အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI)က ရန်ကုန်နှင့် မန္တလေးမြို့အခြေပြု၍ ကိုရီးယား၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အပါအဝင် နိုင်ငံတကာခရီးစဉ် ၁၄ ခု ပျံသန်းလျက်ရှိ

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI)က ရန်ကုန်နှင့် မန္တလေးမြို့အခြေပြု၍ ကိုရီးယား၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အပါအဝင် နိုင်ငံတကာခရီးစဉ် ၁၄ ခု ပျံသန်းလျက်ရှိ
Published 6 June 2023

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI)က ရန်ကုန်နှင့် မန္တလေးမြို့အခြေပြု၍ ကိုရီးယား၊ တရုတ်နှင့် အိန္ဒိယနိုင်ငံများအပါအဝင် နိုင်ငံတကာ ခရီးစဉ် ၁၄ ခုအား ပျံသန်းလျက်ရှိကြောင်း သတင်းရရှိသည်။

(MAI)က ရန်ကုန်မြို့မှ ထိုင်းနိုင်ငံရှိ သုဝဏ္ဏဘူမိလေဆိပ်နှင့် ဒွန်မောင်းလေဆိပ်သို့လည်းကောင်း၊  မန္တလေးမြို့မှ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်သို့လည်းကောင်း၊ စင်ကာပူ၊ မလေးရှား၊ ဒေလီ၊ ဟနွွိုင်း၊ ဒူဘိုင်း၊ ကွမ်ကျိုး၊ ကိုလ်းကတ္တား၊အင်ချွန်း၊ ဖနွမ်းပင်၊ ဟိုချီမင်းနှင့်  ချန်နိုင်းမြို့များသို့ နိုင်ငံတကာခရီးစဉ်များအဖြစ် ပျံသန်းနေခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI)က ဘန်ကောက်နှင့် စင်ကာပူမှ တစ်ဆင့်ကိုလံဘိုသို့ ပျံသန်းမည့် ခရီးစဉ်အတွက် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (8M)နှင့် Srilankan Airlines(UL)တို့အကြား Codeshare Partners အစီအစဉ် စတင်ခဲ့ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI)အနေဖြင့် AIR INDIA, ROYALBRUNEI AIRLINES, GARUDAINDONESIA, SRILANKAN AIRLINES စသည့် နိုင်ငံတကာလေကြောင်းလိုင်း ငါးခုနှင့်  Codeshare Partners အဖြစ် ပူးပေါင်းထားပြီး Interline Partners အဖြစ် နိုင်ငံတကာလေကြောင်းလိုင်း ၃၈ ခု ဖြင့် ပူးပေါင်းထားသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI သည် ရန်ကုန် (RGN) နှင့် အိန္ဒိယနိုင်ငံ ချန်နိုင်း(MAA) မြို့တို့အကြား တိုက်ရိုက်ခရီးစဉ်များကို ၂၀၂၃ခုနှစ် မေ ၆ ရက်တွင် စတင်ပြေးဆွဲခဲ့ခြင်းဖြစ်သည်။ ချန်နိုင်းသည် အိန္ဒိယနိုင်ငံတောင်ပိုင်းသို့ ပျံသန်းသည့် ပထမဆုံးခရီးစဉ်ဖြစ်ပြီး နယူးဒေလီ၊ ကာလကတ္တားနှင့် ဂါယာ တို့ပြီးနောက် အိန္ဒိယနိုင်ငံအတွင်း ပျံသန်းသည့်(MAI)၏ စတုတ္ထမြောက် ခရီးစဉ်ဖြစ်သည်။

MAI လေကြောင်းလိုင်းသည် ထိုင်းနိုင်ငံဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်သို့ ရန်ကုန်နှင့် မန္တလေးမှ အပတ်စဉ်တစ်ပတ်လျှင် ငါးကြိမ်ပျံသန်းသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ မြန်မာနိုင်ငံအတွင်း လေ ဆိပ်နှစ်ခုမှ ပျံသန်းသည့် ပထမဆုံးလေကြောင်းလိုင်း တစ်ခုဖြစ်လာမည်ဖြစ်သည်။

MAI လေကြောင်းလိုင်းအနေဖြင့်  ထိုင်းနိုင်ငံဘန်ကောက်သို့ အပတ်စဉ် တစ်ပတ်လျှင် လေကြောင်းခရီးစဉ် စုစုပေါင်း ၄၅ ကြိမ်ဖြင့် ရန်ကုန်-ဘန်ကောက် လေကြောင်းခရီးစဉ်စျေးကွက်အတွင်း  MAI လေကြောင်းလိုင်း၏ ရပ်တည်မှုအနေအထားကို ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ကြောင်း သိရသည်။ အဆိုပါ ရန်ကုန်-ဒွန်မောင်းခရီးစဉ်တွင် ခရီးသည်များအနေဖြင့် MAI ၏ လက်ရှိဝန်ဆောင်မှုများနည်းတူ ခရီးဆောင်အိတ်ကီလို ၃၀ သယ်ဆောင်ခွင့်နှင့် လေကြောင်းခရီးစဉ်အတွင်း အခမဲ့ဧည့်ခံကျွေးမွေးမှုများကို အပြည့်အဝ ရရှိမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI အနေဖြင့် ကိုဗစ်ကမ္ဘာ့ကပ်ရောဂါ ကာလနောက်ပိုင်း လေကြောင်းပျံသန်းမှုကွန်ရက်ကို တစ်ဟုန်ထိုးတိုးချဲ့ပြေးဆွဲခြင်းသည် ခရီးသည်များအတွက် မြန်မာနိုင်ငံမှ ထွက်ခွာရာတွင်လည်းကောင်း၊ မြန်မာနိုင်ငံသို့လာရောက်ရာတွင်လည်းကောင်း ရွေးချယ်စရာ ပိုမိုများပြားလာစေရန်နှင့် ခရီးစဉ်များကို စီစဉ်ရာတွင် ပိုမိုလွယ်ကူချောမွေ့လာစေမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI က ရန်ကုန်နှင့် မန္တလေးမြို့များကို အခြေပြု၍ မြန်မာနိုင်ငံအတွင်းရှိ မြို့များ၊ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ယူအေအီး၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံနှင့် ထိုင်ဝမ်နိုင်ငံများရှိ မြို့ပေါင်း ၂၇ မြို့သို့ A 319 လေယာဉ် လေးစင်း၊ A 320 လေယာဉ် သုံးစင်း၊ E 190 လေယာဉ် သုံးစင်းဖြင့် ပျံသန်းနေခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) နှင့် မြန်မာနိုင်ငံရှိ ဦးဆောင်အဖွဲ့ အစည်းများဖြစ်သည့် IMCC (India Myanmar Chamber of Commerce) ၊ IAM(Indian Association of Myanamar) နှင့် SAM (Singapore Association of Myanmar) တို့အကြား မိတ်ဖက်အဖွဲ့အစည်းများအဖြစ် ပူးပေါင်းဆောင်ရွက်ရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးသည့် အခမ်းအနားကို  ၂၀၂၃ ခုနှစ် မေ ၃၀ ရက်ကကျင်းပခဲ့ကြောင်း၊ယခုလက်မှတ်ရေးထိုးသည့် သဘောတူညီချက်၏ ရည်ရွယ်ချက်မှာ  (MAI) နှင့် အဆိုပါ အဖွဲ့အစည်းများအကြား ပူးပေါင်း ဆောင်ရွက်မှု ခိုင်မာလာစေရန်နှင့် စီးပွားရေးအခွင့်အလမ်းများကို ပိုမိုမြှင့်တင်ပေးရန် ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent