မြန်မာ့ပို့ကုန်များ စျေးကွက်ပိုမိုရရှိရန် တရုတ်နိုင်ငံက အကန့်အသတ် အတားအဆီးများ လျှော့ချပေးစေလိုကြောင်း ဒုတိယဝန်ကြီးချုပ် ဦးဝင်းရှိန် ပြောကြား၊ ဒေါ်လာဝယ်ရောင်းပြုလုပ်ရာတွင် စျေးကစားခြင်းများ မကြာခဏတွေ့နေရပြီး ပြည်တွင်းဘဏ်များ ပါဝင်ပတ်သက်မှုရှိပါက အရေးယူခံရမည်

မြန်မာ့ပို့ကုန်များ စျေးကွက်ပိုမိုရရှိရန် တရုတ်နိုင်ငံက အကန့်အသတ် အတားအဆီးများ လျှော့ချပေးစေလိုကြောင်း ဒုတိယဝန်ကြီးချုပ် ဦးဝင်းရှိန် ပြောကြား၊ ဒေါ်လာဝယ်ရောင်းပြုလုပ်ရာတွင် စျေးကစားခြင်းများ မကြာခဏတွေ့နေရပြီး ပြည်တွင်းဘဏ်များ ပါဝင်ပတ်သက်မှုရှိပါက အရေးယူခံရမည်
စတုတ္ထအကြိမ် မြန်မာ-တရုတ် (လင်ချန်း) စီးပွား​ရေးကုန်စည်ပြပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်စဉ် (ဓာတ်ပုံ-အောင်မင်းသိန်း)
စတုတ္ထအကြိမ် မြန်မာ-တရုတ် (လင်ချန်း) စီးပွား​ရေးကုန်စည်ပြပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်စဉ် (ဓာတ်ပုံ-အောင်မင်းသိန်း)
Published 28 May 2023

မြန်မာ့ပို့ကုန်များ စျေးကွက် ပိုမိုရရှိရန် တရုတ်နိုင်ငံက အကန့်အသတ်အတားအဆီးများ လျှော့ချပေးစေလိုကြောင်း ဒုတိယဝန်ကြီးချုပ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။

မေ ၂၅ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် ကျင်းပသည့် မြန်မာ-တရုတ် (လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား နှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် ဒုတိယဝန်ကြီးချုပ်က အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေးမှာ မြန်မာနိုင်ငံက အဓိကတင်ပို့နေတဲ့ ထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံ စျေးကွက်အတွင်း ကျယ်ပြန့်စွာ တင်ပို့နိုင်ရေးကလည်း အရေးကြီးတဲ့အတွက် တရုတ်နိုင်ငံအနေနဲ့ ဒေသတွင်း သဘောတူညီချက်များအပြင် နှစ်နိုင်ငံသဘောတူညီချက်များကိုလည်း လိုအပ်သလို ညှိနှိုင်းဆောင်ရွက်၍ မြန်မာ့ပို့ကုန်များ စျေးကွက်ပိုမို ရရှိရေး အကန့်အသတ်များ၊ အတားအဆီးများ လျှော့ချပေးစေလိုကြောင်းကိုလည်း တိုက်တွန်း ပြောကြားလိုပါတယ်” ဟု ဒုတိယဝန်ကြီးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။

ထို့ပြင် နယ်စပ်ဒေသများ၌ ဘဏ်လုပ်ငန်းစနစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ထောက်ပံ့ပို့ဆောင်မှုလုပ်ငန်းများ ပိုမိုတိုးတက်စေရေးနှင့် ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ လွယ်ကူချောမွေ့စေရေးတို့ကိုလည်း နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ရန် ဒုတိယဝန်ကြီးချုပ် ဦးဝင်းရှိန်က တိုက်တွန်းပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ‘ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း’အစီအစဉ်တွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တရုတ်- မြန်မာ စီပွားရေးစင်္ကြ ံကို ပူးတွဲအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် သဘောတူညီထားပြီးဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။

“အဆိုပါ သဘောတူညီချက်အရ အခြေခံအဆောက်အအုံ တည်ဆောက်မှုဆိုင်ရာ လုပ်ငန်းများ စတင်နိုင်ဖို့ အစပျိုးဆောင်ရွက်နေပြီဖြစ်ပါတယ်။ အဆိုပါအစီအစဉ်အရ မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များကိုလည်း တည်ထောင်သွားရန် ရှိနေပါတယ် ဟု ဒုတိယဝန်ကြီးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။

နှစ်နိုင်ငံနယ်စပ် ချင်းရွှေ ဟော်-မိန်းတိန်ဒေသနှင့်ဆက်စပ်ပြီး လားရှိုး-မန္တလေး-နေပြည်တော်-ရန်ကုန်နှင့် ကျောက်ဖြူမှတစ်ဆင့် ဘင်္ဂလားပင်လယ်အော်၊ အိန္ဒိယသမုဒ္ဒရာလမ်းကြောင်းအတိုင်း တတိယနိုင်ငံများသို့ ကုန်သွယ်မှု တိုးချဲ့နိုင်မည့် အလားအလာကောင်းများ ရှိနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။

စတုတ္ထအကြိမ် မြန်မာ (နေပြည်တော်)- တရုတ် (လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် မေ ၂၅ ရက်က စတင်ကျင်းပခဲ့သည်။

မြန်မာ (နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေး ကုန် စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး၊ ယူနန်ပြည်နယ် လင်ချန်းမြို့ ကွန်မြူနစ်ပါတီ ဒုတိယအတွင်းရေးမှူးလင်ချန်းမြို့ ပြည်သူ့အစိုးရမြို့တော်ဝန်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။

“ယနေ့ကျင်းပတဲ့ မြန်မာ (နေပြည်တော်)-တရုတ် (လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲကို မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သည်များအကြား ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုများ ပိုမို တိုးတက်လာစေရေး၊ ကုန်သွယ်လုပ်ငန်းရှင်များ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိရေး၊ စီးပွားရေးလုပ်ငန်းနှင့် စက်မှုအနုပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရေးစတဲ့ ရည်ရွယ်ချက်များချမှတ်ပြီး ကျင်းပဆောင်ရွက်နေခြင်း ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက နှုတ်ခွန်းဆက် အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

လက်ရှိကျင်းပနေသည့် ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံကုန်သည်လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များ၊ ကုမ္ပဏီများမှ ပြခန်းပေါင်း ၇၉ ခု ပြသထားပြီး ဒေသထွက်စားသောက်ကုန်များ၊ အမှတ်တရ လက်ဆောင်ပစ္စည်းများ၊ ကျောက်မျက်ရတနာများ၊ လက်ဖက်နှင့် ကော်ဖီ၊ လယ်ယာထွက်ကုန်များ၊ ကြိမ်နှင့် ၀ါးထွက်ကုန်များ၊ သစ်သားပန်းပုများ၊ ပရိဘောဂများ နှင့် ဘဏ်လုပ်ငန်း၊ ခရီးသွားလုပ် ငန်း စသည့် ဝန်ဆောင်မှုလုပ်ငန်းများကို ပါဝင်ပြသသွားမည်ဖြစ်ကြောင်း၊ ထို့အတူ တရုတ်နိုင်ငံဘက်မှလည်း ကုန်သည်လုပ်ငန်းရှင်၊ ကုမ္ပဏီ ၇၀ ကျော်မှ ပြခန်းပေါင်း ၄၀ ကျော် ပြသထားပြီး စားသောက် ကုန်များ၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ပစ္စည်းများ၊ အဝတ်အထည်များ၊ အိမ်ဆောက်ပစ္စည်းများ၊ လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများ ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။

■ ဒေါ်လာဝယ်ရောင်းပြုလုပ်ရာတွင် စျေးကစားခြင်းများ မကြာခဏတွေ့နေရပြီး ပြည်တွင်းဘဏ်များ ပါဝင်ပတ်သက်မှုရှိပါက အရေးယူခံရမည်

ဒေါ်လာဝယ်ရောင်းပြုလုပ်ရာတွင် ကောလာဟလများဖြင့် စျေးကစားခြင်း၊ စျေးကွက်ပေါက်စျေးထက် ပိုမိုရောင်းဝယ်ခြင်းများ မကြာခဏတွေ့နေရပြီး ပြည်တွင်းဘဏ်များ ပါဝင်ပတ်သက်မှုရှိပါက အရေးယူခံရမည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကုန်တွင် မြန်မာနိုင်ငံဘဏ်များ၏ အပ်ငွေ၊ ချေးငွေ၊ ငွေသားလည်ပတ်မှု တိုးတက်ကောင်းမွန်ပြီး ဘဏ်အချင်းချင်း မြန်မာကျပ်ငွေ၊ နိုင်ငံခြား သုံးငွေရောင်းဝယ်မှု တိုးတက်လာ ကြောင်း၊ ဘဏ်စနစ် တိုးတက် ကောင်းမွန်လာကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Website တွင် ဖော်ပြထားပြီးဖြစ်သည်။

ဘဏ်များသည် Exporter နှင့် Importer များအတွက် လိုအပ်သော မြန်မာကျပ်နှင့် အမေရိကန်ဒေါ်လာများ ရောင်းချခြင်း၊ Pre-Shipment နှင့် Post-Shipment ချေးငွေများ ပံ့ပိုးလျက်ရှိပြီး မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှလည်း ဘဏ်များမှတစ်ဆင့် USD Liquidity နှင့် MMK Liquidity များ ပံ့ပိုးပေးလျက်ရှိသည်။ ဘဏ်များ၏ငွေရေးကြေးရေးအခြေအနေများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သုံးလတစ်ကြိမ် ငွေရေးကြေးရေး ကိန်းဂဏန်းဆိုင်ရာအစီရင်ခံစာများ ထုတ်ပြန်ပြီး အသိပေးလျက်ရှိသည်။

Export နှင့် Import များအတွက် ပေးချေမှုများကို ဘတ်နှင့် ယွမ်များဖြင့် တိုးမြှင့်ဆောင်ရွက်နိုင်ရေး ခွင့်ပြုပြီးဖြစ်သောကြောင့် ပြည်တွင်း၊ ပြည်ပပေးချေမှုများ အဆင်ပြေစွာ ပေးချေဆောင်ရွက်လျက်ရှိသည်။

ဘဏ်များ၌ ငွေသားထုတ်ယူမှုကို လွတ်လပ်စွာ တိုးမြှင့်ထုတ်ယူနိုင်ကြောင်း ဘဏ်များ၏ website များတွင် ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရှိရမည်ဖြစ်သည်။ ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်ကို ပိုမိုတိုးတက်လာစေရေး မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တွန်းအားပေးလျက်ရှိရာ ဒစ်ဂျစ်တယ်ငွေပေးချေမှုများ ပိုမိုတိုးတက်ဆောင်ရွက်လာကြောင်း တွေ့ရှိရသည်။

Exporter နှင့် Importer များအနေဖြင့် လိုင်စင်ခွင့်ပြုချက်နှင့်အညီ ဘဏ်စနစ်ဖြင့်သာ ပေးချေမှုများ ဆောင်ရွက်ရမည်ဖြစ်၍ မြန်မာကျပ်နှင့် နိုင်ငံခြားငွေရောင်းဝယ်ခြင်း၊ Trade Financing များ ကို ဘဏ်များမှတစ်ဆင့် ရယူနိုင်သည်။ မလိုအပ်ဘဲ ဝယ်ယူစုဆောင်းခြင်းမပြုလုပ်ရန်၊ Exporter များအနေဖြင့် သတ်မှတ်ကာလအတွင်း ဘဏ်သို့ရောင်းချခြင်းမရှိပါက သတ်မှတ်စည်းမျဉ်းနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent