လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဘယ်နိုင်ငံတွေက ကူညီမှာလဲ

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဘယ်နိုင်ငံတွေက ကူညီမှာလဲ
နေပြည်တော်တွင် ၂၀၂၃ ခုနှစ် မေ ၃၀ ရက်က UEC ဥက္ကဋ္ဌနှင့် ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ တွေ့ဆုံစဉ်
နေပြည်တော်တွင် ၂၀၂၃ ခုနှစ် မေ ၃၀ ရက်က UEC ဥက္ကဋ္ဌနှင့် ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ တွေ့ဆုံစဉ်
Published 11 June 2023

မြန်မာနိုင်ငံတွင် အရေးပေါ်ကာလပြီးဆုံးပါက ရွေးကောက်ပွဲပြန်လည်ကျင်းပပေးမည်ဟု နစကဘက်က အာမခံထားသည်။

လာမည့်ရွေးကောက်ပွဲများတွင်လည်း အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးသွားမည်ဖြစ်ကြောင်း နစက၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကြေညာထားသည်။

နစက,က ဦးစီးကျင်းပမည့်ရွေးကောက်ပွဲအပေါ် နိုင်ငံအချို့က စိတ်ဝင်စားမှုရှိခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် လာရောက်တွေ့ဆုံမှုများ ရှိခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲ ပြန်လည်ကျင်းပချိန်တွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် ကူညီပေးမည်ဖြစ်ကြောင်း နိုင်ငံအချို့မှ သံတမန်များက ဆိုသည်။

၂၀၂၂ ခုနှစ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့်လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနှင့်လည်းကောင်း ရွေးကောက်ပွဲနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့သည်။

၂၀၂၂ ခုနှစ် ဧပြီ ၁၉ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် တရုတ်သံအမတ်ကြီးက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နစက၏ ရှေ့လုပ်ငန်းစဉ် ငါးရပ်နှင့်အညီ ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေနှင့် နိုင်ငံရေးပါတီများနှင့်စပ်လျဉ်း၍ စစ်ဆေးဆောင်ရွက်နေမှုတို့ကို မေးမြန်းခဲ့ကြောင်း UEC က ထုတ်ပြန်သည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စုရွွေးကောက်ပွဲကော်မရှင်အနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ခြင်း၊ မဲဆန္ဒရှင်စာရင်းများ ပြုစုခြင်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ နိုင်ငံရေးပါတီများအား စစ်ဆေးဆောင်ရွက်နေမှုနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ခင်ရင်းနှီးစွာဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေတို့ကို ဆွေးနွေးခဲ့သည်။

ထို့အတူ ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက်ကလည်း နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr. Vinay Kumar  တို့ တွေ့ဆုံ၍ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံသည် ယခင်ကတည်းက ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် အကူအညီများပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီစနစ် ဖော်ဆောင်ရာတွင် အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီစနစ်၊ ဥပဒေများကို လေ့လာ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးက အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်မှု၊ အကူအညီပေးမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တွေ့ဆုံပွဲတွင် ရွေးကောက်ပွဲဆိုင်ရာကိစ္စ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနှင့် အကူအညီပေးနိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိလိုသည်များကို  မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးက မေးမြန်းခဲ့သည်။

ထိုသို့မေးမြန်းမှုအပေါ် UEC ဥက္ကဋ္ဌက ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြုစုဆောင်ရွက်နေမှု၊ နိုင်ငံရေးပါတီများကို စစ်ဆေးဆောင်ရွက်နေမှု၊ PR စနစ် ပြောင်းလဲကျင့်သုံးနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ အကူအညီပေးနိုင်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြ သည်။

၂၀၂၃ ခုနှစ်တွင်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးအနေဖြင့် မတ် ၇ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့်လည်းကောင်း၊  မေ ၃၀ ရက်၌ ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်လည်းကောင်း ရွေးကောက်ပွဲနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့သည်။

မတ် ၇ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့ တွေ့ဆုံပြီး လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲ ကျင်းပနိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် တရုတ်သံအမတ်ကြီးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်ငါးရပ်နှင့်အညီ ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု၊ နိုင်ငံရေးပါတီများနှင့်စပ်လျဉ်းသည့်အခြေအနေ၊ တည်ငြိမ်အေးချမ်းစွာဖြင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းမှု၊ နိုင်ငံရေးပါတီများ တည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားမှုနှင့် စိစစ်ဆောင်ရွက်နေမှု၊ လာမည့်ရွေးကောက်ပွဲများတွင် အီလက်ထရွန်နစ် မဲပေးစက်အသုံးပြုနိုင်ရေးဆောင်ရွက်နေမှု၊ အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးဆောင်ရွက်မည့်အခြေအနေ၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင်ပြည်သူများက လက်ခံသည့် မှန်ကန်မျှတသည့် ရွေးကောက်ပွဲများကျင်းပနိုင်ရေး ဆောင်ရွက်နေမှု၊ ဆန္ဒမဲပေးခွင့်ရှိသူများ ဥပဒေနှင့်အညီ မဲပေးနိုင်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံရေးပါတီဆိုင်ရာ ကိစ္စရပ်များနှင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးတို့ကို ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲ ပြန်လည်ကျင်းပမည့်အပေါ် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့က လာရောက်တွေ့ဆုံ ဆွေးနွေးမှုများရှိသည့်အပြင် ရုရှားနိုင်ငံကလည်း UEC နှင့် လာရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။

မေ ၃၀ ရက်က နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့်  ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr.Sholban Kara-Ool တို့ တွေ့ဆုံ၍ ရွေးကောက်ပွဲတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရုရှားနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်တို့အကြား ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်နေမှု၊ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှု၊ ကျင်းပမည့်ရွေးကောက်ပွဲများတွင် အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးဆောင်ရွက်မည့်အခြေအနေနှင့် နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များ စိစစ်ဆောင်ရွက်နေမှုတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr.Sholban Kara-Ool က ဒူးမားလွှတ်တော်ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေးသည် အစဉ်အလာကောင်းများရှိခဲ့ပြီး ၇၅ နှစ်တိုင် ရှိခဲ့ပြီဖြစ်ကြောင်း၊ ရှေးယခင်ကတည်းက နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ရှေ့ဆက်ပြီးလည်း ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားပြီး အမြဲထောက်ခံအားပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိုင်ငံအလိုက် ပြဋ္ဌာန်းဆောင်ရွက်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေများသည် တူညီမှု မရှိဘဲ မိမိနိုင်ငံ၊ မိမိအခြေအနေနှင့် ကိုက်ညီစေရန် ရေးဆွဲဆောင်ရွက်ရကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ရွေးကောက်ပွဲများ ကျင်းပရာတွင် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် မဲဆန္ဒရှင်ပြည်သူများက ယုံကြည်လက်ခံသည့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲများ၏ အားနည်းချက်များကို လေ့လာသုံးသပ်ပြီး လာမည့် ရွေးကောက်ပွဲများတွင် မဲမသမာမှုများမဖြစ်အောင် ဥပဒေများကို ဆောင်ရွက်ထားကြောင်း၊ နိုင်ငံရေး ပါတီများအနေဖြင့်လည်း မဲစာရင်းပြုစုခြင်းလုပ်ငန်းစဉ်များကို လေ့လာစောင့်ကြည့်ခွင့်နှင့် ပူးပေါင်းဆောင်ရွက်ခွင့်ရှိမည်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီအားလုံးကို ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံရေးပါတီများ တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များ ပြုရာတွင်လည်း ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ မရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံရေးပါတီမဆို ဥပဒေများကို ချိုးဖောက်ပါက အရေးယူခံရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် ပြည်ပသြဇာခံများမဖြစ်စေရေး အရေးကြီးကြောင်း၊  နိုင်ငံရေးပါတီများသည် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် တာဝန်ယူရမည့်သူများဖြစ်၍ ဒီမိုကရေစီ သက်တမ်းနုနယ်သည့် မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံရေးပါတီကောင်းများ၊ လူတော်လူကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရုရှားနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်နှင့်ညှိနှိုင်း၍ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထူးခြားချက်အနေဖြင့် ရုရှားနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌသည် UEC ဥက္ကဋ္ဌနှင့် တွေ့ဆုံပြီးနောက် နစကဥက္ကဋ္ဌနှင့်လည်း သွားရောက်တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ရုရှားနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌက မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပချိန်တွင် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရန် ရုရှားနိုင်ငံက ကူညီဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့သည်။

လက်ရှိတွင် UEC အနေဖြင့် နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခွင့်ပြုရာတွင် ဇွန် ၅ ရက်အထိ နိုင်ငံရေးပါတီ၂၂ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့သည်။

နစကအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် ပြဋ္ဌာန်းပြီးနောက် UEC သို့ လာရောက်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၆၃ ပါတီရှိသည့်အနက် ဇွန် ၅ ရက်အထိ UEC က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားသည့် ပါတီ ၂၂ ပါတီရှိလာခြင်းလည်း ဖြစ် သည်။

UEC သို့ လာရောက်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၆၃ ပါတီ ရှိသည့်အနက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လာရောက်လျှောက်ထားသည့် ပါတီ ၁၃ ပါတီနှင့် ပုဒ်မ ၂၅ အရ လာရောက် လျှောက်ထားသည့်ပါတီ ၅၀ ရှိကြောင်း UEC က ထုတ်ပြန်ထားသည်။

ယင်းသို့ လာရောက်လျှောက်ထားသည့် ပါတီများထဲတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် ပါတီ ၁၂ ပါတီနှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီ ၅၁ ပါတီရှိကြောင်း UEC က ဆိုသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ သတ်မှတ်ကာလအတွင်း လျှောက်ထားခြင်းမရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကိုလည်း နိုင်ငံရေးပါတီအဖြစ်မှ UEC က ဖျက်သိမ်းခဲ့သည်။ 

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုအပေါ် မူတည်၍ ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင် ပြောကြားထားသည်။

၂၀၂၃ ခုနှစ် မေ ၂၂ ရက်ကလည်း ရွေးကောက်ပွဲကို မဖြစ်မနေ ဆောင်ရွက်သွားမည်ဟု အာမခံကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်မံပြောကြားခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲပြန်လည်ကျင်းပပေးမည်ဆိုပါက လွတ်လပ်၍ တရားမျှတသည့်ရွေးကောက်ပွဲဖြစ်စေရန် မည်သည့်နိုင်ငံများက မည်သို့ကူညီပေးမည်ကို ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သည်။

Most Read

Most Recent