တောင်ကိုရီးယား၏ နျူကလီးယားလက်နက်ပိုင်ဆိုင်ရေး မျှော်လင့်ချက်

တောင်ကိုရီးယား၏ နျူကလီးယားလက်နက်ပိုင်ဆိုင်ရေး မျှော်လင့်ချက်
Photo: AFP
Photo: AFP
Published 13 June 2023
TRANSLATED- ဖြိုးဟိန်းကျော်

တောင်ကိုရီးယား နိုင်ငံရေးအကြောင်း အာရုံမစိုက်မိသည့် အမေရိကန်ပြည်သူအများစုအဖို့ ဧပြီလထဲတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုတို့၏ ပူးတွဲကြေညာချက်အပေါ်အံ့သြ မိကြပေလိမ့်မည်။

တောင်ကိုရီးယားသမ္မတ၏ အမေရိကန်သို့ ခြောက်ရက်ကြာ နိုင်ငံတော်အဆင့် ခရီးစဉ်အတွင်း နှစ်နိုင်ငံသမ္မတ နှစ်ဦးသည် “၀ါရှင်တန် ကြေညာချက်”ဟု အမည်ရသော ပူးတွဲကြေညာချက်ကို ကြေညာခဲ့ခြင်းဖြစ်သည်။ ထိုကြေညာချက်အရ ကိုရီးယားကျွန်းဆွယ်ရှိ အမေရိကန်၏ နျူကလီးယားလက်နက်များကို အသုံးပြုရေးနှင့် ပတ်သက်၍ တောင်ကိုရီးယားကို ပိုမိုဆုံးဖြတ်ပိုင်ခွင့် ပေးထားပြီး တစ်ဖက်တွင်လည်း ကိုယ်ပိုင်နျူကလီးယား လက်နက်များ မတီထွင်ရန် တောင်ကိုရီးယားဘက်က ကတိကဝတ်ပြုခဲ့သည်။

ယင်းကြေညာချက်တွင် ၁၉၈၀ ပြည့်လွန်နှစ်များနောက်ပိုင်း မြင်တွေ့ရခြင်း မရှိတော့သည့် အခြင်းအရာဖြစ်သော တောင်ကိုရီးယား၌ အမေရိကန်၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်း ပုံမှန်ဖြန့်ကြက်ထားခြင်းနှင့် မြောက်ကိုရီးယားက တိုက်ခိုက်မှုပြုလုပ်လာခဲ့သော် သတင်းအချက်အလက်မျှဝေ မှု တိုးမြှင့်ရေးကဲ့သို့သော အခြားအစီအမံများလည်း ပါဝင်သည်။

ထိုကြေညာချက်သည် နျူကလီးယား လက်နက်တီထွင်နိုင်ရေးကို လိုလားနေသည့် တောင်ကိုရီးယား ပြည်သူများ၏ အတွေးကို အဆုံးသတ်စေနိုင်မည် မဟုတ်ပေ။

တောင်ကိုရီးယားသည် အမေရိကန်၏ အားထားရသော မဟာမိတ်ဖြစ်ပြီး လွတ်လပ်သော စျေးကွက်နှင့် ဒီမိုကရေစီစနစ် ကျင့်သုံးသော နိုင်ငံလည်း ဖြစ်သည်။ တောင်ကိုရီးယားတွင် အမေရိကန်တပ်ဖွဲ့ဝင် ၂၈,၀၀၀ ခန့် အခြေစိုက်သကဲ့သို့ ဗီယက်နမ်၊ အီရတ်နှင့် အာဖဂန်နစ္စတန် စစ်ပွဲတို့တွင်လည်း တောင်ကိုရီးယားက ၎င်း၏တပ်ဖွဲ့ဝင်များကို စေလွှတ်ကာ အမေရိကန်နှင့်အတူ တိုက်ပွဲဝင်စေခဲ့သည်။

ထို့အတူ ဆိုးလ်မြို့တောင်ပိုင်းရှိ အမေရိကန်တပ်ဖွဲ့ဝင်များ အသုံးပြုသော စစ်အခြေစိုက်စခန်း တည်ဆောက်ရာတွင် ကုန်ကျခဲ့သည့် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၈ ဘီလျံ အနက်မှ ရာခိုင်နှုန်း ၉၀ ကိုလည်း တောင်ကိုရီးယားက ကျခံခဲ့သည်။  

တောင်ကိုရီးယားသည် အမေရိကန်တောင်သူများနှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် အရေးပါသည့် နိုင်ငံတစ်ခုဖြစ်ကာ အမေရိကန်၏ လယ်ယာထွက်ကုန်များအတွက် ဆဋ္ဌမမြောက် အရေးအပါဆုံး ပြည်ပစျေးကွက်ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၉ ဒသမ ၃ ဘီလျံဖိုး ဝယ်ယူခဲ့သည်။

စင်စစ်အားဖြင့် နိုင်ငံအများအပြားသည် အမေရိကန်မှ လူသုံးကုန်များကိုသာ တင်သွင်းလေ့ရှိသော်လည်း တောင်ကိုရီးယားက အများဆုံး ဝယ်ယူတင်သွင်းသည့် ထုတ်ကုန်မှာ အမဲသားဖြစ်ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၂ ဒသမ ၇ ဘီလျံအထိ ရှိခဲ့သည်။

Pew သုတေသနစင်တာ၏ အဆိုအရ တောင်ကိုရီးယားပြည်သူ ၈၉ ရာခိုင်နှုန်းသည် အမေရိကန်ပြည်ထောင်စု အပေါ် လိုလားနှစ်သက်မှုရှိကြပြီး ယင်းသည် အာရှနိုင်ငံများအနက် အများဆုံးဖြစ်ကာ တစ်ကမ္ဘာလုံးအတိုင်း အတာအရလည်း ပိုလန်ပြီးလျှင် ဒုတိယအများဆုံးဖြစ်သည်။ တောင်ကိုရီးယားပြည်သူများသည် အမေရိကန်အပေါ် လိုလားနှစ်သက်မှုရှိသော်ငြားလည်း အမေရိကန်၏ နျူကလီးယား အကာအကွယ်အပေါ် မှီခိုလိုခြင်းမရှိပေ။

နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာအားကောင်းလျက်ရှိသော်လည်း သမ္မတယွန်းဆော့ယိုကပြည်တွင်း၌ နျူကလီးယားလက်နက်များ တီထွင်ရေးနှင့်ပတ်သက်၍ ယခုနှစ်အစောပိုင်းက အရိပ်အမြွက် ပြောဆိုခဲ့ဖူးသည်။ လူထုစစ်တမ်းများအရ တောင်ကိုရီးယားပြည်သူ ၇၁ ရာခိုင်နှုန်းကလည်း ယင်းကို ထောက်ခံကြသည်။

တောင်ကိုရီးယား ပြည်သူများက ကိုယ်ပိုင်နျူကလီးယားလက်နက် တီထွင်ရန် လိုလားနေသည့် အကြောင်းရင်းကို မှန်းဆရန် ခက်ခဲလိမ့်မည်မဟုတ်ပေ။ အမေရိကန်တပ်များကို အာဖဂန်နစ္စတန်မှ ကစဉ့်ကလျားရုပ်သိမ်းခဲ့ရသည့် အခြေအနေသည် တောင်ကိုရီးယား၏ ယုံကြည်မှုအပေါ် သက်ရောက်မှုရှိခဲ့သည်။ နောက်ထပ်စိုးရိမ်မှုတစ်ခုမှာ လာမည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရန့် ပြန်လည်ရွေးကောက်ခံရသည်ရှိသော် အမေရိကန်တပ်များအား တောင်ကိုရီးယားမှရုပ် သိမ်းရေးကို ပြန်လည်လုပ်ဆောင်လာနိုင်ခြင်းပင် ဖြစ်သည်။

ထို့အပြင် မြောက်ကိုရီးယား၌ အမေရိကန်ပြည်ထောင်စုအထိ ပစ်ခတ်နိုင်သော ဒုံးလက်နက်များ ပိုင်ဆိုင်ထားခြင်းကြောင့် အမေရိကန်အနေဖြင့် မိမိတိုင်းပြည်၏ ဘေးကင်းလုံခြုံမှုကို လောင်းကြေးထပ်၍  တောင်ကိုရီးယားကို အကာအကွယ်ပေးပါမည်လောဟု တောင်ကိုရီးယားပြည်သူများက တွေးမိပေလိမ့်မည်။

ပြီးခဲ့သည့်တစ်ကြိမ်က တောင်ကိုရီးယားအနေဖြင့် နျူကလီးယားလက်နက်တီထွင်ရန် ချိန်ဆခဲ့စဉ်ကလည်း အမေရိကန်အပေါ် ယုံကြည်အားထားနိုင်မှုသည် မေးခွန်းထုတ်စရာဖြစ်ခဲ့သည်။ ယင်းသည် တောင်ဗီယက်နမ် နှင့် ကမ္ဘောဒီးယားတို့မှ အမေရိကန်တို့ ဆုတ်ခွာလာခဲ့သည့် ၁၉၇၀ ပြည့်လွန်နှစ်ကာလများက ဖြစ်သည်။

ထိုစဉ်က တောင်ကိုရီးယားအနေဖြင့် အမေရိကန်နှင့် မဟာမိတ်အဖြစ် ဆက်ရှိမည်လော သို့မဟုတ် နျူကလီးယားလက်နက်ပိုင်ဆိုင်ရေးအတွက် လုပ်ဆောင်မည်လောဟူသည့် နည်းလမ်းနှစ်ခုထဲမှ တစ်ခုကို ရွေးချယ်ရန် အမေရိကန်က တောင်ကိုရီးယားအစိုးရကို ပြောကြားခဲ့ရာ တောင်ကိုရီးယားက အမေရိကန်၏ မဟာမိတ်အဖြစ်သာ ဆက်ရှိနေရန် ဆုံးဖြတ်ခဲ့သည်။

ထိုစဉ်က တောင်ကိုရီးယားသည် အာဏာရှင်၏ အုပ်ချုပ်မှုအောက်တွင်ရှိသော ဆင်းရဲနွမ်းပါးသည့်ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုသာ ဖြစ်ခဲ့သည်။ မျက်မှောက်ခေတ်တွင်မူ တောင်ကိုရီးယားသည် မိမိ၏အစိုးရကို ကိုယ်တိုင် ရွေးကောက်တင်မြှောက်ခွင့်ရှိသော ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။

တောင်ကိုရီးယား ပြည်သူအချို့ကမူ နျူကလီးယားလက်နက်ပိုင်ဆိုင်ခြင်းသည် နိုင်ငံ ၏ဂုဏ်သိက္ခာအတွက်သာမက လုံခြုံမှုအတွက်လည်း အရေးပါသည်ဟု ယူဆနေသည်။ ဆင်းရဲချွတ်ခြုံကျပြီး ခေတ်နောက်ကျ ကျန်ရစ်ခဲ့သည့် မြောက်ပိုင်းမှ သွေးချင်းများသည်ပင် နျူကလီးယားလက်နက် ပိုင်ဆိုင်ထားရာ မိမိတို့အနေဖြင့်လည်း နျူကလီးယားလက်နက် ပိုင်ဆိုင်ထားသင့်သည်ဟု တွေးမိကြပေလိမ့်မည်။

အမေရိကန်အား ယုံကြည်အားထားရမှုအပေါ် စိုးရိမ်မှုများ ရှိနေသကဲ့သို့ မြောက်ကိုရီးယား၏ အန္တရာယ် သည်လည်း ပိုမိုကြီးထွားလာခဲ့သည်။ မြောက်ကိုရီးယားဘက်က နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် ဆွေးနွေးမည်မဟုတ်သည့်အတွက် အမေရိကန်၏ ကြိုးပမ်းမှုများသည်လည်း ရပ်တန့်လု နီးပါး ဖြစ်နေသည်။

တောင်ကိုရီးယားက ကိုယ်ပိုင်နျူကလီး ယားလက်နက်တီထွင်ခဲ့လျှင် အလွန်ဆိုးရွားသော အကျိုးဆက် ဖြစ်လာနိုင်သလောဟူသည့် မေးခွန်းထုတ်မှုများလည်း ရှိနေသည်။

မည်သို့ပင်ဆိုစေကာမူ ယင်းသည် ဒေါ်နယ်ထရန့် အပါအဝင် ပြီးခဲ့သည့်ဆယ်စုနှစ် ခုနစ်ခုအတွင်း အမေရိကန်သမ္မတအဆက်ဆက် လက်ကိုင်ပြုခဲ့သည့် နျူကလီးယား မပြန့်ပွားရေးမူဝါဒအတွက် ထိုးနှက်ချက် တစ်ခုဖြစ်လာမည်မှာ ထင်ရှားနေသည်။

ထိုမူဝါဒသည် နျူကလီးယား မပြန့်ပွားရေးကို တားဆီးနိုင်ခဲ့ခြင်း မရှိသော်လည်း အထိုက်အလျောက် ကန့်သတ်ထိန်းချုပ်နိုင်ခဲ့သည်။ ၁၉၇၅ ခုနှစ်အရောက်တွင် နျူကလီးယားလက်နက် ပိုင်ဆိုင်သည့်နိုင်ငံ ၁၀ နိုင်ငံမှ နိုင်ငံ ၂၀ အထိ ရှိလာလိမ့်မည်ဟု အမေရိကန် သမ္မတဂျွန်အက်ဖ်ကနေဒီက ၁၉၆၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် ခန့်မှန်းခဲ့သည်။ လတ်တလောတွင် မြောက်ကိုရီးယားအပါအဝင် နျူကလီးယားလက်နက် ပိုင်ဆိုင်သည့်နိုင်ငံကိုးနိုင်ငံသာ ရှိသေးသည်။

အိန္ဒိယနှင့် ပါကစ္စတန်တို့သည် နျူကလီးယားမပြန့်ပွားရေး သဘောတူညီချက်ကို ဆန့်ကျင်အာခံခဲ့သည့်တိုင် အပြန်အလှန် နျူကလီးယားလက်နက် အသုံးပြုခဲ့ခြင်း မရှိပေ။

တောင်ကိုရီးယား နျူကလီးယားလက်နက် ပိုင်ဆိုင်လာခြင်းက နျူကလီးယားကပ်ဘေးကြီး ဖြစ်လာနိုင်ခြေကို အမှန်တကယ် လျှော့ချနိုင်ပြီး မြောက်ကိုရီးယားကို ဟန့်တားနိုင်ပါမည်လော။

ထို့အတွက် နျူကလီးယား မပြန့်ပွားရေးကို လိုလားထောက်ခံသူများတွင် အဖြေအဆင်သင့် ရှိပေလိမ့်မည်။ နျူကလီးယားလက်နက် ပိုင်ဆိုင်သည့်နိုင်ငံများလာလေ၊ မတော်တဆမှု သို့မဟုတ် တွက်ကိန်းမှားမှုကြောင့် နျူကလီး ယားကပ်ဘေး ပေါ်ပေါက်လာနိုင်ခြေနှင့် အကြမ်းဖက်သမားများလက်ဝယ်သို့ နျူကလီး ယားလက်နက်များ ရောက်ရှိနိုင်ခြေပိုများလေ ဖြစ်လာနိုင်သည်ဟူသော အဖြေပင်ဖြစ်သည်။

အမေရိကန်က နျူကလီးယားအင်အားဖြင့် ဟန့်တားကာကွယ်ပေးမည်ဟု သမ္မတဘိုင်ဒင်က အလေးအနက် ပြောဆိုထားပြီး မြောက်ကိုရီးယားက အမေရိကန်နှင့် မဟာမိတ်နိုင်ငံများကို နျူကလီးယားလက်နက်ဖြင့် တိုက်ခိုက်မည်ဆိုလျှင် မြောက်ကိုရီးယားအစိုးရ၏အဆုံးသတ် ဖြစ်လာလိမ့်မည်ဟု ပြတ်ပြတ်သားသား သတိပေးထားသည်။

ကိုရီးယားကျွန်းဆွယ်ရှိ အမေရိကန်၏ နျူကလီးယားလက်နက်များ အသုံးပြုရေးနှင့် ပတ်သက်၍ တောင်ကိုရီးယားကို ပိုမိုဆုံးဖြတ်ပိုင်ခွင့်ပေးခြင်းအားဖြင့် နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံ ထပ်တိုးလာမည့်အရေးကို တားဆီးနိုင်မည်ဟု ဘိုင်ဒင်အစိုးရက မျှော်လင့်နေကြောင်းနှင့် ၀ါရှင်တန် ကြေညာချက်သည် အရေးပါသော သဘောတူညီမှုတစ်ရပ်ဖြစ်ကြောင်း ဟားဗက်တက္ကသိုလ်မှ ပညာရှင်တစ်ဦးဖြစ်သူ ဂရေဟမ်အယ်လစ်ဆန်က ဆိုသည်။

ယင်းကြေညာချက်သည် နျူကလီးယား မပြန့်ပွားအောင် ထပ်မံတားဆီးနိုင်မည်လော ဆိုသည်ကိုမူ ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။              Ref: Asia Times

Most Read

Most Recent