင်စစ်ဆေးခြင်းလုပ်ငန်း လုပ်ဆောင်ပြီးနောက် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေ၊ အခန်း ၄၁(ဂ)နှင့်ငွေချေးသက်သေခံ လက်မှတ်များ စာရင်းဝင်ခြင်းဆိုင်ရာလုပ်ငန်းစည်းမျဉ်းများ၊ အပိုင်း (၇) နှင့် (၈)တို့နှင့်အညီ ကုမ္ပဏီအား စာရင်းဝင်ရန် ခွင့်ပြုလိုက်သည်။

MAEX ကုမ္ပဏီ၏ စာရင်းဝင်မည့်ရက်(Listing Date)အား ရင်းနှီးမြှုပ်နှံသူများအတွက် အချိန်နှင့် တစ်ပြေးညီထပ်မံကြေညာမည်ဖြစ်ကြောင်းနှင့် အခြေခံစျေးနှုန်း (Base Price)အား စာရင်းဝင်သည့်ရက်မတိုင်မီ ရုံးဖွင့်ရက်တစ်ရက်အလိုတွင် ရန်ကုန်စတော့အိပ်ချိန်းဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ကြေညာမည်ဟု သိရသည်

Most Read

Most Recent