အောင်ဘာလေ အွန်လိုင်းသိန်းဆုထီစနစ်စတင်ခြင်း ဖွင့်ပွဲ ဇွန် ၈ ရက်က ကျင်းပခဲ့ခြင်းနှင့် ကျပ် ၁၀ သိန်းနှင့်အောက် အောင်ဘာလေ အွန်လိုင်းထီဆုငွေများကို အီလက်ထရွန်နစ် ငွေပေးချေမှုစနစ်ဖြင့် ထုတ်ပေးမည်ဟုကြေညာခြင်း

အောင်ဘာလေ အွန်လိုင်းသိန်းဆုထီစနစ်စတင်ခြင်း ဖွင့်ပွဲ ဇွန် ၈ ရက်က ကျင်းပခဲ့ခြင်းနှင့် ကျပ် ၁၀ သိန်းနှင့်အောက် အောင်ဘာလေ အွန်လိုင်းထီဆုငွေများကို အီလက်ထရွန်နစ် ငွေပေးချေမှုစနစ်ဖြင့် ထုတ်ပေးမည်ဟုကြေညာခြင်း
အောင်ဘာလေ အွန်လိုင်းသိန်းဆုထီစနစ် စတင်ခြင်းအခမ်းအနား ဇွန် ၈ ရက်က ကျင်းပစဉ်
အောင်ဘာလေ အွန်လိုင်းသိန်းဆုထီစနစ် စတင်ခြင်းအခမ်းအနား ဇွန် ၈ ရက်က ကျင်းပစဉ်
Published 11 June 2023

အောင်ဘာလေ အွန်လိုင်းသိန်းဆုထီ စနစ်စတင်ခြင်း ဖွင့်ပွဲအခမ်းအနားကို ဇွန် ၈ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်းဗဟိုဌာန-၂ တွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အနုပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ယင်းနောက် အောင်ဘာလေသိန်းဆုသမိုင်းကြောင်း Documentry နှင့် အောင်ဘာလေ အွန်လိုင်းသိန်းဆုထီစနစ်ကို Video Clip ဖြင့် မိတ်ဆက်ပြသခဲ့သည်။

ထို့နောက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် Viettel Group မှ (Mytel) CEO Nguyen Tien Dung တို့က အောင်ဘာလေ အွန်လိုင်းသိန်းဆုထီစနစ်ကို စတင်ဖွင့်လှစ်ပေးခဲ့သည်။

ကျပ် ၁၀ သိန်းနှင့်အောက် အောင်ဘာလေ အွန်လိုင်းထီဆုငွေများကို အီလက်ထရွန်နစ်ငွေပေးချေမှုစနစ်ဖြင့် ထုတ်ပေးမည်

အောင်ဘာလေအွန်လိုင်းထီ ဆုငွေများနှင့်ပတ်သက်၍ ကျပ် ၁၀ သိန်းနှင့်အောက် ထီဆုငွေများကို အီလက်ထရွန်နစ် ငွေပေးချေမှုစနစ်ဖြင့် ပြန်လည်ထုတ်ပေးမည်ဖြစ်ပြီး အောင်ဘာလေအွန်လိုင်းထီအတွက် ထီဖွင့်ပွဲကို ၅၂ ကြိမ်မြောက် ထီဖွင့်ပွဲနှင့်အတူ ပူးတွဲကျင်းပမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

အောင်ဘာလေအွန်လိုင်းထီ ကံစမ်းလိုသူများအနေဖြင့် Aung Bar lay Application မှတစ်ဆင့် ထီလက်မှတ်တစ်စောင်လျှင် ကျပ် ၁၀၀၀ နှုန်းဖြင့် ၂၀၂၃ ခုနှစ် ဇွန် ၈ ရက်မှစတင်၍ ဝယ်ယူကံစမ်းနိုင်ပြီ ဖြစ်ကြောင်း၊ Aung Bar Lay Application ကို Download လုပ်ရမည့် landing Page ကို URL Link မှာ https://aungbarlay.ird.gov.mm ဖြစ်ပြီး website view ကို အသုံးပြုရမည့် URL Link ၌ https://aingbarlayonline.ird.gov.mm/ ဖြစ်သည်။     

အောင်ဘာလေထီလက်မှတ်များကို အွန်လိုင်းမှ ဝယ်ယူကံစမ်းလိုသူများအနေဖြင့် Application မှတစ်ဆင့် မိမိနှစ်သက်ရာ အက္ခရာနှင့် နံပါတ်ကို ရွေးချယ်ဝယ်ယူခြင်းစနစ်မှ အလိုအလျောက် ရွေးချယ်ပေးသော အက္ခရာနှင့် နံပါတ်အား ဝယ်ယူခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ထီလက်မှတ် ဝယ်ယူပြီးပါက ဝယ်ယူထားသည့် ထီလက်မှတ်များကို ဝယ်ယူသူ၏ Account တွင် ပြန်လည်ကြည့်ရှုစစ်ဆေးနိုင်မည်ဖြစ်သည်။

ဝယ်ယူကံစမ်းခဲ့သည့် အောင်ဘာလေ အွန်လိုင်းထီလက်မှတ်များထဲမှ ကံထူးခဲ့ပါက ကံထူးရှင်၏ဖုန်းနံပါတ်သို့ စာတို (SMS) ပေးပို့အကြောင်းကြားခြင်း၊ ကျပ် ၁၀ သိန်းနှင့်အောက် ထီဆုငွေများဖြစ်ပါက Application မှတစ်ဆင့် ထီဆုငွေ ထုတ်ယူနိုင်ရန်အတွက် လျှို့ဝှက်ကုတ်နံပါတ်ပေးပို့ခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်သည်။

အောင်ဘာလေအွန်လိုင်းထီ ဆုငွေများနှင့်စပ်လျဉ်း၍ ကျပ် ၁၀ သိန်းနှင့်အောက် ထီဆုငွေများကို အီလက်ထရွန်နစ်ငွေပေးချေမှုစနစ်ဖြင့် ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်းနှင့် ထီကံစမ်းရာတွင် ပထမအဆင့်အနေဖြင့် KBZ Pay၊ AYA Pay၊ CB Pay၊ UAB Pay နှင့် Mytel Pay များကို အသုံးပြုနိုင်ကြောင်း သိရသည်။

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်အပြင် လက်ရှိကျင့်သုံးလျက်ရှိသော ထီလက်မှတ်များ ပုံနှိပ်ဖြန့်ဖြူးရောင်းချသည့် အောင်ဘာလေသိန်းဆုထီစနစ်ကိုလည်း ဆက်လက်ကျင့်သုံးမည်ဖြစ်သည်။ အောင်ဘာလေအွန်လိုင်းထီအတွက် ထီဖွင့်ပွဲကို  ၅၂ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲနှင့်အတူ ၂၀၂၃ ခုနှစ် ဇူလိုင် ၁ ရက်တွင် ပူးတွဲ ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်တွင်း၌ ဆန်ဝယ်ယူရာတွင် ပြည်ပဘဏ်ငွေစာရင်းများသို့ ငွေကြေးလွှဲပြောင်းမှု လက်ခံခဲ့သည့် ကုမ္ပဏီသုံးခုကို Black List သတ်မှတ်ကြောင်း DICA ကြေညာ

ပြည်တွင်း၌ ဆန်ဝယ်ယူရာတွင် ပြည်ပဘဏ်ငွေစာရင်းများသို့ ငွေကြေးလွှဲပြောင်းမှုလက်ခံခဲ့သည့် ကုမ္ပဏီသုံးခုအား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် Black List သတ်မှတ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်ထားသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန အွန်လိုင်းမှတ်ပုံတင်စနစ်တွင် ဖွဲ့စည်းမှတ်ပုံတင် ထားသော ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာရမည့်အပြင်  မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းခွင်နှင့်သက်ဆိုင်သည့် အစိုးရဌာန၊ အဖွဲ့အစည်း များမှ ချမှတ်ထားသော အခြားတည် ဆဲဥပဒေနှင့် နည်းဥပဒေများ လိုက်နာခြင်း မရှိကြောင်း တွေ့ရှိရပါက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာန၏ ဝက်ဘ်ဆိုက်တွင် မှတ်ပုံတင်အရာရှိက အများ ပြည်သူသိရှိစေရန် ကြေညာသွားမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့ပြီးဖြစ်သည်။

ပြည်တွင်း၌ ဆန်ဝယ်ယူရာတွင် ပြည်ပ ဘဏ်ငွေစာရင်းများသို့ ငွေကြေးလွှဲပြောင်းမှု လက်ခံခဲ့သည့် Paing Family International Co.,Ltd၊ ၊ Millionarie Phyo Trading Co.,Ltd, Ayar Thu Kha San Pluses & Beans Trading Co.,Ltd စသည့်အမည်တို့ဖြင့် ကုမ္ပဏီသုံးခုအား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် ၂၀၂၃ ခုနှစ် ဇွန် ၇ ရက်မှစ၍  အမည်မည်းစာရင်း Black List ထည့်သွင်းသတ်မှတ်ခဲ့ခြင်းကို သိရှိနိုင်ရန် အသိပေးကြေညာပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်ဘက်တွင် ချိပ်ပိတ်ခံထားသည့် မြန်မာကုန်သည်များ၏ နှမ်းနှင့် ပဲမျိုးစုံ တန်ချိန် တစ်သောင်းကျော်ကို   ဇွန်လ ဒုတိယပတ်အတွင်း လေလံပစ်မည်ဟု ကနဦးသတင်းများအရ သိရ

တရုတ်ဘက်တွင် ချိပ်ပိတ်ခံထားသည့် မြန်မာကုန်သည်များ၏ နှမ်းနှင့် ပဲမျိုးစုံတန်ချိန်တစ်သောင်းကျော်ကို  ဇွန်လ ဒုတိယပတ်အတွင်း လေလံပစ်မည်ဟု မူဆယ်နယ်စပ်မှ ရရှိသောသတင်းများအရ သိရသည်။

“အစတုန်းက ဇွန် ၆ ရက်မှာ လေလံပစ်မယ်လုပ်ထားတာ။ ဒါပေမဲ့ ၆ ရက်နေ့က မလုပ်ဖြစ်ဘူး။ ၁၄ ရက်နေ့ လေလံပစ်မယ်ဆိုပြီး သတင်းကြားပါတယ်”ဟု မူဆယ်နယ်စပ်မှ ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာ-တရုတ်နယ်စပ် ဝမ် တိန်ဂိုဒေါင်၌ရှိသည့် နှမ်းနှင့် ပဲမျိုးစုံကို တရုတ်အစိုးရက ချိပ်ပိတ်ထားသည့်အတွက် မြန်မာကုန်သည်များက မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) တွင် မေ ၃၀ ရက်က ရှင်းလင်းပွဲကျင်းပခဲ့သည်။

“ပြီးခဲ့တဲ့ ဧပြီလတုန်းက တရုတ်ဘက်က အကျိုးဆောင်ကုမ္ပဏီတွေက အစိုးရက ဥပဒေနဲ့မညီဘူးဆိုပြီး မြန်မာကုန်သည်တွေရဲ့ကုန်ပစ္စည်းတွေ သိမ်းဆည်းတာပါ။ မန္တလေးပဲကုန်သည်တွေရဲ့ ပဲနှမ်းတွေ ချိပ်ပိတ်ခံထားရတယ်။ အကျိုးဆောင်ပေးတဲ့ကုမ္ပဏီတွေက သူတို့ရဲ့ကုန်တွေ မဟုတ်ဘူးဆိုပြီး ကိုယ်လွတ်ရုန်းသွားလို့ ပဲတွေက မြန်မာပြည်ကနေ တရားဝင်အခွန်ဆောင်ပြီး တရုတ်ဘက်က ဂိုဒေါင်မှာ သွားချထားတဲ့ ကုန်တွေပါ။ ချိပ်ပိတ်ထားတဲ့ကုန်တွေက တရုတ်ကုန်သည်တွေရဲ့ကုန်မဟုတ်ပါဘူး။ မြန်မာကုန်သည်တွေရဲ့ကုန်ပါ”ဟု မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေး ကုန်စည်ဒိုင်) ပြန်ကြားရေး တာဝန်ခံကဆိုသည်။

“တရုတ်ပြည်ဝမ်တိန်ဘက်မှာ ကိုဗစ်ကာလတုန်းက အဲဒီဘက်မှာ ဂိုဒေါင်ချရောင်းတာလေ။ အရင်တုန်းက မြန်မာဘက် ၁၀၅ မိုင်မှာ ရောင်းချကြတာ။ အခုနောက်ပိုင်း သရက်၊ ဖရဲ၊ သခွား အကုန်လုံးကို ဝမ်တိန်ဘက် ဂိုဒေါင်မှာချပြီး ဟိုဘက်က ကုန်သည်ကို ရောင်းချရတာပါ။ အခု ပဲတွေ နှမ်းတွေ ဟိုဘက် ဝမ်တိန်မှာရှိတဲ့ ဂိုဒေါင်ထဲက ပစ္စည်းတွေက မြန်မာကုန်သည်တွေပိုင်တာပါ။ မန္တလေးကုန်စည်ဒိုင်က ကုန်သည်တွေပိုင်တဲ့ ပဲနှမ်းတွေပေါ့။ တန် ချိန်တစ်သောင်းကျော်ရှိတယ်။ အဲ ဒါကို တရုတ်အစိုးရဘက်က မှောင်ခို ဝင်ရောက်တယ်ဆိုပြီး တားဆီးပိတ်ပင်ပြီး အကုန်လုံးကို လေလံပြန်ပစ်မယ်လုပ်နေလို့ အခုလို ရှင်းလင်းပွဲလုပ်တာပါ။ မြန်မာဘက်က လိုင်စင် တင်ပို့ခွင့်အကုန် တရားဝင်သွားထားတဲ့ကုန်တွေပါ။ တရုတ်ဘက်ကလည်း တရားဝင်စစ်ဆေးပြီးမှ ဂိုဒေါင်ထဲရောက်တဲ့ကုန်ပစ္စည်းတွေပါ။ ကုန်တွေက အခုချက်ချင်းရောင်းနေတဲ့ ကုန်တွေမဟုတ်ဘူး။ ၂၀၂၂  ခုနှစ် ၁၂ လပိုင်း ကိုဗစ်ကာလတုန်းက ရောက်နေတဲ့ပစ္စည်းတွေပါ။ တရုတ်ဘက်က အခုမှထပြီး တရားမဝင်ကုန်တွေပါဆိုပြီး ပိတ်သိမ်းပြီး လေလံပစ်မယ်လုပ်နေလို့ နိုင်ငံတော်က ဒါကိုကူညီဆောင်ရွက်ပေးဖို့ ရှင်းလင်းပြတဲ့သဘောပါ”ဟု မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မူလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောကြားသည်။

တရုတ်နယ်စပ်မှ သွင်းကုန် လိုင်စင်လျှောက်ထားရာတွင် ပို့ကုန်ရငွေမှဖြစ်စေ၊ ပြည်တွင်းဘဏ်မှဖြစ်စေ ဝယ်ယူထားသော ငွေစာရင်းလက် ကျန် (ယွမ်ငွေ) ရှိကြောင်း တင်ပြရမည်ဖြစ်ကြောင်း နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီက ဆုံးဖြတ်ထားသည်။

ပင်လယ်ရေကြောင်းမှဖြစ်စေ၊ နယ်စပ်မှဖြစ်စေ ပြည်ပမှတင်သွင်း မည့်သွင်းကုန်ပစ္စည်းများအတွက် လိုင်စင်ရရှိပြီး ငွေပေးချေရာတွင် ပြည်တွင်းဘဏ်များမှဖြစ်စေ၊ ပို့ကုန်ရငွေမှဖြစ်စေ ဝယ်ယူ၍ ဘဏ်ငွေလွှဲ ပြောင်းပေးခြင်းစနစ်ဖြင့်သာ ပေးချေခွင့်ပြုရန်၊ တရုတ်နယ်စပ်မှ သွင်းကုန်လိုင်စင်လျှောက်ထားရာတွင် ပို့ကုန်ရငွေမှဖြစ်စေ၊ ပြည်တွင်းဘဏ်မှဖြစ်စေ ဝယ်ယူထားသော ငွေစာရင်းလက်ကျန် (ယွမ်ငွေ) ရှိကြောင်း Bank Statement ဖြင့် တင်ပြလျှောက်ထားရန် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၄၁/၂၀၂၃)တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent