အေအိုင် (AI) ကို စိုးရိမ်နေသည့် မလေးရှားနိုင်ငံ

အေအိုင် (AI) ကို စိုးရိမ်နေသည့် မလေးရှားနိုင်ငံ
Published 11 June 2023
ကြယ်စင်ဖေသင်

(၁) အင်္ဂလိပ်ဝေါဟာရအားဖြင့် အာတီဖစ်ရှယ်လ် အင်တဲလီးဂျန့် (Artifical Intelligence)၊ အတိုကောက်အားဖြင့် အေအိုင် (AI) ဟု ခေါ်သည့် လူသားဦးနှောက်နီးပါး စွမ်းရည် (လူသားစွမ်းရည်ထက် ကျော်လွန်နိုင်သည့်) ရှိသည့် အဆင့်မြင့် အားကြီးသော နည်းပညာသည် ကမ္ဘာ့နယ်ပယ်အသီးသီးသို့ ပျံ့နှံ့လာခဲ့ပြီ။

လောကသဘာဝအတိုင်း နည်းပညာဖွံ့ဖြိုးတိုးတက်မှုသည် အကောင်းနှင့်အဆိုး ဖြစ်ထွန်းလာတတ်သဖြင့် အားလုံး သတိထားစောင့်ကြည့်နေကြရသည်။ အချို့က လူသားလောကကို ကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ်ဟုပင်ရှုမြင်ကြ၏။ လွန်ခဲ့သည့် မတ်လကဆိုလျှင် အေအိုင်သည် လူသားမျိုးနွယ်စုကို အန္တရာယ်ပေးလာနိုင်သည့် အခြေအနေရှိသောကြောင့် အေအိုင်နည်းပညာ ဖွံဖြိုးတိုးတက်မှုအခြေအနေကို ခြောက်လရပ်တန့်ထားရန်လိုကြောင်း အေအိုင်နည်းပညာပိုင်ဆိုင်ထားသည့် ကုမ္ပဏီများကိုယ်တိုင် တောင်းဆိုရသည့်အနေအထား ဖြစ်လာသည်။ ဤသို့ဖြင့် တီထွင်မှုနယ်ပယ်မှ ပညာရှင်များပင်စိုးရိမ်မှုများ ရှိနေသည်ဖြစ်ရာ နိုင်ငံအသီးသီးမှ ခေါင်းဆောင်များ၊ နယ်ပယ်ကဏ္ဍအသီးသီးရှိ ပုဂ္ဂိုလ်များကလည်း ၎င်းတို့၏ သက်ဆိုင်ရာကဏ္ဍများအပေါ် ထိခိုက်လာနိုင်ခြေများနှင့်ပတ်သက်၍  ကြိုတင်တွေးပူနေရကြသည်။

(၂) အမေရိကန်အစိုးရ၏ သိပ္ပံနှင့်နည်းပညာမူဝါဒဌာန ဒါရိုက်တာ အရာတီ ပရာဘက်ကာ (Arati Prabhakar) က ထူးခြားဆန်းပြားသည့် အေအိုင်နည်းပညာကိရိယာ (AI tool) များသည် အမေရိကန်နိုင်ငံသားများ၏ နေထိုင်မှုဘဝများအပေါ် များစွာသက်ရောက်မှုရှိလိမ့်မည်ဟု မှတ်ချက်ပြုထားသည်။ အိမ်ဖြူတော်တွင် အမေရိကန်သမ္မတနှင့် အမေရိကန် အေအိုင်ထိပ်တန်း နည်းပညာကုမ္ပဏီများ တွေ့ဆုံ၍ အေအိုင်နည်းပညာ ဘေးထွက်ဆိုးကျိုးများကို မည်သို့မည်ပုံ ကိုင်တွယ်ဖြေရှင်းမှုများနှင့်ပတ်သက်၍ ဆွေးနွေးမှုများပင်ရှိခဲ့သည်။ တရုတ်စီးပွားရေး အဆောက်အအုံထဲရှိ  အလုပ်အကိုင်အခွင့်အလမ်းများသည်လည်း အနာဂတ်ကာလများ၌ အေအိုင်နည်းပညာကြောင့်ပင် ပမာဏကြီးမားစွာဆုံးရှုံးလာနိုင်ခြေရှိသည်ဟု မှန်းဆချက်များ ပေါ်ထွက်လျက်ရှိသည်။ 

ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းအုပ်စု Goldman Sachs ၏ အစီရင်ခံစာအရ အနာဂတ်တွင် အချိန်ပြည့် အလုပ်အရေအတွက်ပေါင်း သန်း ၃၀၀ ကို အေအိုင်နည်းပညာဖြင့် အစားထိုးနိုင်ဖွယ်ရှိသည်ဟု သိရသဖြင့် အေအိုင်နည်းပညာ တွင်ကျယ်လာမှုကြောင့် အနာဂတ်ကာလ၌ ကမ္ဘာနှင့်အဝန်း အလုပ်လက်မဲ့နှုန်းသည် ယခုထက်ပို၍  မြင့်တက်လာနိုင်သည်ဟု မှန်းဆနေကြသည်။ ထို့ကြောင့် အေအိုင် နည်းပညာဖွံ့ဖြိုးမှု၏ အကျိုးဆက်များနှင့်ပတ်သက်၍ လောလောလတ်လတ် စိုးရိမ်နေကြရသည်မှာ လူသားတို့၏ အလုပ်အကိုင်အခွင့်အလမ်းများ လက်လွှတ်ဆုံးရှုံးနိုင်ခြေပင်ဖြစ်သည်။

ယခု ထိုကဲ့သို စိုးရိမ်မှုများ မလေးရှားနိုင်ငံတွင်လည်းဖြစ်ပေါ်နေကြောင်း သတင်းများတွင် ဖတ်ရှုရသည်။ အဆိုပါသတင်း၏ခေါင်းစဉ်မှာ “အေအိုင်ကြောင့်ဖြစ်ပေါ်လာမည့် အနာဂတ်ကာလ အလုပ်အကိုင် ဆုံးရှုံးမှုများအတွက် မလေးရှားနိုင်ငံသည် မဖြစ်မနေပြင်ဆင်ထားရမည်”ဟူ၍။ မလေးရှားနိုင်ငံ၏ ၂၀၂၃ ခုနှစ် အလုပ်လက်မဲ့နှုန်းနှင့်ပတ်သက်၍  ၃ ဒသမ ၈ ရာခိုင်နှုန်းရှိနိုင်သည်ဟု ခန့်မှန်းမှုများရှိနေသည်။ အေအိုင်နည်းပညာကြောင့် အနာဂတ်ကာလများတွင် အလုပ်လက်မဲ့နှုန်း မြင့်တက်လာနိုင်သည်ဟု သုတေသန လေ့လာချက်များက ခန့်မှန်းထားသောကြောင့် မလေးရှားနိုင်ငံသည် ၎င်းတို့၏ အနာဂတ်ကာလ၌ အလုပ်လက်မဲ့နှုန်း ဆိုးရွားလာနိုင်ခြေနှင့်ပတ်သက်၍ ကြိုတင်တွေးပူနေခြင်းဖြစ်လိမ့်မည်။ 

(၃) ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုသော မလေးရှားနိုင်ငံသည် အေအိုင်နည်းပညာကို နှစ်လိုဖွယ် အဆင့်မြင့်နည်းပညာအဖြစ်လက်ခံလျက် နိုင်ငံ၏အနာဂတ်ကာလဖွံ့ဖြိုးတိုးတက်မှုများအတွက် ထိရောက်စွာ အသုံးချခွင့်ရရေး အားထုတ်သင့်သည်။ အေအိုင်နည်းပညာကြောင့် လူသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးနိုင်ခြေရှိနေသော်လည်း လူသားတစ်ဦးချင်း၏ နေ့စဉ်လုပ်ငန်းဆောင်တာများမှစ၍ တီထွင်မှုနယ်ပယ်များနှင့် ကြီးမားသော ထုတ်လုပ်မှုလုပ်ငန်းများအဆုံး အထောက်အကူဖြစ်စေကာ လုပ်ငန်းလွယ်ကူ ချောမွေ့စေနိုင်သည်ကိုလည်း သတိပြုရမည်ဖြစ်သည်။ ထို့ကြောင့် ရောက်ရှိလာတော့မည့် အေအိုင်နည်းပညာကို နိုင်ငံ၏ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရေးပါသည့် အဆင့်မြင့်နည်းပညာအဖြစ် ထည့်သွင်းစဉ်းစား၍ မူဝါဒများ ပြင်ဆင်ချမှတ်ထားရမည်။  ပညာရေးကဏ္ဍရှိ အဖွဲ့အစည်းများ၊ ကျောင်းများ၊ တက္ကသိုလ်များက အဓိကအခန်းကဏ္ဍမှ ပါဝင်နေရမည်။  

(၄) တိုးတက်ပြောင်းလဲလာသည့် အလုပ်အကိုင် စျေးကွက်အတွင်း ရှင်သန်လှုပ်ရှားနိုင်ရေးအတွက် အခြေခံကျောင်းများ၊ အသက်မွေး ဝမ်းကျောင်း အဖွဲ့အစည်းများ၊  တက္ကသိုလ်များသည် သင်တန်းသား များကို ကျယ်ပြန့်သောနည်းပညာဆိုင်ရာ သိမြင်မှု၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုများကို ထိထိရောက်ရောက် ဖြည့်ဆည်းပေးရန်လိုအပ်သည်။ အလျင်အမြန် တိုးတက်လာနေသော နည်းပညာများနှင့် လိုက်လျောညီထွေရှိစေမည့် သင်ရိုးညွှန်းတမ်းကို ပြန်လည်ပြင်ဆင်သင့်သည်။ 

စက်ယန္တရားက ပုံတူကူး၍ မလုပ်ဆောင်နိုင်သည့်စွမ်းရည်များကို ဖော်ထုတ်ခြင်းသည် အရေးကြီးဆုံးဖြစ်သည်ကို နားလည်ထားသင့်သည်။

ထို့ပြင် နည်းပညာဆိုင်ရာ အသိပညာများ လွယ်ကူချောမွေ့စွာ လွှဲပြောင်းပေးနိုင်ရေးအတွက် တက္ကသိုလ်များသည် နည်းပညာရပ်ဝန်းရှိ လုပ်ငန်းများနှင့် ပူးတွဲလုပ်ဆောင်မှုများ၊ မိတ်ဖက်အစီအစဉ်များ ထူထောင်ထားရမည်။ ကျောင်းသားများကို နည်းပညာ၏ လက်တွေ့ကျကျ အခြေအနေများကို အဆက်မပြတ် ထောက်ပံ့ပေးနိုင်ရမည်။ ထိုသို့ချဉ်းကပ်လုပ်ဆောင်မှုများမှတစ်ဆင့် လက်တွေ့လုပ်ငန်းများတွင် လိုအပ်နေသည့် ကျွမ်းကျင်မှုများနှင့် ကျောင်းသားများရရှိထားသော နည်းပညာဆိုင်ရာ အရည်အချင်းများ ချိတ်ဆက်မိသွားနိုင်သည်။ စာတွေ့နှင့် လက်တွေ့ကြား ကွာဟချက်အတွက် အပြန်အလှန်ဖြည့် ဆည်း ပေးလာနိုင်လိမ့်မည်။ စီးပွားရေးအဆောက်အအုံအတွင်း ပူးပေါင်းကြိုးပမ်း အားထုတ်မှုများသည် လူ့စွမ်းအားအရင်းအမြစ်များ ပျိုးထောင်ရာ၌ အတွေ့အကြုံများ လက်ဆင့်ကမ်း မျှဝေနိုင်ပြီး အေအိုင်ကြောင့် ဖြစ်ပေါ်လာသော အလုပ်အကိုင် စျေးကွက်သစ်များ၏ လိုအပ်ချက်များနှင့် ကိုက်ညီသည့် ကျွမ်းကျင်မှုများပါ ဖွံ့ဖြိုးတိုးတက်လာစေနိုင်ပါသည်။

(၅) အေအိုင်နည်းပညာသည် ကမ္ဘာပေါ်ရှိနိုင်ငံများ၊ အစိုးရများ၊ စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံသား တစ်ယောက်ချင်းစီ၏ စွမ်းရည်များကို ထိုးနှက်တော့မည်လား။ မည်သို့ပင်ကြုံလာစေကာမူ အေအိုင်နည်းပညာ၏ ထိုးနှက်မှုသည် နိုင်ငံ့စီးပွားရေးအရှိုက်ကို မထိစေရေး ကာကွယ်နိုင်ရန် သက်ဆိုင်ရာနိုင်ငံအစိုးရများက အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သင့်သည်ဟု အကြံပြုကြသည်။ အေအိုင်ကြောင့် ဖြစ်ပေါ်လာသော အလုပ်အကိုင်ဆုံးရှုံးသူများကို ကာကွယ်နိုင်ရန်  ဆန်းသစ်သော မူဝါဒများကို အကောင်အထည်ဖော်သင့်သည်။ လူသားလုပ်သားများအတွက် လျော်ညီမည့် အလုပ်အကိုင်အခွင့်အလမ်းသစ်များကို တက်ကြွစွာဖန်တီးပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရမည်။

(၆) အေအိုင်နည်းပညာသည် ဆန်းပြား၍ အဆင့်မြင့်မှုရှိသော်လည်း (လူသားများထက် ကျော်လွန်နိုင်သည့် စွမ်းရည်ရှိသည်ဟု ဆိုနေသည့်တိုင်) ကံ၊ စိတ်၊ဥတု၊ အာဟာရနှင့် ဘဝရှင်သန်ရပ်တည်နေသော လူသားများ၏နေရာကို လုံးလုံးအစားထိုး၍ မရနိုင်ဟုကောက်ချက်ချလိုပါသည်။ သို့သော် သက်ဆိုင်ရာ နယ်ပယ်အသီးသီး၌ ကျွမ်းကျင်မှုများရှိနေပြီးဖြစ်သော လူသားများသည် နယ်ပယ်အလိုက် ၎င်းတို့၏လုပ်ငန်းဆောင်တာများကို ပို၍ စွမ်းဆောင်ရည် ရှိရှိ၊ ပို၍မြန်မြန်ဆန်ဆန်၊ ပို၍တိတိကျကျ၊ ပို၍ ချောမွေ့စွာ လုပ်ဆောင်နိုင်ရန် အေအိုင် (AI ) နည်းပညာကို လက်ခံကျင့်သုံးရန် လိုအပ်ပါလိမ့်မည်။   

မလေးရှားနိုင်ငံအနေဖြင့် အောက်ပါတို့ကို ကြိုတင်စဉ်းစားပြင်ဆင်ရန်လိုသည်။

- မည်သည့်ကဏ္ဍတွင် အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးမှုများနိုင်သည်ကို သုတေသနပြုလုပ်၍ ခန့်မှန်းထားရန်၊

- အလုပ်အကိုင်အခွင့်အလမ်းဆုံး ရှုံးသူများအတွက် ကုစားရေး အစီအစဉ်များကို ကြိုတင်ရေးဆွဲစီစဉ်ထားရန်၊

- အေအိုင်နည်းပညာကြောင့်ရရှိလာမည့် အကျိုးကျေးဇူးများ အမြင့်ဆုံးရရှိရေးနှင့် ဆိုးကျိုးအနည်းဆုံးဖြစ်ရေးကို ဦးတည်ထားသည့် ပြည် တွင်း ပညာရေးစနစ်မျိုးကို ပြောင်းလဲပြင်ဆင်ရန်၊

- အေအိုင်နည်းပညာဖြင့် ရရှိလာသည့် ဝင်ငွေနှင့် ကောက်ခံရမည့် အခွန်ကိစ္စ၊ တိုးပွားလာမည့် နိုင်ငံ့ စီးပွားဥစ္စာဓနကို ခွဲဝေသုံးစွဲ‌ရေးကြို တင်စီစဉ်ထားရန်။

(၇) မလေးရှားနိုင်ငံနည်းတူ အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများလည်း အေအိုင် (AI) နည်းပညာက ပေးမည့် အခွင့်အလမ်းနှင့် စိန်ခေါ်မှုတို့အတွက်တစ်ပြိုင်နက်ပြင်ဆင်ကြရပေမည်။ အေအိုင် (AI) နည်းပညာ ဖွံ့ဖြိုးထွန်းကားလာမှုကြောင့် လူသားများတွင် အလုပ်အကိုင်အခွင့်အလမ်းများဆုံးရှုံးခြင်း အပါအဝင် အခြားသော ဆိုးကျိုးများရှိနိုင်သော်လည်း အေအိုင် (AI) နည်းပညာကပေးသည့် အကျိုးကျေးဇူးများကို အသိအမှတ်ပြု၍ လူသားလောကအတွက် အကျိုးရှိရှိအသုံးချနိုင်ရေးကိုလည်း အလေးအနက်ထား စဉ်းစားရပါလိမ့်မည်။  

https://www.eurasiareview.com/