ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ဆက်သွယ်ရေးအော်ပရေတာများ ပြုပြင်ခဲ့ရာ လက်ရှိတွင် ၉၁ ရာခိုင်နှုန်းကျော်အထိ ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိ

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ဆက်သွယ်ရေးအော်ပရေတာများ ပြုပြင်ခဲ့ရာ လက်ရှိတွင် ၉၁ ရာခိုင်နှုန်းကျော်အထိ ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိ
Published 30 May 2023

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ဆက်သွယ်ရေး အော်ပရေတာများ ပြုပြင်လျက်ရှိရာ လက်ရှိအချိန်တွင် ၉၁ ရာခိုင်နှုန်းကျော်အထိ ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ဆောင်ရွက်ပေးနိုင်ပြီဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ မေ ၂၉ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ကူညီကယ်ဆယ်ရေးလုပ်ငန်း များတွင် အသုံးပြုမည့် သစ်ပင်ဖြတ်စက်များ၊ သံဖြတ်စက်များနှင့် စွမ်းအားမြင့် ဟိုက်ဒရောလစ်ဖြတ်စက်များ လက်တွေ့အသုံးချ သရုပ်ပြသမှုကို ကြည့်ရှုပြီး ချို့ယွင်းပျက်စီး တာဝါတိုင်များအား ၎င်းသံဖြတ်စက်များ အသုံးပြု၍ ဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်းများကို အမြန်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်အဖွဲ့သည် စစ်တွေမြို့မင်းဂံရပ်ကွက်ရှိ ဒေသန္တရကျန်းမာရေးဌာနဝင်းအတွင်း စစ်တွေပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် ခုတင်(၅၀)ဆံ့ စစ်တွေတိုင်းရင်းဆေးရုံမှ သမားတော်ကြီးများ မြေပြင်ကွင်းဆင်း၍  ပြည်သူလူထုအား ကျန်းမာရေးစောင့် ရှောက်ပေးနေမှုနှင့် ကျန်းမာရေး အသိပညာပေးနေမှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် စစ်တွေမြို့ကမ်းနားလမ်းရှိ ကျောက်စီမြေထိန်းနံရံများ၊ ကွန်ကရစ်လမ်း၊ ပလက်ဖောင်းများ ပျက်စီးနေမှုနှင့် ပြန်လည်ပြုပြင်ဆောင်ရွက်သွားမည့်အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

မွန်းလွဲပိုင်းတွင်ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်တို့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး လုပ်ငန်းကော်မတီအလိုက် တာဝန်ရှိသူများ၏ ပြန်လည်ထူထောင်ရေးဆိုင်ရာ တင်ပြချက်များပေါ်  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေးအော်ပရေတာ စုစုပေါင်းလေးခု၏ မိုဘိုင်းစခန်း ၁၂၃၃ စခန်းရှိသည့်အနက် ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် မိုဘိုင်းစခန်း ၉၀၄ စခန်း ဆက်သွယ်မှု ပြတ်တောက်ခဲ့ပြီး ကျန်စခန်း ၃၂၉ ခုဖြင့်သာ ဝန်ဆောင်မှုပေးခဲ့ရာမှ မြေပေါ်မြေအောက် ဖိုက်ဘာကေဘယ်လ်များ ပြုပြင်ခြင်း၊ အချို့သော မိုက္ကရိုဝေ့ဗ်ဆက်ကြောင်းများကို ဖိုက်ဘာဆက်ကြောင်းများဖြင့် ပြောင်းလဲချိတ်ဆက်ခြင်းနှင့် မိုဘိုင်းစခန်းပြုပြင်ခြင်းများ ဆောင်ရွက်လျက်ရှိရာ မေ ၂၉ ရက်အထိ မိုဘိုင်းစခန်းစုစုပေါင်း ၇၉၇ စခန်း ပြန်လည်ပြုပြင်နိုင်ခဲ့သဖြင့် စုစုပေါင်း မိုဘိုင်းစခန်း ၁၁၂၆ စခန်း ရာခိုင်နှုန်းအားဖြင့် ၉၁ ဒသမ ၃၂ ရာခိုင်နှုန်းဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ဆောင်ရွက်ပေးနိုင်ပြီဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent