သီတင်းတစ်ပတ်ကြာ ဆူဒန်အပစ်ရပ်စဲမှု တရားဝင်စတင်ပြီးနောက် မိနစ်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုများနှင့် တိုက်ပွဲများ ဖြစ်ပွား

သီတင်းတစ်ပတ်ကြာ ဆူဒန်အပစ်ရပ်စဲမှု တရားဝင်စတင်ပြီးနောက် မိနစ်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုများနှင့် တိုက်ပွဲများ ဖြစ်ပွား
အုတ်ခဲများစီ၍ ပိတ်ထားသော ခါတွန်ကားလမ်းတစ်ခုတွင် ကားတစ်စီး၏အနား၌ ဆူဒန်စစ်တပ်၏ စစ်သားများရပ်နေပုံကို မေလ ၂၀ ရက်တွေ့ရစဉ်(Photo: AFP)
အုတ်ခဲများစီ၍ ပိတ်ထားသော ခါတွန်ကားလမ်းတစ်ခုတွင် ကားတစ်စီး၏အနား၌ ဆူဒန်စစ်တပ်၏ စစ်သားများရပ်နေပုံကို မေလ ၂၀ ရက်တွေ့ရစဉ်(Photo: AFP)
Published 23 May 2023
  Ref: AFP

လူ့အသက်ကယ်နိုင်သော လူသားချင်း စာနာမှုအကူအညီများပေးနိုင်ရေးအတွက် သီတင်းတစ်ပတ်ကြာ အပစ်အခတ်ရပ်စဲမှု အသက်ဝင်လာပြီးနောက် မိနစ်ပိုင်းအတွင်းတွင် တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက် မှုများရှိနေသည်ဟု ဆူဒန်မြို့တော်ခါတွန်က မျက်မြင်ကြုံရသူများက ပြောကြားသည်။

သေနတ်သံများနှင့် ပေါက်ကွဲသံများက  ခါတွန်မြို့ကို တစ်နေ့လုံး တုန်လှုပ်စေခဲ့ပြီးနောက် အပစ်ရပ်စဲမှု အသက်ဝင်သည့် မေလ ၂၂ ရက်ည ၉ နာရီ ၄၅ မိနစ်ထိုးပြီးချိန်တွင် ခါတွန်မြောက်ပိုင်း၌ တိုက်ပွဲဖြစ်ပွားခြင်း၊ ခါ တွန်အရှေ့ပိုင်း၌ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခြင်းတို့ဖြစ်ခဲ့ကြောင်း ၎င်းတို့က ပြောကြားသည်။

ဖြစ်ပွားနေဆဲ တိုက်ပွဲသည် လူသားချင်းစာနာမှုအကူအညီများပေးရာတွင် သော်လည်းကောင်း၊ မြို့ခံများ ထွက်ပြေးနိုင်စေရန် သော်လည်းကောင်း အပစ်ရပ်ရေးအတွက် မျှော်လင့်ချက်များကို လျော့နည်းစေသည်။

ယခင် အပစ်ရပ်စဲရေး သဘောတူညီချက် တသီတတန်းသည် အားလုံးကျိုးပေါက်ခဲ့သည်။

“ အရပ်သားပြည်သူသန်းပေါင်းများစွာရဲ့ အသက်တွေ  အန္တရာယ်ရှိနေခြင်းနဲ့အတူ တရားဝင်ကြေညာချက်တွေကို ကျော်လွန်ပြီးတော့ ဆူဒန်ဟာ တိုက်ခိုက်ခံနေရဆဲပါ။  လက်နက်ကြီးတွေနဲ့ပစ်ခတ်ခံနေရဆဲပါ”ဟု နော်ဝေဒုက္ခသည်ကောင်စီကကားလ်ရှမ်း ဘရီက Twitter တွင် ရေးသားခဲ့သည်။

“ကျွန်တော်တို့ဟာ မတည်တဲ့ကတိတွေ၊ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ကြုံရတာ တစ်လကျော်ရှိပါပြီ။ လူသားချင်းစာနာမှု အကူအညီပေးတဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ကလေးတွေ၊ အခြားသူတွေနဲ့အတူ အသတ်ခံ ရပါတယ်။ ဆေးရုံတွေ ဖျက်ဆီးခံရပါတယ်” ဟု ၎င်းက ရေးသားထားသည်။

ခြေလျင်အကူလက်ရုံးတပ် (RSF) ကို အမြဲတမ်းစစ်တပ်နှင့်ပေါင်းစည်းရန်စီစဉ်သည့် ကိစ္စနှင့်စပ်လျဉ်း၍ ဆူဒန်စစ်တပ်အကြီးအကဲ အဗ္ဗဒယ်ဖတာ့အယ်လ်ဘာဟန်နှင့် RSF ကိုကွပ်ကဲနေသူလည်းဖြစ်ဆူဒန် စစ်တပ်ဒုတိယအကြီးအကဲလည်းဖြစ်သူ မိုဟာမက် ဟမ်ဒမ်ဒါဂလိုတို့ သီတင်းပတ်ပေါင်းများစွာ အာဏာအားပြိုင်မှုများဖြစ်ခဲ့ပြီးနောက် ဆူဒန်စစ်တပ်နှင့် RSF တို့ ဧပြီ ၁၅ ရက်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခြင်းဖြစ်ပြီး ယင်းတိုက်ပွဲများကြောင့် လက်ရှိအချိန်ထိ အနည်းဆုံးလူ ၁,၀၀၀ ကျော်သေဆုံးထားပြီး   ပြည်သူတစ်သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

လေကြောင်းတိုက်ခိုက်မှုများနှင့် လေယာဉ်ပစ် အမြောက်ပစ်ခတ်မှုတို့ ၃၇ ရက် ဆက်တိုက်ဖြစ်ပေါ်နေခြင်းကြောင့် တိုက်ခိုက်ရေးသမားများသည် အပစ်ရပ်ရန် ပြင်ဆင်လျက်ရှိသည်ဆိုခြင်းကို နည်းနည်းသာ သက်သေပြနေသည်ဟု မေလ ၂၂ ရက် စောစောပိုင်းတွင် ခါတွန်မြို့ခံများက ပြောကြားသည်။ ၎င်းတို့သည် ပိတ်မိနေသော ဆွေမျိုးများထံသွားရန်၊ ဘေးကင်းသည့်နေရာကို ထွက်ပြေးရန် သို့မဟုတ် လူသားချင်းစာနာမှုအကူအညီကို ရယူရန် အပစ်ရပ်လိုက်၍ ခေတ္တသက်သာရာရမှုကို တောင့်တလျက်ရှိကြသည်။

“ဂျက်တိုက်လေယာဉ်တွေက ကျွန်တော်တို့ရဲ့ရပ်ကွက်ကို ဗုံးကြဲနေပါတယ်”ဟု အပစ်ရပ်စဲမှု အသက်ဝင်မလာမီ နာရီပိုင်းအတွင်းတွင် ခါတွန်မြို့ခံမာမွတ်ဆာလာအယ်လ်ဒင်က အေအက်ဖ်ပီကို ပြောကြားသည်။

ယခင် အပစ်ရပ်စဲမှုသည် တည်မြဲမှုမရှိခဲ့သော်လည်း ယခုတစ်ကြိမ်အပစ်ရပ်စဲမှုကို နှစ်ဖက်စလုံးက လက်မှတ်ရေးထိုးထားကြပြီး အပစ်အခတ်ရပ်စဲမှု စောင့်ကြည့်ရေး ယန္တရားက ပံ့ပိုးပေးမည် ဖြစ်သောကြောင့် ယခုအပစ်အခတ်ရပ်စဲမှုသည် ကွဲပြားခြားနားသည်ဟု အပစ်ရပ်စဲရေးသဘောတူညီချက်ရရှိရန် ကြားဝင်ဆောင်ရွက်ပေးနေကြသော အမေရိကန်နှင့် ဆော်ဒီအာရေဗျတို့ကပြောကြားသည်။

ယခုအခါ သီတင်းပတ်ငါးပတ်ကျော်ရှိ လာပြီဖြစ်သော ဆူဒန်စစ်ပွဲတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် သေနတ်သံများက တစ်ညတာကို ငြိမ်ကျသွားစေတတ်သည်။ နှစ်ဖက်စလုံးသည် နေ့စဉ် စစ်ရေးလှုပ်ရှားမှုများရှိ နေသည်ဟု ဆိုသည်။                  

Most Read

Most Recent