ပီတိမစားတော့တဲ့ ခေတ်  

ပီတိမစားတော့တဲ့ ခေတ်  
Published 10 June 2023
ညီခ

(၁)

ကျောင်းတွေ ပြန်ဖွင့်တော့မှာမို့ သားလေးကို ကျောင်းအပ်ရမယ်။ ကိုယ်တွေမှာ ပစ္စည်းဥစ္စာ မပြည့်စုံတဲ့အတွက် သားလေးကို ပေးနိုင်တာဆိုလို့ ပညာအမွေပဲ ရှိတာမဟုတ်လား။

လက်ရှိမှာ အစိုးရကျောင်းတွေက အခမဲ့ ပညာရေးစနစ်ဖြစ်တဲ့အတွက် ကျောင်းအပ်တဲ့ အခါ ပိုက်ဆံ မကုန်ဘူး။ ကျောင်းသုံးဖတ်စာ အုပ်အပြင် ကျောင်းဝတ်စုံတစ်စုံပါ ရသေး တယ်။ 

ဒီနှစ်ဆို သားလေးက သုံးတန်းကျောင်း သားကြီးတောင် ဖြစ်လာပြီ။ ဒါတောင် ကြား ထဲမှာ ကပ်ရောဂါနဲ့ နိုင်ငံရေးအပြောင်းအ လဲကြောင့် နှစ်နှစ်အောက်လိုက်ရလို့ နို့မို့ဆို ငါးတန်း ရောက်နေပြီ။ 

ကိုယ်တွေက အစိုးရဝန်ထမ်းဖြစ်တဲ့အတွက် သားလေးကို အစိုးရကျောင်းပဲ ထားနိုင်တယ်။ ကံကောင်းတာက ဝန်ထမ်းလိုင်းခန်းက မြို့ထဲမှာ ရတဲ့အတွက် သားလေးကို အစိုးရနာမည်ကြီးကျောင်းတစ်ကျောင်း ထားနိုင်ခဲ့ တယ်။ 

ဒီကျောင်းမှာ ထားဖို့ဆိုတာ ကိုယ်တွေလို လခစားဝန်ထမ်းတွေအဖို့ အိပ်မက်တောင် မက်ရဲတာ မဟုတ်ဘူး။ ဒီမြို့နယ်က မဟုတ်ရင် ဒီကျောင်းမှာ ထားလို့မရတဲ့အတွက် တခြားမြို့ နယ်က ပိုက်ဆံရှိတဲ့ မိဘတွေက ဒီမြို့နယ်မှာ လာပြီး အိမ်ထောင်စုတွေ ဝင်ကြတယ်။ 

ဒီလိုဝင်တဲ့အခါ အလကားတော့ ဘယ်ရပါ့မလဲ။ အနည်းဆုံးအောက်ထစ် သိန်းကို ဆယ်ဂဏန်းရှိတယ်။ ပိုက်ဆံရှိတဲ့ မိဘတွေကျ တော့လည်း ကိုယ့်သားသမီးကို ကျောင်း ကောင်းကောင်းထားချင်တာနဲ့ ဒီလောက်ပိုက် ဆံကို သုံးကြတာပဲ။ 

ဒီသတင်းကို ကြားကြားချင်း ကိုယ်တွေ မှာတော့ သူတို့အစား ရင်တွေ မောလို့။ အိမ် ထောင်စုထဲ ဝင်ပြီးတာနဲ့ ဒီမြို့နယ်က လူဖြစ် သွားတဲ့အတွက် ကျောင်းအပ်တဲ့အခါ ကိုယ့် ကလေးကို ကျောင်းက လက်ခံပေးတယ်။ 

အခမဲ့ပညာရေးစနစ်ဆိုပေမဲ့လည်း ဒီ လိုအခြေအနေတွေ ရှိနေသေးတဲ့အပေါ် အ ထက်က လူကြီးတွေကတော့ သိပုံမပေါ်ဘူး။ ဒီခေတ်မှာ ပိုက်ဆံချမ်းသာတဲ့လူတွေကတော့ ဘယ်ကျောင်းတက်ချင်ချင် ငွေလမ်းခင်းလိုက် ရုံပဲ။ 

ကိုယ်တွေလို လခစားဝန်ထမ်းတွေအတွက် ဒါမျိုး လုပ်ဖို့ဆိုတာ အိပ်မက်တောင် မမက်ရဲဘူး။ တစ်လ တစ်လရတဲ့ လခလေးနဲ့ မိသားစု ရှင်သန်ရပ်တည်ရေးကို အသည်းအသန် ဖြေရှင်းနေရတဲ့အတွက် ကိုယ်တွေဆီမှာ ငွေပိုငွေလျှံလည်း မရှိဘူး။ 

ရတဲ့လခလေးတောင် တစ်လတစ်လ မနည်းလောက်အောင် သုံးနေရတာ။ ဒီကြား ထဲ ကုန်စျေးနှုန်းကလည်း တဖြည်းဖြည်း တက်လာတဲ့အတွက် ရှိရင်းစွဲလခနဲ့က သုံးရတာ မလောက်မငှဖြစ်လာတယ်။ ဘယ်တတ်နိုင် မလဲ။ လိုလာတော့လည်း အတိုးလေးနဲ့ချေးပြီး သုံးရတာပေါ့။

လကုန်ရင် ပြန်ဆပ်လိုက် လလယ်လောက်ကျရင် ပြန်ဆွဲလိုက်နဲ့ အကြွေး သံသရာထဲမှာပဲ လည်နေရတာ။ အခုလည်း ဒီလို ကျောင်းမှာ သားလေးကို ထားနိုင်တယ်ဆိုတာ ကိုယ်တွေက ဒီမြို့နယ်မှာ ဝန်ထမ်းလိုင်းခန်း လေးရလို့သာ ထားနိုင်တာ။ ကိုယ်တွေအနေ အထားနဲ့ တခြားမြို့နယ်ကသာဆို ဒီကျောင်း ထားဖို့ မပြောနဲ့ ကျောင်းအနားတောင် ကပ် နိုင်မှာ မဟုတ်ဘူး။ 

ဒီနှစ်တော့ သားလေးကို ကျူရှင်ထားဖို့ စိတ်ကူးထားတယ်။ ကိုယ်တွေရဲ့ ဝင်ငွေနဲ့ဆို အပိုသုံးငွေထွက်ဖို့ မဖြစ်နိုင်ပေမဲ့ ကလေး ပညာရေးဆိုတော့လည်း မရှိတဲ့ကြားက ကြိတ် မှိတ်ထားရမှာပဲ။ 

သူ့ကိုထားမယ့်ကျူရှင်စရိတ် ထွက်လာဖို့ အတွက် ကိုယ်တွေကတော့ ဒီထက်ပိုပြီး ချွေတာသုံးရတော့မှာပေါ့။ ဒါကြောင့်လည်း ကလေးကို ကျူရှင်ထားဖို့ ရပ်ကွက်ထဲမှာ စုံစမ်း ကြည့်တယ်။ 

ကိုယ်တွေထင်ထားတာက သုံးတန်းဖြစ်တဲ့အတွက် ကျူရှင်လခက တစ်သောင်း၊ တစ်သောင်းခွဲလောက်ပဲ ရှိမယ်လို့ ထင်ထားတာ။ အရပ်ထဲ တကယ်စုံစမ်းကြည့်တော့မှ ဘာသာစုံကို လေးသောင်းတဲ့။ “ဘုရား ဘုရား”လို့ ‘တ’ ရုံမှတစ်ပါး အခြားမရှိဘူး မဟုတ်လား။ 

နှစ်တန်းအထိ သားလေးကို ကျူရှင်မထားခဲ့ပေမဲ့  ကလေးက စာတော်တယ် ပြောရမယ်။ သူ့အမေ သင်ပေးတာလည်း ပါတာပေါ့။ မနှစ်က ဒုတိယတန်းမှာ စားမေးပွဲဖြေတိုင်း ဘာသာစုံ All D ရတယ်။ ဒီနှစ်တော့ သုံးတန်း ဖြစ်လာတဲ့အတွက် ကျူရှင် စထားဖို့ စုံစမ်းလိုက်ကာမှ တစ်လ လေးသောင်းဆိုတော့ ကိုယ်တွေမှာ နင်သွားတယ်။ 

မိန်းမက ကလေးတစ်ဖက်နဲ့မို့ အလုပ် မရှိ။ ကိုယ်ကလည်း လခစားအစိုးရဝန်ထမ်း။ ကိုယ်ရတဲ့လခလေးနဲ့ မိသားစုသုံးယောက် စားနေရတာ။ ဒါတောင် လိုင်းခန်းရထားလို့ အိမ်ငှားခ မကုန်တာ။ ကိုယ့်လခတစ်ခုတည်း နဲ့သာ အိမ်ပါငှားနေရရင် ထမင်းတောင် နပ် မှန်မှာ မဟုတ်ဘူး။ 

တစ်လလေးသောင်းဆိုပေမဲ့ မိန်းမကတော့ ကလေးကို ကျူရှင်ထားချင်နေတယ်။ အိမ်မှာ သူ သင်ပေးတယ်ဆိုပေမဲ့ သူက ဆရာမ မဟုတ်တဲ့အတွက် သူ့သားကို စနစ်တကျ စာသင်မပေးနိုင်ဘူး။ 

ဒါကြောင့်လည်း ကျူရှင်ထားပြီး သူက ဘေးကနေ သင်ပေးဖို့ စိတ်ကူးနေတာ။ ခက် တာက ကိုယ်တွေမှာ တစ်လကို လေးသောင်း လောက် အပိုသုံးငွေ ထွက်ဖို့က တော်တော် ခက်ခဲနေတာပဲ။ 

ဒီလို ခေတ်ဆိုးခေတ်ကျပ်ကြီးထဲမှာ တစ်လလေးသောင်း အပိုသုံးဖို့ဆိုတာ အခြေ ခံလူတန်းစားတွေအတွက်တော့ လွယ်မှ မ လွယ်ပဲ။  

ဒါကို မိန်းမကလည်း သိပေမဲ့ ချွေတာ စားပြီး သူ့သားကို ကျူရှင်ထားမယ်ချည်း လုပ် နေတာ။ သားကို ကျူရှင်ထားဖို့ လင်မယားနှစ် ယောက်တိုင်ပင်လိုက်တိုင်း ရင်မောရတယ်။ 

သူများကလေးမိဘတွေဆို နွေကျောင်းပိတ်ရက်ကတည်းက နောက်နှစ်အတန်းစာ အတွက် ကျူရှင်ကြိုထားကြတာ။ ကိုယ်တွေ မှာ ကျောင်းဖွင့်တော့မှ ကျူရှင်ထားဖို့ကို အခု ထိ တိုင်ပင်နေရတုန်း။ 

လင်မယားနှစ်ယောက်တိုင်ပင်ရင်းနဲ့ ကျူရှင်ထားဖို့ကို တခြားလမ်းကြောင်းတစ်ခု စဉ်းစားမိတယ်။ ကျောင်းက အတန်းပိုင်ဆရာ မဆီမှာ ကျူရှင်ထားရင် ဒီထက် စျေးသက်သာ မလားပေါ့။ 

ဒီလိုနဲ့ မိန်းမကို ကျောင်းဖွင့်ရင် ကျူရှင် ကိစ္စ စုံစမ်းဖို့ တာဝန်ပေးလိုက်တယ်။ ကျောင်း က ဆရာမဆီက ကျူရှင်စျေးနှုန်းသိတော့မှပဲ ရပ်ကွက်ထဲမှာ ထားမလား။ ဆရာမဆီမှာ ထားမလားဆိုတာကို ဆုံးဖြတ်ဖို့ လင်မယား နှစ်ယောက် သဘောတူလိုက်တယ်။ 

(၂) 

ဇွန် ၁ ရက်နေ့ ကျောင်းဖွင့်မယ်တဲ့။ မ နက်ဖြန် ဇွန် ၁ ရက်နေ့မို့ ကိုယ့်မှာတော့ အိပ် လို့ မပျော်ဘူး။ သားလေးနဲ့ မိန်းမကတော့ ဘေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေ တယ်။ 

အဓိက,က ကိုယ်စဉ်းစားနေတာ ကျောင်း က ဆရာမဆီမှာ ကျူရှင်အပ်ဖို့ကိစ္စ။ ကိုယ် တွေ ငယ်ငယ်တုန်းက ဆရာ၊ ဆရာမတွေဆို ပိုက်ဆံအဓိက မဟုတ်ဘဲ စာတတ်မြောက်ရေး ကိုသာ ဦးစားပေး သင်ကြားပေးတဲ့အတွက် သူတို့အိမ်မှာ အချိန်ပိုတောင် ခေါ်သင်ပေး တာ မဟုတ်လား။

ကျောင်းကဆရာမက ကျူရှင်လခက သိပ်မတောင်းဘူးဆိုရင်တော့ သားလေးကို ဆရာမဆီမှာပဲ ထားဖို့ ဆုံးဖြတ်ထားတယ်။ သူ့ဆရာမနဲ့သူ ဆိုတော့ ကျောင်းမှာလည်း အတူတူ ကျူရှင်မှာလည်းအတူတူ သားလေး စာပိုသင်ရတာပေါ့လို့ တွေးရင်း စိတ်ထဲမှာ ကြည်နူးမိတယ်။ 

သားတို့ခေတ်မှာလည်း ဆရာ၊ ဆရာမ တွေက သူတို့ခေတ်က ဆရာ ဆရာမတွေလိုပဲ စေတနာကို အဓိကထားပြီး သင်ပေးလိမ့်မယ် လို့ ယုံကြည်ခဲ့တယ်။ 

ရပ်ကွက်ထဲက ကျူရှင်ဆရာကတော့ ဆရာတစ်ယောက်မှာ ရှိသင့်ရှိအပ်တဲ့ ဂုဏ် သိက္ခာတောင် မရှိတော့သလိုပဲ။ မူလတန်း ကလေးတစ်ယောက်ရဲ့ ကျူရှင်စရိတ်က တစ် လ လေးသောင်းဆိုတာ မများလွန်းဘူးလား။ ဘယ်တုန်းကတည်းက ဒီလိုလုပ်စားနေမှန်း မသိဘူး။ ဒီလိုကျူရှင်ဆရာတွေကြောင့် လည်း ဆရာ၊ ဆရာမတွေရဲ့ ဂုဏ်သိက္ခာကျနေရ တာ။ အိပ်ရာထဲမှာ ဟိုတွေးဒီတွေးရင်းနဲ့ မျက် လုံးကြောင်သွားတယ်။ အဲဒီညက တော်တော် နဲ့ အိပ်မရခဲ့ဘူး။ 

(၃) 

ရုံးကိုသွားရပေမဲ့ စိတ်ကတော့ သား လေးရဲ့ ကျူရှင်ကိစ္စဆီ ရောက်နေမိတယ်။ ဒီနေ့ ကျောင်းစတက်ရတဲ့နေ့မို့ မိန်းမကို ဆရာမဆီမှာ ကျူရှင်တက်ဖို့ကိစ္စ စုံစမ်းခိုင်း ထားတာ အဆင်ပြေ မပြေ သိချင်နေမိတယ်။ 

အဲဒီစိတ်နဲ့ တစ်နေလုံး အလုပ်လုပ်ရတာ အဆင်မပြေဘူး။ ရုံးဆင်းချိန်ရောက်တော့ အိမ်ကို အပြေးပြန်ခဲ့တယ်။ ဖုန်းဆက်မေးလို့ ရပေမဲ့ မိန်းမကို ကိုယ်တိုင်ကိုယ်ကျ မေးကြည့် ချင်တာကြောင့် အပြန်လမ်းမှာ အိမ်ကိုရောက် ဖို့ စိတ်စောနေမိတယ်။ 

အိမ်ကိုရောက်တာနဲ့  မိန်းမဖြစ်သူကို အလောတကြီး လှမ်းမေးလိုက်တယ်။ 

“မိန်းမ ကျူရှင်ကိစ္စ အဆင်ပြေလား။ ဆရာမက ဘာပြောလဲ”

သူ မေးလိုက်ပေမဲ့ မိန်းမကတော့ မျက် နှာ မကောင်းဘူး။ မိန်းမဘေးမှာ သားလေးက ဆော့နေတယ်။ 

မိန်းမနဲ့ မျက်နှာချင်းဆိုင်ထိုင်လိုက်ပြီး ထပ်မေးလိုက်တယ်။ 

“ကျူရှင်ကိစ္စ မေးနေတာကို မင်းက ဘာ ဖြစ်နေတာလဲ။ ပြောစမ်းပါ။ ဆရာမက ဘာ ပြောလဲဆိုတာ သိချင်လို့”

မိန်းမက ချက်ချင်းမပြောသေးဘဲ သက် ပြင်းသွဲ့သွဲ့ချလိုက်တယ်။ ပြီးမှ“အဆင်မပြေလောက်ဘူး ယောက်ျား။ ရပ်ကွက်ထဲက ကျူရှင်ပဲ ထားတာ ကောင်း လိမ့်မယ်”

မိန်းမက စကားကို တုံးတိတိနဲ့ ဖြတ်ချ လိုက်တယ်။ ဘာကြောင့် အဆင်မပြေဘူးဆို တဲ့ အကြောင်းကို ဆက်မပြောတဲ့အတွက် သူကပဲ ဆက်မေးလိုက်ရတယ်။ 

“ဆရာမဆီမှာ ကျူရှင်ထားဖို့က ဘာလို့ အဆင်မပြေတာလဲ။ ငါ့လည်း သေချာရှင်းပြ ပါဦးဟ”

“ဒီနေ့ကျောင်းရောက်တော့ ကျောင်း သားတစ်ယောက်ရဲ့အမေဆီမှာ ကျူရှင်ကိစ္စ ကို စုံစမ်းကြည့်တာ။ အဲဒီမိန်းမက သူ့သားကို ကျောင်းကဆရာမတွေဆီမှာ ကျူရှင်ထားနေ ကျဆိုတော့  သူ့ဆီက စုံစမ်းကြည့်တာပေါ့။ သူ ပြောတဲ့ စျေးနှုန်းက ကျွန်မတို့ မှန်းထားတာ နဲ့ တော်တော်လေးကွာနေတယ်။ ဒါနဲ့ တခြား မိဘတွေဆီကနေ စုံစမ်းကြည့်တော့လည်း သူ ပြောစျေးအတိုင်း ဖြစ်နေတယ် ယောက်ျား ရေ။ မိန်းမတို့ ဘယ်လိုမှ ထားနိုင်မှာ မဟုတ် ဘူး”

“ကျူရှင်ခက ဘယ်လောက်မို့လို့လဲ”

“အွန်လိုင်းက သင်ရင် ခုနစ်သောင်းခွဲ။ အိမ်မှာသွားသင်ရင် တစ်သိန်းတဲ့ ယောက်ျား ရေ”

မိန်းမရဲ့ စကားကြောင့် ကိုယ့်မှာ “မြတ် စွာဘုရား”လို့ ‘တ’ရုံမှတစ်ပါး အခြားမရှိခဲ့ ပါ။ ခေတ်ကြီးက ဘယ်လိုတွေ ဖြစ်သွားပါလိမ့်။ ကိုယ်တွေ ငယ်ငယ်တုန်းက သင်ပေးခဲ့တဲ့  ဆရာကြီး ဆရာမကြီးတွေသာ ဒီအခြေအ နေကိုသိရင် ဘယ်လိုများ မှတ်ချက်ပေးမလဲ ဆိုတာ တွေးရင်းနဲ့ သက်ပြင်းအရှည်ကြီး ချ မိတယ်။ ဒီနှစ်တော့ ကျောင်းကဆရာမဆီမှာ သားလေးကို ကျူရှင်ထားဖို့ စိတ်ကူးလေး ကျိုးပျက်သွားပြီ ထင်ပါရဲ့ကွယ်။

 

Most Read

Most Recent