ယခုရာသီကုန်တွင် အနားယူဖွယ်ရှိကြောင်း NBA နာမည်ကျော်ဘက်စကတ်ဘောသမား လီဘရွန်ဂျိမ်းစ် အရိပ်အမြွက်ဆိုခဲ့ပြီး များစွာစဉ်းစားထားပြီးဖြစ်သည်ဟု ဝန်ခံ

ယခုရာသီကုန်တွင် အနားယူဖွယ်ရှိကြောင်း NBA နာမည်ကျော်ဘက်စကတ်ဘောသမား လီဘရွန်ဂျိမ်းစ် အရိပ်အမြွက်ဆိုခဲ့ပြီး များစွာစဉ်းစားထားပြီးဖြစ်သည်ဟု ဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 27 May 2023

 

NBA နာမည်ကျော်ဘက်စကတ်ဘောသမား လီဘရွန်ဂျိမ်းစ်သည် ယခုရာသီကုန်တွင် ကစားသမားဘဝမှ အနားယူဖွယ်ရှိနေကြောင်း အရိပ်အမြွက်ဖွင့်ဟခဲ့သည်။ ထို့ပြင် ၎င်းင်းက ကစားသမားဘဝမှအနားယူမည့် ကိစ္စနှင့်ပတ်သက်ပြီး ကြိမ်ဖန်များစွာ စဉ်းစားထားခဲ့ပြီးဖြစ်ကြောင်းလည်း ဝန်ခံသွားခဲ့သည်။

NBA Play-off အဆင့် အနောက်ပိုင်းဇုန် ပြိုင်ပွဲဗိုလ်လုပွဲတွင် LA Lakers အသင်းမှာ စတုတ္ထမြောက်ပွဲစဉ်၌ ဒန်ဗာနက်ဂတ်စ်အသင်းအား အရေးနိမ့်ခဲ့ပြီး NBA Finals နှင့် ဝေးကွာခဲ့ရ ပြီးနောက် ၎င်းက ယင်းကဲ့သို့ ဖွင့်ဟခဲ့ခြင်းဖြစ်သည်။  LA Lakers အသင်းသည် Best-of-seven ယှဉ်ပြိုင်ကစားရမည့်အနက် (၄)ပွဲစလုံးအရေးနိမ့်ကာ အပြတ်အသတ်ဖြစ်ခဲ့သည်။ ယင်းအတွက်ကြောင့်  LA Lakers အသင်းသည် (၃)ရာသီဆက်တိုက် NBA ချန်ပီယံဆုနှင့် လွဲချော်ခဲ့ရသည်။ အဆိုပါပွဲတွင် လီဘရွန်ဂျိမ်းစ်သည် ပထမပိုင်း၌ (၃၁) မှတ်အပါအဝင် (၄၀)မှတ် ရယူပေးခဲ့ပြီး Rebound (၁၀)ကြိမ်နှင့် Assist (၉)ကြိမ် ရရှိခဲ့သည်။ 

"ရှေ့ဆက်ပြီး ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ တွေ့ရမှာပါ။ အရိုးသားဆုံးဝန်ခံရရင် ဒီအကြောင်း (အနား ယူမှု)ကို ကျွန်တော် အတော်လေး စဉ်းစားခဲ့ပြီးပါပြီ။ ကျွန်တော်ကတော့ အရာရာအဆင်ပြေနေတယ်လို့ ယူဆပါတယ်။ ဒီနှစ်က အောင်မြင်တဲ့နှစ်တစ်နှစ်လို့တော့ ကျွန်တော် မပြောလိုပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ကစားသမားဘဝမှာ ချန်ပီယံလုပွဲ မကစားရတာက အောင်မြင်တယ်လို့ မဆိုလိုနိုင်ဘူး။ ဗိုလ်လုပွဲကစားခွင့်ကို  ကျွန်တော် မရယူနိုင်ခဲ့ပါဘူး။ အရင်ကတော့ ဒါမျိုး အကြိမ်များစွာ ကျွန်တော် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်အဖို့ ဗိုလ်လုပွဲရဲ့အစိတ်အပိုင်းအဖြစ် ပါဝင်ခွင့်မရတာဟာ ပျော်ရွှင်စရာမဟုတ်ပါဘူး" ဟု လီဘရွန် ဂျိမ်းစ် က ပြောကြားခဲ့သည်။ 

လီဘရွန်ဂျိမ်းစ် သည် NBA ကစားသမားဘဝကို နှစ် (၂၀)ကြာ ဖြတ်သန်းခဲ့ပြီး ကစားသမားသက်တမ်းတစ်လျှောက် NBA ချန်ပီယံဆုကို (၄)ကြိမ်တိုင် ရရှိခဲ့သည်။ ၂၀၁၂နှင့် ၂၀၁၃ ခုနှစ်များ၌ မိုင်ယာမီဟိသ်အသင်းနှင့် နှစ်ကြိမ်၊ ၂၀၁၆ ခုနှစ်၌ ကလိဗ်လန်းကာဗယ်လီယာစ် အသင်းနှင့် တစ်ကြိမ်၊ ၂၀၂၀ ခုနှစ်၌  LA Lakers အသင်းနှင့်တစ်ကြိမ် ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။  

Most Read

Most Recent