၂၀၂၁ ခုနှစ်မှ စတင်သည့် စီးပွားရေးကျဆင်းလာမှုနှင့် ၂၀၂၂ ခု နှစ်တွင် သိသိသာသာမြင့်တက်လာ သည့် ဆင်းရဲနွမ်းပါးမှု၏ နောက် ဆက်တွဲအကျိုးဆက်များကို ၂၀၂၃ ခုနှစ်တွင် မြန်မာပြည်သူများအနေဖြင့် သိသိသာသာ ခံစားလာရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး နှစ်နှစ်ကျော်အကြာ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့် နိုင်ငံအတွင်းမှ ထွက်ခွာသွားကြသည့်အပြင် ကုန်ထုတ်လုပ်နေသည့် စက်ရုံများ ပိတ်သိမ်းသွားခြင်းနှင့်အတူ အလုပ်လက်မဲ့နှုန်းများမြင့်တက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ရှားပါးလာခဲ့သည်။
ကိုဗစ်ကပ်ရောဂါအပြင် နိုင်ငံရေးအပြောင်းအလဲကြောင့် ဖြစ်ပေါ်လာသည့် သက်ရောက်မှုများကြောင့် မြန်မာ့စီးပွားရေးတွင် ရိုက်ခတ်မှုများရှိခဲ့ပြီး အလုပ်လက်မဲ့နှုန်းမှာလည်း တဖြည်းဖြည်းမြင့်တက် လျက်ရှိသည်။
နိုင်ငံရေးအပြောင်းအလဲစဖြစ်ခဲ့သည့် ၂၀၂၁ ခုနှစ် ဒုတိယသုံးလပတ်အတွင်းမှာပင် မြန်မာနိုင်ငံလူဦးရေ ၁ ဒသမ ၂ သန်းသည် အလုပ် လက်မဲ့ဖြစ်နေကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) က အစီရင်ခံစာထုတ်ပြန်ခဲ့သည်။
ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မြန်မာနိုင်ငံအတွင်းရှိ လုပ်သားစျေးကွက်အခြေအနေသည် သိသိသာသာဆိုးရွားလာပြီး စီးပွားရေးလုပ်ငန်းကဏ္ဍအားလုံး ရိုက်ခတ်ခံနေရသော်လည်း ထိုအထဲကမှ ဆောက်လုပ်ရေး၊ အထည်ချုပ်၊ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုလုပ်ငန်းများသည် အထိနာသည့် လုပ်ငန်းများထဲတွင် ပါဝင်ခဲ့ကြောင်း ILO ကဆိုသည်။
၂၀၂၁ ခုနှစ် ပထမနှစ်ဝက်တွင် ထိုလုပ်ငန်းများ၏ အလုပ်အကိုင်သည် ခန့်မှန်းခြေ ၃၅ ရာခိုင်နှုန်း၊ ၃၁ ရာခိုင်နှုန်းနှင့် ၂၅ ရာခိုင်နှုန်း အသီးသီးလျော့ကျခဲ့ပြီး သက်ဆိုင်ရာ အလုပ်ချိန်များ ပိုမိုဆုံးရှုံး သွားသည်ကို တွေ့ရှိခဲ့ရကြောင်း ILO ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည့်အတွက် ရန်ကုန်မြို့တစ်ခုထဲ၌ပင် လုပ်သားသုံးသိန်းခန့် အလုပ်လက်မဲ့ဖြစ်ခဲ့ရပြီး အထည်ချုပ်စက်ရုံများ ပိတ်သည့်အတွက် အထည်ချုပ်လုပ်သား ရှစ်သိန်းကျော်၏ လေးပုံတစ်ပုံသည် အလုပ်လက်မဲ့ဖြစ်လာလိမ့်မည်ဟု ထိုစဉ်ကပင် ILO ၏ အစီရင်ခံစာကဆိုသည်။
■ အလုပ်လက်မဲ့နှုန်း မြင့်တက်လာခြင်း
မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့် နှစ်မှစ၍ အလုပ်လက်မဲ့ရာခိုင်နှုန်း မြင့်တက်လာကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည့် ၂၀၂၀ -၂၀၂၃ ခုနှစ် လုပ်သားအင်အား ခန့်မှန်းစာရင်းအင်းများ အစီ ရင်ခံစာတွင် ဖော်ပြထားသည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ်အထိ အလုပ်လက်မဲ့နှုန်းကို ခန့်မှန်းနိုင်ရန် လုပ်သားအင်အားပါဝင်မှုနှုန်းနှင့် ပြည်သူ့အင်အားဦးစီးဌာန၏နှစ်အလိုက် အိမ်ထောင်စုလူဦးရေကို အခြေခံတွက်ချက်ထားသည့် လုပ်သားအင်အားနှင့် အလုပ်အကိုင်နှင့် လုပ်ငန်းအမျိုးအစားအလိုက် အလုပ်လုပ်ကိုင်သူဦးရေတို့အပေါ် အခြေခံ၍ ခန့်မှန်းတွက်ချက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့တွက်ချက်မှုအရ ၂၀၂၀ ပြည့်နှစ်တွင် အလုပ်လက်မဲ့နှုန်း သုည ဒသမ ၁၇ ရာခိုင်နှုန်း၊ ၂၀၂၁ ခုနှစ်တွင် ၁ ဒသမ ၃၃ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ်တွင် ၂ ဒသမ ၅၃ ရာ ခိုင်နှုန်းနှင့် ၂၀၂၃ ခုနှစ်တွင် ၃ ဒသ မ ၆၉ ရာခိုင်နှုန်းရှိသည့်အတွက် တစ်နှစ်ထက်တစ်နှစ် အလုပ်လက်မဲ့နှုန်းမှာ မြင့်တက်လာသည်ကို တွေ့ရှိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း အလုပ်လက်မဲ့နှုန်း မြင့်တက်လာရခြင်းသည် ကိုဗစ်ကူး စက်ရောဂါဖြစ်ပွားမှုကြောင့် လုပ်သားဦးရေ လျော့ကျခြင်း၊ လုပ်ငန်းများပိတ်သိမ်းခြင်း၊ လုပ်သားများ ရွှေ့ပြောင်းသွားလာမှုများ စသည့် အခြေအနေတို့ကြောင့် ဖြစ်နိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ခန့်မှန်းထားသည်။
ထို့ပြင် နှစ်စဉ်လုပ်သားအင်အား တိုးတက်နေသည့်အတွက် လုပ်သားစျေးကွက်နှင့် အလုပ်အကိုင်ရရှိမှုအရ အလုပ်လက်ရှိတိုးတက်မှုသည် လုပ်သားအင်အား တိုးတက်မှုကို လွှမ်းခြုံနိုင်မှု မရှိသ ဖြင့် အလုပ်လက်မဲ့နှုန်း မြင့်တက် လာခြင်း ဖြစ်နိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ စစ်တမ်းကဆိုသည်။
လက်ရှိတွင် လုပ်ငန်းရှင်များအနေဖြင့် ကျဆင်းလာသည့် စီးပွားရေးအခြေအနေကြောင့် လုပ်ငန်းအများစု ရပ်နားထားပြီး လုပ်ငန်းအချို့မှာမူ အလုပ်များကို ထက်ဝက်နီးပါး လျှော့ချလာကြသည်။
ထို့ပြင် ဝန်ထမ်းများကို လစာ နှုန်းထား လျှော့ချခြင်းနှင့် ဝန်ထမ်းဦးရေလျှော့ချလာကြသည့်အတွက် မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့နှုန်းမှာ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း အလုပ်သမားအဖွဲ့အစည်းများထံမှ သိရသည်။
■ ၂၀၂၃ ခုနှစ်တွင် အလုပ်လက်မဲ့နှုန်း ပိုမြင့်လာနိုင်
မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ၂၀၂၃ ခုနှစ်အတွင်း ပြီးခဲ့သောနှစ်ထက် မြင့်တက်လာဖွယ်ရှိနေကြောင်း ကမ္ဘာ့နိုင်ငံပေါင်း ၁၉၆ နိုင်ငံမှ စီးပွားရေးဆိုင်ရာ အညွှန်းကိန်းများအတွက် လိုအပ်သောအချက်အလက်များ မျှဝေကူညီပေးနေသည့် Trading Economics အဖွဲ့အစည်းက သုံးသပ်ထားသည်။
မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ၂၀၂၂ ခုနှစ်က ၁ ဒသမ ၈၀ ရာခိုင်နှုန်းရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းမှာ၂ ရာခိုင်နှုန်း အထိ မြင့်တက်လာဖွယ်ရှိနေကြောင်း ယင်းအဖွဲ့က သုံးသပ်ထားသည်။
အလုပ်လက်မဲ့နှုန်းကို တွက်ချက်ရာတွင် ကလေးသူငယ်များ၊ အငြိမ်းစားများကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိဘဲ အလုပ်လုပ်နိုင်သောအရွယ်များကို အခြေခံပြီး အလုပ်ရှာဖွေနေသည့် အရေအတွက်ကို တွက်ချက်ထားခြင်းဖြစ်သည်။
Trading Economics သည် မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းကို ၂၀၁၃ ခုနှစ်မှ ၂၀၂၁ ခုနှစ် စာရင်း တွက်ချက်ဖော်ပြရာတွင်၂၀၁၅ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့သည် မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့နှုန်း အနည်းဆုံးနှစ်များဖြစ်ခဲ့သည်။
၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် သုည ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၉ ခုနှစ် တွင် အလုပ်လက်မဲ့နှုန်းသည် သုည ဒသမ ၇ ရာခိုင်နှုန်းသာ ရှိခဲ့သည်။
ထို့ပြင် နောက်ဆုံး ၁၀ နှစ်အတွင်း မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းဖော်ပြချက်တွင် ၂၀၁၃ ခုနှစ်သည် အလုပ်လက်မဲ့နှုန်း အမြင့်ဆုံးတွင် ရှိခဲ့သည်။
ကိုဗစ်ကပ်ရောဂါအပြင် နိုင်ငံရေးအပြောင်းအလဲကြောင့် ဖြစ်ပေါ်လာသော သက်ရောက်မှုများက မြန်မာ့စီးပွားရေးအပေါ် ရိုက်ခတ်မှုများရှိခဲ့ပြီး အလုပ်လက်မဲ့နှုန်းမှာလည်း ၂၀၂၂ ခုနှစ်ထက် မြင့်တက်လာခြင်း ဖြစ်သည်။
■ မြွေပူရာ ကင်းမှောင့်
စီးပွားရေးကျဆင်းပြီး အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှုကြောင့် အလုပ်လက်မဲ့နှုန်း မြင့်တက်နေချိန်တွင် မြွေပူရာကင်းမှောင့်ဆိုသကဲ့သို့ ငွေကြေးဖောင်းပွမှု မြင့်တက်လာသည့်အတွက် ကုန်စျေးနှုန်းတက်သည့်ဒဏ်ကို ပြည်သူများအနေဖြင့် ခါးစည်းခံနေရသည်။
ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့အခြေစိုက် Statista အဖွဲ့၏ လေ့လာချက်အရ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၁၃ ဒသမ ၃၃ ရာခိုင်နှုန်းရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်။
ထိုအဖွဲ့အနေဖြင့် ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ကျော်ရှိ သတင်းရင်းမြစ် ၂၂,၅၀၀ ဆီမှ သတင်းအချက်အလက်ပေါင်းတစ်သန်းကို အခြေခံ၍ ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၇ ခုနှစ်က ၄ ဒသမ ၆၂ ရာခိုင်နှုန်းသာ ရှိခဲ့သည့်အတွက် နောက်ဆုံးငါးနှစ်အတွင်း အနည်းဆုံးနှစ်ဖြစ်ခဲ့သည်။
ယင်းအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းကို ၂၀၀၇ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ နှစ်အလိုက်ဖော်ပြရာတွင် ၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၇ ဒသမ ၈၃ ရာခိုင်နှုန်း ရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်။
“ဒီခန့်မှန်းချက်တွေဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ အလုပ်လက်မဲ့နှုန်း အခြေအနေတွေကို အဓိကအခြေခံပြီး တွက်ချက်ဖော်ပြခြင်းဖြစ်ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နေတဲ့အတွက် အချိန်နဲ့အမျှ ကုန်စျေးနှုန်းမြင့်တက်မှုတွေ ရှိလာနိုင်ပြီး နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်” ဟု Statista အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၂၀၀၇ ခုနှစ်မှ ၂၀၂၇ ခုနှစ်အ ထိ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းကို ဖော်ပြရာတွင် ၂၀၀၇ ခုနှစ်သည် ၃၄ ဒသမ ၄၄ ရာခိုင်နှုန်း ဖြင့် ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့ပြီး ၂၀၁၂ ခုနှစ်သည် သုည ဒသမ ၃၆ ရာခိုင်နှုန်းဖြင့် ငွေကြေးဖောင်းပွမှုနှုန်း အနည်းဆုံးဖြစ်ခဲ့သည်။
ထို့ပြင် အလုပ်သမားများကို ဆွဲဆောင်နိုင်ရန်အတွက် မြင့်မားသော လစာနှုန်းထားမျိုး ပေးနိုင်မှု မရှိခြင်းကလည်း အလုပ်လက်မဲ့နှုန်း မြင့်တက်စေကြောင်း ယင်းအဖွဲ့က သုံးသပ်ထားသည်။
■ UNDP စစ်တမ်း
ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) အနေဖြင့် မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးသူ အများဆုံးနေထိုင်သည့် မြို့နယ် ရှစ်မြို့နယ်မှ လူဦးရေ ၃,၀၀၀ ကျော်ကို စစ်တမ်းကောက်ယူခဲ့သည်။
ထိုသို့ စစ်တမ်းကောက်ယူမှုအရ ယင်းမြို့နယ်ရှစ်မြို့နယ်၏ လူဦးရေ လေးပုံတစ်ပုံ ( ၂၄ ဒသမ ၁ ရာခိုင်နှုန်း) သည် ပြီးခဲ့တဲ့ ၁၂ လအတွင်း ဝင်ငွေမရှိဘဲ နေရသည့် အခြေအနေကို မကြာခဏ ကြုံတွေ့ခဲ့ရကြောင်း UNDP က ဆိုသည်။
ထိုသို့သောအခြေအနေများသည် ယင်းရှစ်မြို့နယ်ရှိ အိမ်ထောင်စုများ၏ ကျန်းမာရေးနှင့် ရေရှည် လူမှုစီးပွား အခြေအနေများကို ခြိမ်းခြောက်နေကြောင်း UNDP က ထောက်ပြထားသည်။
ဥပမာအားဖြင့် အိမ်ထောင်စုဝင်များသည် အစားလျှော့စားခြင်း၊ အာဟာရပြည့်ဝသော အစားအစာများ လျှော့၍စားသုံးခြင်း ၎င်းတို့ ပိုင်ဆိုင်သည့် ရုပ်ဝတ္ထုပစ္စည်းများကို ခွဲခြမ်းရောင်းချခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများအား ခံယူကုသမှုမရှိခြင်း စသည့် လတ်တလော ရင်ဆိုင်ဖြေရှင်းသည့် နည်းလမ်းများဖြင့် ဝင်ငွေလျော့နည်းမှုကို ဖြေရှင်းနေရကြောင်း UNDP က ဆိုသည်။
စစ်တမ်းကောက်ယူမှုများအရ ယင်းမြို့နယ်ရှစ်မြို့နယ်ရှိ နေထိုင်သူများသည် အခြားမြို့နယ်မှ နေထိုင် သူများနှင့်ယှဉ်လျှင် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာညွှန်းကိန်းအားလုံး၌ အခြေအနေ ပိုမိုနိမ့်ကျနေသည်ကို တွေ့ရှိရကြောင်း UNDP က သုံးသပ် ဖော်ပြထားသည်။
စစ်တမ်းကောက်ယူခဲ့သော မြို့နယ်ရှစ်မြို့နယ်မှ လူဦးရေ ၂၇ ဒသမ ၅ ရာခိုင်နှုန်းသည် ဝင်ငွေများ ကျဆင်းလာမှုကြောင့် ပြီးခဲ့သည့် ၁၂ လအတွင်း အာဟာရပြည့်ဝလုံလောက်စွာ မစားသုံးနိုင်ဟု ဖြေဆိုခဲ့ကြောင်း UNDP ၏ စစ်တမ်းတွင် ဖော်ပြထားသည်။
ဖြေဆိုသူများထဲတွင် ၃၅ ဒသမ ၇ ရာခိုင်နှုန်းကျော်သည် ဝင်ငွေမရှိသောကြောင့် အစားလျှော့စားခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသည်ဟု UNDP ကဆိုသည်။
ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်များ ဆုတ်ယုတ်အားနည်းလာသည့်အတွက် ပြည်သူများအနေဖြင့် လက်ရှိအချိန်တွင် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများကို ၎င်းတို့၏ လိုအပ်သော ကျန်းမာရေးကုသမှုများအတွက် အားထားနေရကြောင်း UNDP ၏ စစ်တမ်းတွင် ဖော်ပြထားသည်။
ဝင်ငွေများကျဆင်းလာမှုကြောင့် လူအများစုမှာ ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိရန် အလွန်ခက်ခဲလာကြောင်းနှင့် စစ်တမ်းဖြေဆိုသူများ၏ လေးပုံတစ်ပုံကျော် (၂၆ ဒသမ ၉ ရာခိုင်နှုန်း) သည် မိမိ (သို့မဟုတ်) မိသားစုဝင်များ နာမကျန်းဖြစ်ပါက ဆေးဝါးနှင့်ဆေးကုသမှုကို မခံယူဖြစ်ဟု ဖြေဆိုထားကြောင်း UNDP ၏ စစ်တမ်းတွင် ဖော်ပြထားသည်။
ဖြေဆိုသူ လေးပုံသုံးပုံသည် ကျန်းမာရေးအတွက် ဆေးဝါးနှင့်ကုသခြင်း ဝန်ဆောင်မှုနှုန်းထားများ အဆမတန် မြင့်မားသဖြင့် ထိုဝန်ဆောင်မှုများကို ရယူရန် ပိုမိုခက်ခဲလာသည်ဟု ဖြေဆိုထားသည်ကိုတွေ့ရကြောင်း UNDP က ဆိုသည်။
ယင်းမြို့နယ်ရှစ်မြို့နယ်မှ စစ်တမ်းဖြေဆိုသူ ၄၃ ရာခိုင်နှုန်းသည် လွန်ခဲ့သော ၁၂ လအတွင်း ဝင်ငွေ နည်းပါးလာခြင်းကြောင့် ပိုင်ဆိုင်မှုများ ခွဲခြမ်းရောင်းချခဲ့ရသည်ကို တွေ့ရှိရပြီး ထိုအထဲတွင် မော်တော်ယာဉ်နှင့် အငှားပြေးဆွဲသည့် ယာဉ်များ ဖြစ်နေပါက ယင်းအိမ်ထောင်စုများ၏ ဝင်ငွေကို ပိုမိုလျော့နည်းစေသကဲ့သို့ ပြန်လည်ရပ်တည်နိုင်ရန် ခက်ခဲစေကြောင်း UNDP က သုံးသပ်ဖော်ပြထားသည်။
ကျပ်တည်းမှုကို လတ်တလော ရင်ဆိုင်ဖြေရှင်းရာတွင် အဆိုးရွားဆုံးနည်းလမ်းသည် သားသမီးများကို ကျောင်းမှ နုတ်ထွက်စေပြီး အလုပ်ခိုင်းစေ၍ ဝင်ငွေရှာဖွေခိုင်းခြင်းဖြစ်ပြီး ထိုဖြစ်ရပ်များကို စစ်တမ်းကောက်ယူခဲ့သည့် မြို့နယ် ရှစ်မြို့နယ်မှ လူဦးရေ လေးပုံတစ်ပုံတွင် တွေ့ရှိခဲ့ရကြောင်း UNDP ၏ စစ်တမ်းတွင် ဖော်ပြထားသည်။
ကလေးသူငယ်များအနေဖြင့် ပညာရေးဆုံးခန်းတိုင်အောင် သင် ကြားခွင့်မရှိခြင်းသည် ၎င်းတို့ ကြီးပြင်းလာသည့်အခါတွင် ပိုမိုကောင်းမွန်သော အလုပ်အကိုင်များ ရှာဖွေနိုင်သည့် စွမ်းရည်ကို ထိခိုက်ကျဆင်းစေကြောင်း UNDP က သုံးသပ်ဖော်ပြထားသည်။
“ရန်ကုန်ရဲ့ မြို့ပြဆင်းရဲနွမ်းပါးမှုနှုန်းဟာ သိသိသာသာမြင့်တက်နေပြီး အလုပ်လက်မဲ့နှုန်းနဲ့ ဝင်ငွေ လျော့နည်းခြင်းက တစ်နေ့တခြား ပိုမိုများပြားလာနေပါတယ်။ ဒီအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ တည်ငြိမ်တဲ့ အလုပ်အကိုင်နဲ့ လူတွေကို ဝင်ငွေပိုမိုရရှိဖို့ ပံ့ပိုးပေးခြင်းက လူတို့ရဲ့ ကျန်းမာရေးနဲ့ လူမှုစီးပွားဘဝကို တိုးတက်စေတဲ့ ရေရှည်တည်တံ့သော နည်းလမ်းတစ်ခု လုပ်ဆောင်ဖို့ လိုအပ်ပါတယ်”ဟု UNDP ၏ ဌာနေကိုယ်စားလှယ် Titon Mitra က ပြောကြားသည်။
■ မြန်မာ့စီးပွားရေး ကျဆင်းနေဆဲ
မြန်မာနိုင်ငံတွင် ကိုဗစ်ကာလ၌ ကျဆင်းလာသည့် စီးပွားရေးသည် နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် ပိုမိုဆုတ်ယုတ်လာခဲ့သည့်အတွက် စီးပွားရေးအညွှန်းကိန်းများ အနုတ်လက္ခဏာပြလာကြောင်း စီးပွားရေးပညာရှင်များက ထောက်ပြပြောဆိုသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ဆိုးဆိုးရွားရွား ဆုတ်ယုတ်နိုင်ဖွယ်ရှိနေဆဲဖြစ်ပြီး စက်တင်ဘာလအထိ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်း အသားတင်ကုန် ထုတ်လုပ်မှု (ဂျီဒီပီ) သည် သုံးရာခိုင်နှုန်းသာ တိုးတက်ဖွယ်ရှိကြောင်း ကမ္ဘာ့ဘဏ်က မတ် ၃၁ ရက်တွင် ထုတ်ပြန်သည်။
အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားမှု၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ပိုမိုဆိုးရွားလာမှုနှင့် မူဝါဒပိုင်း မအောင်မြင်မှုတို့သည် နိုင်ငံရေးနှင့် လူမှုရေး မတည်ငြိမ်မှုများကြောင့် အထိနာ နေသည့် စီးပွားရေးအပေါ် သက်ရောက်မှုများ ဆက်လက်ရှိနေလိမ့်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ကဆိုသည်။
“လျှပ်စစ်ဓာတ်အား ပြတ် တောက်မှုတွေ၊ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အားနည်းချက်တွေ၊ ကုန်သွယ်ရေးနဲ့ နိုင်ငံခြားငွေအပေါ် ကန့်သတ်ချက်တွေနဲ့ စည်းမျဉ်း ထိန်းသိမ်းရေးဆိုင်ရာ မရေရာမှုတွေ ဆက်ရှိနေတဲ့အတွက် စီးပွား ရေးဝန်းကျင်ဟာ သိသိသာသာ တိုးတက်လာဖွယ်မရှိပါဘူး”ဟု ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အရှေ့အာရှဒေသရှိ အခြားနိုင်ငံများတွင် ကပ်ရောဂါကာလအတွင်း စီးပွားရေးကျဆင်းခဲ့ရာမှ ပြန်လည်ဦးမော့လာသော်လည်း မြန်မာ့စီးပွားရေး၏ ထုတ်လုပ်မှုပမာဏသည် ၂၀၁၉ ခုနှစ်ကထက် သိသိသာသာ ဆက်လက်လျော့ကျ လိမ့်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ကဆိုသည်။
မြန်မာနိုင်ငံ၏ ဂျီဒီပီသည် ၂၀၂၁ ခုနှစ်က ၁၈ ရာခိုင်နှုန်းခန့် ကျုံ့သွားခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် သုံး-ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု ကမ္ဘာ့ဘဏ်က သုံးသပ်ခဲ့သည်။
အိမ်ထောင်စုများအနေဖြင့် ဝယ်လိုအား ကျဆင်းလာခြင်း၊ စားသောက်ကုန်နှင့် စက်သုံးဆီစျေးနှုန်း မြင့်တက်လာခြင်းတို့ကြောင့် ဖိအားဒဏ်ကို ဆိုးဆိုးရွားရွား ရင်ဆိုင်ခဲ့ရပြီး အမေရိကန်ဒေါ်လာနှင့် လဲလှယ်သည့် ကျပ်ငွေတန်ဖိုးသည် လည်း ၃၁ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာ့စီးပွားရေး ကျဆင်းမှုသည် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုနည်းခြင်းနှင့် ပြည်တွင်း၌ ထုတ်ပြန်သည့် ကန့်သတ်ချက်များ၊ မတည်ငြိမ်မှုများကြောင့် ရှိနှင့်ပြီးသား နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုများ ပြန်လည်ထွက်ခွာသွားခြင်း တို့နှင့်လည်း အဓိကသက်ဆိုင် ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ပြောဆိုသည်။
လက်ရှိတွင် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဘဏ်များ၏ ကန့်သတ်ချက်များကြောင့် ငွေကြေးအလွယ်တကူ ထုတ်ယူ၍ မရသည့်အပြင် ချေးငွေ မရရှိခြင်းကြောင့် ရှိရင်းစွဲလုပ်ငန်းများကိုပင် လည်ပတ်နိုင်ရန် ရုန်းကန်နေရကြောင်း သိရသည်။
ထိုသို့သော အခြေအနေများကြောင့် မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့နှုန်း ပိုမိုမြင့်တက်လာဖွယ် ရှိနေသည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မြန်မာ့စီးပွားရေး နာလန်ထူနိုင်ရန် မည်သို့ ဆက်လက်လုပ်ဆောင်မည်ကို အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ ■