■ ဘရန့်ဖို့ဒ်အသင်းတိုက်စစ်မှူး အီဗန်တိုနေး၏ ရှစ်လပွဲပယ်ပြစ်ဒဏ်ကို FIFA အထိ သက်ရောက်မှုရှိစေရန် FA ကြိုးပမ်းနေ

■ ဘရန့်ဖို့ဒ်အသင်းတိုက်စစ်မှူး အီဗန်တိုနေး၏ ရှစ်လပွဲပယ်ပြစ်ဒဏ်ကို FIFA အထိ သက်ရောက်မှုရှိစေရန် FA ကြိုးပမ်းနေ
Photo: Gettyimages
Photo: Gettyimages
Published 23 May 2023

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) သည် ဘရန့်ဖို့ဒ်အသင်းတိုက်စစ်မှူး အီဗန်တိုနေး၏ ပွဲပယ်ပြစ်ဒဏ်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) အထိ သက်ရောက်မှုရှိစေရန် ကြိးပမ်းလျက်ရှိကြောင်း ဗြိတိန်သတင်းဌာနများ၏ ဖော်ပြမှုအရ သိရသည်။

အသက် ၂၇ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကစားသမားဖြစ်သူ တိုနေးသည် FA က စွဲချက်တင်ထားသည့် လောင်းကစားစည်းမျဉ်း ချိုးဖောက်မှု စွဲချက် ၂၃၂ ခုကို ဝန်ခံခဲ့သောကြောင့် မေ ၁၇ ရက်တွင် ရှစ်လပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။

တိုနေးသည် စကန်သော့ပ်ယူနိုက်တက်၊ ဝီဂန်၊ ပီတာဘရော့နှင့် ဘရန့်ဖို့ဒ်အသင်းတို့၌ကစားစဉ် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၃ ရက်အတွင်း လောင်းကစားစည်းမျဉ်းချိုးဖောက်မှုဖြင့် အရေးယူခံခဲ့ရခြင်းဖြစ်သည်။

FA က ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် ၎င်းအား စွဲချက် ၂၃၂ ခုဖြင့် စတင်စစ်ဆေးခဲ့ပြီး ဒီဇင်ဘာတွင် စွဲချက် ၃၀ ထပ်တိုးခဲ့သဖြင့် စုစုပေါင်း ၂၆၂ ခု ရှိလာသည်။

အဆိုပါစွဲချက်များအနက် ၂၃၂ ခုကို ကျူးလွန်ကြောင်း ၎င်းက ဝန်ခံခဲ့ခြင်းဖြစ်သည်။

FA က ပြစ်ဒဏ်ကို ချက်ချင်းကျခံစေရန် ဆုံးဖြတ်ခဲ့ပြီး ရှစ်လပွဲပယ်ပြစ်ဒဏ်အပြင် ဒဏ်ကြေးပေါင်  ၅၀၀၀၀ နှင့် အနာဂတ်တွင် ထပ်မံကျူးလွန်ခြင်းမပြုရန် သတိပေးခဲ့သည်။

အဆိုပါပြစ်ဒဏ်အရ တိုနေးအနေဖြင့် လေးလအကြာ စက်တင်ဘာ ၁၇ ရက်တွင် ဘရန့်ဖို့ဒ်အသင်းနှင့် ပြန်လည်လေ့ကျင့်ခွင့်ရမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် ပြန်လည်ကစားခွင့်ရမည်ဖြစ်သည်။

FA ကမူ ၎င်း၏ပြစ်ဒဏ်ကို အင်္ဂလန်ပြည်တွင်းသာမက ကမ္ဘာတစ်ဝန်းအထိပါ သက်ရောက်မှုရှိစေရန်အတွက် FIFA ထံ အကြောင်းကြားရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။

FA ၏ကြိုးပမ်းမှုကို FIFA က လက်ခံခဲ့လျှင် တိုနေးအနေဖြင့် အခြားပြည်ပလိဂ်များသို့ ပြောင်းရွှေ့ပါက ပွဲပယ်ပြစ်ဒဏ် ဆက်လက်ကျခံရမည်ဖြစ်သည်။

Most Read

Most Recent