စံချိန်တင်ဂိုးသွင်းနိုင်ခဲ့သည့် မန်စီးတီးကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ မိမိမျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်ခဲ့ကြောင်း ဟော်လန်း ပြောကြား

စံချိန်တင်ဂိုးသွင်းနိုင်ခဲ့သည့် မန်စီးတီးကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ မိမိမျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်ခဲ့ကြောင်း ဟော်လန်း ပြောကြား
Photo: Twitter
Photo: Twitter
Published 27 May 2023

 

မန်စီးတီးအသင်းမှ နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟော်လန်းက ကစားသမားဘဝတစ်လျှောက် စံချိန်ဂိုးသွင်းနိုင်ခဲ့သည့် မန်စီးတီးကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ မိမိမျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၂၂ နွေရာသီအပြောင်းအရွှေ့ကာလတွင် ဒေါ့မွန်အသင်းမှ မန်စီးတီး အသင်းထံသို့ ပေါင် ၅၁ သန်းဖြင့် ပြောင်းရွှေ့ လာခဲ့သည့် နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟော်လန်းသည် မန်စီးတီးအသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ ၅၁ ပွဲတွင် ၅၂ ဂိုးအထိ သွင်းယူထားသည်။ ယင်းမှာ ဟော်လန်းအတွက် ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်လျှောက် တစ်ရာသီအတွင်း စံချိန်တင် ဂိုးအများဆုံးသွင်းနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ ထို့ပြင် ဟော်လန်းသည် ယခုရာသီ ပရီးမီးယား လိဂ် ၃၅ ပွဲတွင် ၃၆ ဂိုးသွင်းယူထားရာ ပြိုင်ပွဲသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းသူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ 

မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီဖြစ်ပြီး ချန်ပီယံလိဂ် နှင့် FA ဖလားပြိုင်ပွဲများတွင် ဗိုလ်လုပွဲတက်ရောက်ထားသဖြင့် ယခုရာသီတွင် ဖလားသုံးလုံးရရန် အခြေအနေကောင်းနေသည်။ မန်စီးတီးအသင်းအနေဖြင့် ချန်ပီယံလိဂ်နှင့် FA ဖလားဗိုလ်လုပွဲများအပြင် ပရီးမီးယားလိဂ် ရာသီပိတ်ပွဲစဉ်အပါအဝင် သုံးပွဲကစားရဦးမည်ဖြစ်ရာ ဟော်လန်းအနေဖြင့် ၎င်း၏တစ်ရာသီဂိုးသွင်းစံချိန်ကို ထပ်မံတိုးမြှင့်နိုင်ဖွယ်ရှိနေသည်။ 

ဟော်လန်းသည် ယခုရာသီတွင် ယင်းကဲ့သို့ စံချိန်တင်ဂိုးသွင်းယူနိုင်ခဲ့သောကြောင့် အားကစားကလောင်ရှင်များမှချီးမြှင့်သည့် FWA တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့သည်။ ယင်းဆုပေးပွဲတွင် ဆုတက်ရောက်ယူခဲ့သည့် ဟော်လန်းက မန်စီးတီးကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ မိမိမျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်ကြောင်း ဝန်ခံပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဟော်လန်းက "FWA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ရရှိတဲ့အတွက် ကျွန်တော် ပျော်ပါတယ်။ ဒါက ကစားသမားဘဝမှာ ကောင်းမွန်တဲ့ အခိုက်အတန့်တစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မန်စီးတီးအသင်းမှာ ခြေစွမ်းပြနိုင်ဖို့ မျှော် လင့်ခဲ့ပါတယ်။ ဒါပေမဲ့ အခုလိုစွမ်းဆောင်နိုင်ဖို့အထိတော့ ကျွန်တော် မမျှော်မှန်းခဲ့ပါဘူး။ ကျွန်တော့်အနေနဲ့ ပွဲစဉ်တစ်ပွဲချင်းအပေါ်မှာ အာရုံစိုက်ပြီး ကိုယ်လုပ်နိုင်တာကို လုပ်ဆောင်ခဲ့တာပါ။ ကျွန်တော်တို့အနေနဲ့ အာရုံစိုက်ကစားတာကြောင့် လိုချင်တဲ့အောင် မြင်မှုတွေ ရရှိခဲ့ပါတယ်။ အဲဒီအတွက် အရမ်းပျော်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ဟော်လန်းက လက်ရှိတွင် မိမိတို့အနေဖြင့် အင်တာမီလန်နှင့် ကစားရမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲနှင့် မန်ယူအသင်းနှင့် ကစားရမည့် FA ဖလားဗိုလ်လုပွဲတို့အပေါ် အာရုံစိုက်နေကြောင်းလည်း ပြောကြားခဲ့သည်။  "ဗိုလ်လုပွဲနှစ်ပွဲ ကစားဖို့ ကျန်နေပါသေးတယ်။ ကျွန်တော်တို့အနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိပြီးဖြစ်ပေမဲ့ ဗိုလ်လုပွဲတွေအတွက် အာရုံအပြည့်အဝ စိုက်ထားရမှာပါ။ ကျွန် တော်တို့အနေနဲ့ လာမယ့်ဗိုလ်လုပွဲနှစ်ပွဲကနေ ကျွန်တော်တို့ လိုချင်တဲ့ရလဒ်တွေ ရယူနိုင်ဖို့အတွက် အာရုံစူးစိုက်မှုအပြည့်ထားဖို့ လိုပါတယ်။ ကျွန်တော့်အနေနဲ့ အဲဒီဗိုလ်လုပွဲတွေမှာ အနိုင်ရဖို့ ဘာမဆိုလုပ်သွားမှာပါ။ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ကျွန်တော်တို့အသင်း ဗိုလ်စွဲဖို့ရေပန်းစားနေတာ ကောင်းပါတယ်။ ဒါက ကျွန်တော်တို့မှာ လုပ်နိုင်စွမ်းရှိတာကို ပြတာပါ"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent