အယ်နီညို၊ အပူလှိုင်းနှင့် ဆိုးရွားရာသီဥတု သက်ရောက်မှုများ

အယ်နီညို၊ အပူလှိုင်းနှင့် ဆိုးရွားရာသီဥတု သက်ရောက်မှုများ
ဇွန် ၈ ရက်က တရုတ်နိုင်ငံ ဘိုင်ဟိုင်မြို့တွင် ရေနစ်မြုပ်နေသော လမ်းတစ်လမ်း၌ ကယ်ဆယ်ရေးသမားများက ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေစဉ်  - Photo: Reuters
ဇွန် ၈ ရက်က တရုတ်နိုင်ငံ ဘိုင်ဟိုင်မြို့တွင် ရေနစ်မြုပ်နေသော လမ်းတစ်လမ်း၌ ကယ်ဆယ်ရေးသမားများက ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေစဉ် - Photo: Reuters
Published 17 June 2023
ဒေါက်တာလွင်သန့်

၁၉၈၀ ပြည့်နှစ်နောက်ပိုင်း ဥရောပမှာ ဆိုးရွားတဲ့ရာသီဥတုကြောင့် လူပေါင်း ၁၉၅၀၀၀ သေဆုံးပြီး စီးပွားရေးနစ်နာဆုံးရှုံးမှုယူရို ၅၆၀ ဘီလျံကျော်ရှိခဲ့တယ်လို့ဥရောပ သဘာဝပတ်ဝန်းကျင်အခြေစိုက် အေဂျင်စီက ဇွန် ၁၄ ရက်က ပြောကြားခဲ့ပါတယ်။

မြောက်အမေရိကမှာ မကြုံစဖူးအေးခဲတဲ့ဒဏ်ခံစားရပြီးနောက် နွေရာသီပြီးခြောက်သွေ့ကာ ကနေဒါမှာ တောမီးများလောင်ကျွမ်းခဲ့ပါတယ်။ အမေရိကန်နဲ့ ကနေဒါနယ်စပ်က "နိုင်ဂါရာ" ရေတံခွန်အေးခဲမှုကို ဆောင်းရာသီမှာ ကြုံတွေ့ခဲ့ရပါတယ်။ ဥရောပမှာတော့ ၁၉၈၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်အတွင်းရေကြီးမှုများ၊မုန်တိုင်းများ၊ အပူလှိုင်းများနဲ့ အအေးလှိုင်းများ၊ တောမီးလောင်မှုများနဲ ့မြေပြိုမှုများကြောင့် သေဆုံးသူ ၁၉၅၀၀၀၀ ဦးရှိတယ်လို့ EAA ကသူ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ နစ်နာဆုံးရှုံးမှုယူရို ၅၆၀ ဘီလျံမှာ ၁၇၀ ဘီလျံ (သို့မဟုတ်) ၃၀ ရာခိုင်နှုန်းကိုသာ အာမခံရရှိခဲ့တယ်လို့ EAA က ဆိုးရွားတဲ့ရာသီဥတုသက်ရောက်မှုနဲ့ပတ်သက်လို့ မကြာသေးမီက အချက်အလက်များ စုဆောင်းထားတယ်လို့ အွန်လိုင်းဝက်ဘ်ဆိုက်တစ်ခုကို မိတ်ဆက်ချိန်မှာ ပြောကြားခဲ့ပါတယ်။    ကမ္ဘာမြေပူနွေးလာတာနဲ့ ဆက်စပ်တဲ့သဘာဝဖြစ်စဉ်တစ်ခုဖြစ်တဲ့ အယ်နီညိုစတင်မှုကြောင့် သည်နှစ်ထဲ ကမ္ဘာ့အပူချိန်ဟာ စံချိန်တင်မြင့်တက်တာတွေဖြစ်ပြီးအမြင့်ဆုံးအခြေအနေကို ရောက်ရှိနိုင်ဖွယ်ရှိနေတယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့က သတိပေးလိုက်တယ်။ ၂၀၂၀ ပြည့်နှစ်ကစတင်ခဲ့ပြီး ထုံးစံမဟုတ်ဘဲ ကာလကြာမြင့်ဖြစ်ပေါ်ခဲ့တဲ့ အယ်လ်နီညိုရဲ့ပြောင်းပြန်လာနီညာဖြစ်စဉ်၊ ပစိဖိတ်သမုဒ္ဒရာအေးခဲမှုက အခုလုံးဝပြီးဆုံးသွားပြီလို့ ဆိုပါတယ်။

မေလကနေ ဇူလိုင်လအထိ လအနည်းငယ်အတွင်း အယ်နီညိုအဆင့်ကိုဝင်ဖို့ ၆၀ ရာခိုင်နှုန်းလောက် အခွင့်အရေးရှိနေတယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ကဆိုပြီးအဆိုပါဖြစ်နိုင်ခြေက ဇူလိုင်ကနေ ဩဂုတ်လအတွင်း ၇၀ ရာခိုင်နှုန်း အထိတိုးလာပြီး ဩဂုတ်လကုန်ရင် ၈၀ ရာခိုင်နှုန်းအထိတိုးလာမယ်ဆိုတယ်။ ဒါကြောင့်လာမယ့်နှစ်နှစ်အတွင်း ကမ္ဘာ့အပူချိန်ပြင်းပြင်းထန်ထန်တိုးလာဖို့ရှိနေပါတယ်။ သည်နှစ်ထဲမှာ အပူချိန်စတင်သက်ရောက်ပြီး ရှေ့နှစ် ၂၀၂၄ ခုနှစ်မှာပိုပြီးသိသိသာသာတိုးလာဖွယ်ရှိပါတယ်။

ဒါကြောင့် ကမ္ဘာကြီးဟာ မကြာခဏ အပူချိန်မြင့်တာ၊ မိုးခေါင်တာ (သို့မဟုတ်) မိုးကြီးတာ၊ မုန်တိုင်း၊ ငလျင်နဲ ့မြေပြိုကျမှုတွေ မီးတောင်ပေါက်ကွဲတာတွေဖြစ်စေတဲ့အယ်နီညိုဖြစ်စဉ်အတွက်ပြင်ဆင်ထားသင့်တယ်လို့ဆိုပါတယ်။ အယ်နီညိုအကျိုးဆက်အနေနဲ့တောင်အမေရိကတောင်ပိုင်း၊ အမေရိကန်တောင်ပိုင်း၊ အာဖရိကအရှေ့ဖျား၊ အာရှအလယ်ပိုင်းဒေသတွေမှာ၊ မိုးသည်းထန်စွာရွာသွန်းနိုင်ဖွယ်ရှိပြီး ဆန့်ကျင်ဘက်အနေနဲ့ဩစတြေးလျ၊ အင်ဒိုနီးရှားနဲ့ အရှေ့တောင်ပိုင်းဒေသတွေမှာတော့ပြင်းထန်တဲ့ မိုးခေါင်မှုကြုံရနိုင်ပါတယ်။

အယ်နီညိုဖြစ်ပေါ်တဲ့နှစ်တွေမှာ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုဖောက်ပြန်မှုကိုဖြစ်ပေါ်စေတဲ့ အဓိကဖန်လုံအိမ်ဓာတ်ငွေ့နှစ်ခုဖြစ်တဲ့ မီသိန်းနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေရဲ့ပြင်းအားက သိသိသာသာတက်လာတယ်လို့ သိပ္ပံပညာရှင်တွေကပြောပါတယ်။

 အယ်နီညိုက ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနဲ့ အရှေ့ဘက်အပူပိုင်းပစိဖိတ်၊ သမုဒ္ဒရာအတွင်း သမုဒ္ဒရာမျက်နှာပြင်အပူချိန်မြင့်တက်လာတာနဲ့ ဆက်စပ်နေတဲ့သဘာဝရာသီဥတုပုံစံဖြစ်ပါတယ်။ ဒါကြောင့် ပြောင်းပြန်လာနီညာကတော့ သမုဒ္ဒရာမျက်နှာပြင်အပူချိန်က အချိန်ကာလတစ်ခုအတွင်း အအေးခံတာကိုဆိုလိုတာဖြစ်ပါတယ်။

 ကမ္ဘာ့ရာသီဥတု ပူပြင်းလာလို့ လူသားထုအတွက်အန္တရာယ်ရှိတဲ့ အနီရောင်အဆင့်ရောက်ရှိလာပြီလို့ ကုလသမဂ္ဂကသတိပေးလိုက်ပါတယ်။ ကမ္ဘာ့အပူချိန်သည့်ထက်ထပ်တိုးမလာအောင်ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှုလျှော့ချပြီး ထိန်းချုပ်နိုင်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ ကြိုးပမ်းကာကွယ်နေကြပါတယ်။

 ဂျီ-၂၀ စက်မှုထိပ်သီးနိုင်ငံခြားရေးဝန်ကြီးများ အီတလီမှာ တွေ့ဆုံခဲ့စဉ်က ကိုရိုနာကပ် ဘေး၊ ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုနဲ့ စားနပ်ရိက္ခာဖူလုံရေးကိစ္စတွေဆွေးနွေးခဲ့ကြပါတယ်။ ကမ္ဘာ့ကပ်ဘေးအဆုံးသတ်ဖို ့နေရာအတော်များများအတွက်ကိုဗစ်ကာကွယ်ဆေးတွေ ပိုလိုအပ်မှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကအဖွင့်မိန့်ခွန်းမှာပြောပါတယ်။ ကမ္ဘာကျန်းမာရေးအကျပ်အတည်းကို ရင်ဆိုင်ကျော်လွှားအပြီးမှာ ကမ္ဘာ့အပူချိန်မြင့်တက်လာမှုကြုံနေရပါတယ်။

ဥရောပမှာ ဆိုးရွားတဲ့ရာသီဥတုပူပြင်းမှုကြောင့်နစ်နာဆုံးရှုံးမှုယူရို ၅၆၀ ဘီလျံမှာ ၁၇၀ ဘီလျံ(သို့မဟုတ်) ၃၀ ရာခိုင်နှုန်းကိုသာ အာမခံရရှိခဲ့တယ်လို့ (EEA) ကဆိုးရွားတဲ့ရာသီဥတုသက်ရောက်မှုနဲ့ပတ်သက်လို့ မကြာသေးခင်က အချက်အလက်များကို စုဆောင်းထားတာကိုအွန်လိုင်းဝက်ဘ်ဆိုက်တစ်ခုမိတ်ဆက်ချိန်မှာပြောကြားခဲ့တာဖြစ်ပါတယ်။ 

"နောက်ထပ်ဆုံးရှုံးမှုတွေကာကွယ်နိုင်ဖို့ ကျွန်တော်တို့အနေနဲ့ပြင်းထန်တဲ့ရာသီဥတုဖြစ်စဉ်တွေကို ဖြစ်လာစေတဲ့လုပ်ဆောင်ချက်တွေကို အမြန်ဆုံးရပ်တန့်ဖို့လိုအပ်ပါတယ်"လို့ (EEA) ကျွမ်းကျင်သူ အလက်ဆန်ဒရားကက်ဇ်မီရာချက်ကပြောကြားခဲ့ပါတယ်။ နောက်ဆုံးရရှိထားတဲ့အချက်အလက်အ ရသေဆုံးမှုရဲ့၈၁ ရာခိုင်နှုန်း ကျော်နဲ့ဆုံးရှုံးမှုရဲ့(၁၅  ရာခိုင်နှုန်းဟာ အပူလှိုင်းများကြောင့်ဖြစ်တယ်ဆိုပါတယ်။

ဥရောပအနေနဲ့ အပူဒဏ်ကိုခံနိုင်ရည်မရှိတဲ့ သက်ကြီးရွယ်အိုများအတွက်ကာကွယ်နိုင်မယ့်စီမံချက်များ လုပ်ဆောင်ဖို့ လိုအပ်ကြောင်း (EEA) ကပြောကြားခဲ့ပါတယ်။

၂၀၂၂ ခုနှစ် နွေရာသီဟာ ဥရောပမှာ ထပ်တလဲလဲအပူလှိုင်းကျရောက်လာပြီးနောက် သေဆုံးသူဦးရေဟာ ပုံမှန်ထက်ပိုမိုများပြားနေပေမဲ့ ဇွန်လ၁၄ရက်က ထုတ်ပြန်တဲ့အချက်အလက်မှာ ၂၀၂၂ ခုနှစ်သေဆုံးမှုနှုန်းကို ထည့်သွင်းဖော်ပြထားတာမရှိပါဘူး။ ၂၀၂၂ ခုနှစ်ဇူလိုင်လမှာနောက်ထပ်သေဆုံးသူ ၅၃ဝဝဝကျော်ပိုများပြီး ၂၀၁၆-၂၀၁၉ ခုနှစ်ရဲ့လစဉ်ပျမ်းမျှသေဆုံးသူအရေအတွက်ထက် ၁၆ ရာခိုင်နှုန်း အထိမြင့်တက်လာပေမဲ့ အဆိုပါသေဆုံးမှုဟာအပူဒဏ်နဲ့တိုက်ရိုက်ပတ်သက်ခြင်းမရှိကြောင်း EEA ကပြောကြားခဲ့တယ်။

စပိန်မှာ ဇွန်၊ ဇူလိုင်နဲ့သြဂုတ်လအတွင်း အလွန်ပြင်းထန်တဲ့အပူချိန်နဲ့ ဆက်နွှယ်ကာ သေဆုံးသူ ၄၆၀၀ ကျော်ရှိတယ်လို့ဆိုပါတယ်။ ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလမှာဆိုးရွားပြင်းထန်တဲ့ရာသီဥတုကြောင့်လူ ၁၄၂၀၀၀ သေဆုံးခဲ့ပြီး ၁၉၈၀-၂၀၂၀ ပြည့်နှစ်ကာလအတွင်းဆုံးရှုံးမှုယူရို ၅၁၀ ဘီလျံရရှိတယ်လို့ EEA ကထုတ်ပြန်ခဲ့ပါတယ်။

ဇွန် ၁၄ ရက်မှာ ထုတ်ပြန်တဲ့အစီရင်ခံစာမှာ အရေအတွက်တိုးပွားလာတဲ့အကြောင်းရင်းရဲ့တစ်စိတ်တစ်ပိုင်းမှာ ၂၀၂၁ ခုနှစ်အတွင်း ဂျာမနီနဲ့ဘယ်လ်ဂျီယံတို့မှာရေကြီးမှုကြောင့်ဆုံးရှုံးမှု ယူရို ၅၀ ဘီလျံနီးပါးရှိခဲ့ကြောင်းဆိုပါတယ်။ တောမီးလောင်ကျွမ်းမှုဟာ မကြာသေးမီနှစ်များထက်နှစ်ဆပိုလောင်ကျွမ်းခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာလူသားတို့ကြောင့်ဖြစ်ပေါ်တဲ့ ရာသီဥတုပြောင်းလဲမှုဟာ မိုးခေါင်မှုအန္တရာယ်တို့ ၅-၆ ဆတိုးမြင့်စေတယ်လို့ EEA ကဆိုပါတယ်။

    ကမ္ဘာကြီးဟာ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်အထိ ပူနွေးလာရင် ရာစုနှစ်အကုန်မှာစီးပွားရေးဆုံးရှုံးမှုဟာတစ်နှစ်မှာယူရိုကိုးဘီလျံမှယူရို ၂၅ ဘီလျံအထိ မြင့်တက်လာနိုင်တယ်ဆိုပါတယ်။ နှစ်ဒီဂရီဆဲလ်စီးယပ်အထိမြင့်တက်လာရင်စီးပွားရေးဆုံးရှုံးနစ်နာမှုယူရို ၃၁ ဘီလျံအထိ မြင့်တက်နိုင်ပြီးစီးပွားရေးဆုံးရှုံးမှု ၄၅ ဘီလျံအထိ ရှိလာနိုင်တယ်လို့ EEA က သတိပေးထားပါတယ်။

၂၁ ရာစုကမ္ဘာ့စီးပွားရေးဟာ အတိတ်ကာလနဲ့မတူဘဲ အကောင်းအဆိုးများရောပြွမ်းလျက်ဖြစ်ပေါ်လျက်ရှိပါတယ်။ နည်းပညာ၊ လူသားတို့စိတ်နေစိတ်ထား၊လူမှုဘဝနေထိုင်မှုပုံစံ၊ သဘာဝပတ်ဝန်းကျင်အခြေအနေ၊ ကပ်ရောဂါအမျိုးမျိုးတို့ဟာ ယခုကာလလူအဖွဲ့အစည်းများအတွက်စိန်ခေါ်မှုများနဲ့ အခွင့်အလမ်းကိုတစ်ပြိုင်နက်ဖ န်တီးသလိုဖြစ်နေပါတယ်။

    အခြေအနေအပေါ် မူတည်ကာ လူသားတို့ရဲ့စီးပွားရေးလုပ်ကိုင်ဆောင်ရွက်မှုများပြောင်းလဲဖြစ်ပေါ်နေတာများ သတိထားပြောင်းလဲဖြစ်ပေါ်နေတာသတိထားလေ့လာစရာဖြစ်ပါတယ်။ လူအဖွဲ့အစည်းများရဲ့ပြောင်းလဲဖြစ်ပေါ်လာတဲ့ စီးပွားရေးပုံစံ၊ လုပ်ပုံကိုင်ပုံများနဲ့ပတ်သက်လို့ ပညာရှင်များ၊ သုတေသီများကလည်းစိတ်ဝင်စားဖွယ်အရောင်များနဲ့ တင်စားအမည်ပေးခဲ့ကြတယ်။ ယခင်ကပန်းချီ၊ ဒီဇိုင်းဆရာအနုပညာရှင်သမားများနဲ့သာ ပိုမိုအကျွမ်းတဝင်ရှိခဲ့တဲ့အရောင်တွေဟာအခုအချိန်မှာ လူမှုဘဝများနဲ့ပါ သီအိုရီဆန်ဆန်ဆက်စပ်မှုရှိလာပြီး ပိုမိုကျယ်ပြန့်လာပါတယ်။

    အနီရောင်စီးပွားရေးဟာ ၂၀ ရာစုအစောပိုင်းကာလ ဖို့မော်တော်ကား(Ford)ကုမ္ပဏီက တီထွင်အသုံးပြုတဲ့အလုံးအရင်းထုတ်လုပ်ခြင်းဖြစ်ပါတယ်။ အနက်ရောင်စီးပွားရေးကတရားဥပဒေဘောင်ပြင်ပမှဖြစ်စေ၊ တည်ဆဲဥပဒေများချိုးဖောက်လို့ဖြစ်စေ၊ လှုပ်ရှားလုပ်ကိုင်နေတဲ့စီးပွားရေးနယ်ပယ်ဟာအနက်ရောင်စီးပွားရေးဖြစ်ပါတယ်။ အခွန်ရှောင်တိမ်းမှုက ထင်ရှားတယ်။ မီးခိုးရောင်စီးပွားရေးက အချို့ဥပဒေမဲ့ပြုလုပ်တဲ့အနက်ရောင်စီပွားရေးလို့ယူဆကြပါတယ်။ အချို့ဥပဒေဘောင်ကျော်လွန်လုပ်ကြတယ်။အညိုရောင်စီးပွားရေးကေ ကျာက်မီးသွေး၊ရေနံနဲ့ သဘာဝဓာတ်ငွေ့စတဲ့ရုပ်ကြွင်းလောင်စာအသုံးပြုလုပ်ကိုင်တဲ့စီးပွားရေးဖြစ်ပါတယ်။ ကမ္ဘာကြီးဆိုးရွားတဲ့ရာသီဥတုသက်ရောက်မှုနဲ့အတူ အရောင်ပါစီးပွားရေးများ ထွန်းကားလာခဲ့ပါတယ်။ လူတိုင်းမှာ ရာသီဥတုအတွက်တာဝန်ရှိလာပါတယ်။ 

Most Read

Most Recent