သဘာဝ၏ရင်သွေးငယ်များ (သို့မဟုတ်) အမေဇုန်တောထဲ သေကံမရောက်ခဲ့သည့် အံ့ဖွယ်ကလေးများ 

သဘာဝ၏ရင်သွေးငယ်များ (သို့မဟုတ်) အမေဇုန်တောထဲ သေကံမရောက်ခဲ့သည့် အံ့ဖွယ်ကလေးများ 
TRANSLATED- ခက်ဝေ
TRANSLATED- ခက်ဝေ
Published 14 June 2023

“ဗိုက်ဆာလိုက်တာ”၊ “မေမေကတော့ သေပြီ”ဆိုသည့်စကားက ကိုလံဘီယာနိုင်ငံရှိ အမေဇုန်တောကြီးမျက်မည်းထဲ ရက်ပေါင်း ၄၀ ကြာ ပျောက်ဆုံးနေခဲ့သည့် ကလေးငယ်လေး လေးဦးကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ပြန်တွေ့စဉ် ထိုကလေးများ ပထမဆုံး ပြောခဲ့သည့်စကားသံများ ဖြစ်သည်။

အမေဇုန်တောထဲတွင် တစ်လကျော်ကြာ ခြေဦးတည့်ရာလျှောက်သွားနေခဲ့ရသည့် (အသက် ၁၃ နှစ်၊ ကိုးနှစ်၊ ငါးနှစ်နှင့် တစ်နှစ်အရွယ်သာရှိကြသေးသည့်) ဝီတိုတိုတိုင်းရင်းသား ကလေးလေးဦးကို ကယ်ဆယ်ရေးသမားများက ဇွန် ၉ ရက်တွင် ပြန်တွေ့ပြီးသည့်နောက် ရဟတ်ယာဉ်ဖြင့် ကယ်ထုတ်ကာ မြို့တော် ဘိုဂိုတာရှိ စစ်ဆေးရုံသို့ ပို့ဆောင်ကုသပေးထားသည်။

ကလေးလေးဦးကို ပြန်တွေ့ခဲ့စဉ်ကအ ခိုက်အတန့်ကို ကယ်ဆယ်ရေးအဖွဲ့က ဇွန် ၁၁ ရက်တွင် နိုင်ငံပိုင်ရုပ်သံ RTVC မှ ထိုသို့ ပြောပြခဲ့သည်။

“သမီးအကြီးမလေး လက်စလီက ကလေးအငယ်လေးကိုပိုက်လို့ ကျွန်တော့်ဆီပြေးလာတယ်။ သူ ဗိုက်ဆာတယ်လို့လည်း လက်စလီက ပြောတယ်။ ယောကျာ်းလေးနှစ်ဦးထဲက တစ်ဦးက လှဲနေတယ်။ သူက ထလာပြီး ကျွန်တော့်ကိုပြောတယ်။ မေမေ သေပြီတဲ့” ဟု ကယ်ဆယ်ရေးအဖွဲ့ဝင် နစ်ကိုးလပ်စ် အော် ဒိုနက်ဇ်ဆိုသူက ပြောသည်။ ကလေးငယ်များ စိတ်သက်သာအောင် ၎င်းတို့သည် ကလေးငယ်များ၏ မိသားစု၊ ဖခင်နှင့် ဦးလေးတို့မှ လွှတ်လိုက်သူများဖြစ်ကြောင်းလည်း ပြောပြခဲ့ရသည်ဟု အော်ဒိုနက်ဇ်ကဆိုသည်။

တောဂနိုင်ထဲမှပြန်တွေ့ပြီးနောက် ရိုက်ယူခဲ့သည့်ဗီဒီယိုတွင် ကလေးများက ပိန်ချုံးချည့်နဲ့နေပုံပေါက်သည်။ ကယ်ဆယ်ရေးအဖွဲ့ကမူ သီချင်းဆို အောင်ပွဲခံနေခဲ့သည်။

ကလေးငယ်လေးဦးသည် ၎င်းတို့ခရီး သွားနေသည့်ရဟတ်ယာဉ် ပျက်ကျခဲ့သည့် မေ ၁ရက်ကတည်းက အမေဇုန်တောထဲ လမ်းပျောက်ဒုက္ခရောက်နေခဲ့သည်။ ရဟတ်ယာဉ်ပျံတက်ပြီး မိနစ်ပိုင်းအကြာ၌ပင် အင်ဂျင်ပြ ဿနာဖြစ်နေသည်ကို ပိုင်းလော့ကသိခဲ့သည်။ လေယာဉ်ပျက်ကျပြီး ပိုင်းလော့နှင့် ကလေးများ၏မိခင်၊ နောက်လူတစ်ဦးတို့ သေဆုံးသွားကာ အလောင်းသုံးလောင်းစလုံးကို လေယာဉ်ပျက်ကျသည့်နေရာတွင် တွေ့ခဲ့သည်။

ဇွန် ၁၁ ရက်တွင် ဆေးရုံရှေ့၌ မီဒီယာနှင့်တွေ့ဆုံရာတွင် ကလေးများ၏ဖခင်က ၎င်း၏ဇနီးသည် ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး လေးရက်ကြာပြီးတော့မှ သေဆုံးသွားသည်ဟု ပြောသည်။ ထိုအကြောင်းကို သမီးကြီး လက်စလီက အသေအချာပြန်ပြောပြခဲ့ခြင်းဖြစ်သည်။ မဆုံးမီ မိခင်က ထိုနေရာကိုစွန့်ခွာရန် ကလေးများကို မှာသွားသေးသည်။

မိခင်မက်ဒါလီနာ မျူကတ်ထွီသည် တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည်။ ထို့ကြောင့်လည်း မိခင်ဝမ်းတွင်းရောက်စဉ်ကတည်းက သဘာဝရေမြေနှင့် ရင်းနှီးကျွမ်းဝင်ထား ၊ ဗဟုသုတရှိထားမှုတို့က  ကလေးများကို အသက်ဆက်ရှင်စေခဲ့သည့် အကြောင်းရင်းဖြစ်သည်ဟု ကိုလံဘီယာတိုင်းရင်းသားလူမျိုးများအဖွဲ့က ပြောသည်။

ဂျာဂွာကျားသစ်မျိုးများနှင့် မြွေများရှိသော်ငြား၊ မရပ်မနား ရွာသွန်းမိုးကြောင့် ကယ်ဆယ်ရေးသမားများ၏ အော်ခေါ်သံကို မကြားနိုင်သော်ငြား တောကြီးမျက်မည်းထဲ ရက်ပေါင်း ၄၀ ပိတ်မိနေသည့် ကလေးလေးဦးကို အသက်ရှင်လျက်ပြန်တွေ့သည်ဆိုခြင်းမှာ အံ့ဖွယ်ကောင်းလွန်းသည်။

 

အစေ့အဆန်၊ သစ်သီးသစ်ဥများကို စားခဲ့ရ

ကလေးများသည် အစေ့၊ သစ်ဥသစ်သီးများနှင့် အမေဇုန်ဒေသတွင် ၎င်းတို့ကြီးပြင်းခဲ့စဉ် စားစရာအဖြစ် သိမှတ်ခဲ့ရသည့် အပင်များကို တောထဲတွင် ရှာစားခဲ့ကြသည်။ အရင်ဆုံး ၎င်းတို့နှင့် ပါလာသည့် ဂျုံမှုန့်များကို စားခဲ့ကြသည်။ ဆေးရုံသို့ ကာကွယ်ရေးဝန်ကြီး အီဗန်ဗယ်လာစကွက်ဇ်နှင့် သမ္မတဂူစတာဗို ပတ်ထရိုတို့ကိုယ်တိုင်သွားရောက်ကာ ကလေးများကိုသွားကြည့်ခဲ့ပြီး ပြန်လည်သက်သာလာပြီဖြစ်သော်လည်း ကလေးများက အမာစာ မစားနိုင်သေးဟု ကာကွယ်ရေးဝန်ကြီးက ပြောသည်။

အငယ်ဆုံးဖြစ်သည့် အသက်ငါးနှစ်နှင့် တစ်နှစ်သားကလေးတို့က တောထဲတွင် မွေးနေ့ကိုဖြတ်သန်းခဲ့ရပြီး ၁၃ နှစ်သမီး လက်စလီက အငယ်များကို အစောင့်အရှောက်ကောင်းခဲ့သည်။ “သူ့ရဲ့သတ္တိကြောင့် ၊ သူ့ရဲ့ ဦးဆောင်ကောင်းမှုကြောင့်၊ တောနဲ့ပတ်သက်တဲ့ သူ့ရဲ့ နှံ့စပ်မှုကြောင့်သာ ကျန်တဲ့ကလေး သုံးဦး အသက်ရှင်ခဲ့တာ”ဟု ကာကွယ်ရေးဝန်ကြီးက လက်စလီအား ချီးကျူးပြောသည်။ သားရဲတိရစ္ဆာန်များအပြင် အမေဇုန်မိုးသစ်တောသည် လက်နက်ကိုင် မူးယစ်မှောင်ခိုအဖွဲ့များ ခြေကုပ်ယူရာနေရာလည်း ဖြစ်သည်။

 

တစ်နိုင်ငံလုံးအတွက် ပျော်စရာ

ဖခင်ဖြစ်သူ၏ ဆန္ဒအရ ရှာဖွေကယ်ဆယ်ရေးကိုဦးဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီး ပတ်ထရိုဆန်းချတ်ဇ်က အငယ်ဆုံးကလေး၏ မွေးစားဖခင်အဖြစ် တာဝန်ယူပေးမည်ဖြစ်သည်။ “ကျွန်တော့်အတွက် ဒါဟာ ဂုဏ်ယူစရာပါ” ဟု ဗိုလ်ချုပ်ကြီး ဆန်းချတ်ဇ်က  ရင်ဘတ်ပေါ်လက်တင်ကာ မီဒီယာရှေ့တွင် ပြောခဲ့သည်။

စစ်သည်အင်အား ၁၆၀ နှင့် တောကျွမ်းသည့် တိုင်းရင်းသား ၇၀ ပါဝင်သည့် ကလေးလေးဦးရှာပုံတော်သည် တစ်ကမ္ဘာလုံးစိတ်ဝင်စားစရာ ဖြစ်ခဲ့ရသည်။

ရှာဖွေမှုအတွင်း ကယ်ဆယ်ရေးသမားများက ခြေရာများ၊  ကလေးသေးခံတစ်ခုနှင့် စားလက်စသစ်သီးများကို တွေ့ခဲ့ကြသဖြင့် ၎င်းတို့ ရှာနေသည့်လမ်းကြောင်း မှန်ကန်သည်ကို သိလာခဲ့ကြသည်။ ကလေးများနှင့် ပိုအ လှမ်းဝေးပြီး ရှာရပိုခက်လာမည်ကိုစိုးသဖြင့်  ကိုလံဘီယာလေတပ်ကလည်း စပိန်ဘာသာနှင့် ကလေးများ၏ ကိုယ်ပိုင်တိုင်းရင်းသားဘာသာတို့ဖြင့် ရေးထားသည့် လက်ကမ်းစာတစ်သောင်းကို တောထဲသို့ ကြဲချပေးခဲ့သည်။ ရှေ့ကိုဆက်မသွားရန်နှင့် ရောက်သည့်နေရာတွင်နေရန် စာထဲတွင် ရေးထားသည်။ ထို့ပြင် အစာထုပ်နှင့် သောက်ရေဘူးများလည်း ပစ်ချပေးခဲ့ကြသည်။

ကလေးများ ကြားနိုင်အောင် အဘွားဖြစ်သူ အသံသွင်းပေးလိုက်သည့် စကားသံကို လည်း ကယ်ဆယ်ရေးသမားများက ထုတ်လွှင့်ခဲ့ကြသည်။ ကလေးများကို ရှေ့ဆက်မသွားရန်ပင် ပြောထားခြင်းဖြစ်သည်။ စစ်တပ်အဆိုအရ လေယာဉ်ပျက်ကျသည့်နေရာမှ အနောက်ဘက် သုံးမိုင်ခန့်အကွာတွင် ကလေးများကို ပြန်တွေ့ခဲ့သည်။

ချီးကျူးစရာအကောင်းဆုံးက ၁၃ နှစ် သမီး လက်စလီပင်ဖြစ်သည်။ လက်စလီက ၎င်း၏မွေးချင်းများကို စစ်သည်ကဲ့သို့ စိတ်ဓာတ်အားမာန်မျိုးဖြင့် ဘေးကင်းအောင် စောင့်ရှောက်ခဲ့သည်ဟု အဘွားဖြစ်သူ ဖာတီ မာဗယ်လန်ရှာက ပြောသည်။

ကလေးများက ၎င်းတို့ခွေးတစ်ကောင်ကို တွေ့ခဲ့သည်ဟု အာဏာပိုင်များကို ပြန်ပြောပြသည်။ ဝီလ်ဆန်ဟုခေါ်သည့် ၎င်းဘယ်လ်ဂျီယံလမ်းပြခွေးလေးက ကိုလံဘီယာအထူးတပ်ဖွဲ့မှဖြစ်ပြီး မေ ၁၈ ရက်ကတည်းက ပျောက်သွားခဲ့သည်။ ကလေးများက ဝီလ်ဆန်နှင့် သုံးလေးရက်ကြာ အတူနေခဲ့သည်ဟု ပြန်ပြောပြသည်။

ဇွန် ၁၀ ရက်တွင် ကလေးများကို ကိုလံဘီယာသမ္မတ ဂူစတာဗို ပတ်ထရိုက လာရောက်ကြည့်ခဲ့ပြီး ၎င်းတို့လေးဦးကို ပြန်တွေ့ခဲ့မှုကို ဝမ်းပန်းတသာပြောဆိုကာ ကိုလံဘီယာသမိုင်းတွင် အမှတ်ရနေမည့်ဖြစ်ရပ်ဟု ပြော သွားခဲ့သည်။

“သူတို့က တောတောင်တွေရဲ့ ရင်သွေးလေးတွေပါ။ အခုတော့ ကိုလံဘီယာနိုင်ငံရဲ့ ရင်သွေးလေးတွေ ဖြစ်သွားပါပြီ”ဟုလည်း သမ္မတ ပတ်ထရိုက ဆိုသည်။       Ref: AFP

Most Read

Most Recent