■ ပီဂျီအေချန်ပီယံရှစ် မေဂျာဂေါ့ဖ်ပြိုင်ပွဲတွင် ဘရွတ်ကပ်ကာ တတိယအကြိမ်ဗိုလ်စွဲပြီး ပူးတွဲဒုတိယရရှိခဲ့သူ စကော့တီရှက်ဖလာ ကမ္ဘာ့အဆင့် (၁) နေရာ ပြန်လည်ရယူ

■ ပီဂျီအေချန်ပီယံရှစ် မေဂျာဂေါ့ဖ်ပြိုင်ပွဲတွင် ဘရွတ်ကပ်ကာ တတိယအကြိမ်ဗိုလ်စွဲပြီး ပူးတွဲဒုတိယရရှိခဲ့သူ စကော့တီရှက်ဖလာ ကမ္ဘာ့အဆင့် (၁) နေရာ ပြန်လည်ရယူ
Photo : PGA
Photo : PGA
Published 23 May 2023

ယခုနှစ်အတွက် ဒုတိယမြောက် မေဂျာဂေါ့ဖ်ပြိုင်ပွဲဖြစ်သည့် ၂၀၂၃ ပီဂျီအေချန်ပီယံရှစ်ပြိုင်ပွဲတွင် အမေရိ ကန်ကစားသမား ဘရွတ်ကပ်ကာက လျှော့ရိုက်ချက် နှစ်ချက်အသာဖြင့် ဗိုလ်စွဲခဲ့ကြောင်း သိရသည်။

၁၀၅ ကြိမ်မြောက် ပီဂျီအေချန်ပီယံရှစ်ပြိုင်ပွဲကို အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်၊ ပစ်ဖို့ဒ်မြို့ရှိ Oak Hill Country Club ဂေါ့ဖ်ကွင်း၌ မေ ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့ပြီး ဘရွတ်ကပ်ကာက ချန်ပီယံဆုကို တတိယအကြိမ်မြောက် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

ဘရွတ်ကပ်ကာသည် ပထမနေ့တွင် သတ်မှတ်ရိုက်ချက် (၇၀ ချက်)ထက် နှစ်ချက်ပိုဖြစ်ခဲ့သော်လည်း ဒုတိယနေ့နှင့် တတိယနေ့တွင် လေးချက်လျော့စီရိုက်ကာ နောက်ဆုံးနေ့ ပွဲစဉ်မတိုင်မီ ဦးဆောင်သူနေရာ ရယူနိုင်ခဲ့သည်။

၎င်းသည် နောက်ဆုံးနေ့တွင်လည်း ပုံစံကောင်းကို ဆက်ထိန်းနိုင်ခဲ့ပြီး သုံးချက်လျော့ရိုက်ကာ စုစုပေါင်းရိုက်ချက် ၂၇၁ ချက်၊ လျှော့ရိုက်ချက် ကိုးချက်ဖြင့် ဗိုလ်စွဲခဲ့သည်။

၎င်း၏နောက်တွင် နော်ဝေကစားသမား ဗစ်တာဟော့ဗ်လန်းနှင့် အမေရိကန်ကစားသမား စကော့တီရှက်ဖလာတို့က လျှော့ရိုက်ချက် နှစ်ချက်အကွာဖြင့် ပူးတွဲဒုတိယအဖြစ် ရပ်တည်နိုင်ခဲ့သည်။

နောက်ဆုံးနေ့ပွဲစဉ်၏ ကျင်းနံပါတ် ၁၅ တွင် အမေရိကန်ကစားသမား မိုက်ကယ်ဘလော့က ၁၅၁ ကိုက်အကွာမှ တစ်ချက်တည်း (Hole-in-one) ဖြင့် ကျင်းဝင်အောင် ရိုက်နိုင်ခဲ့ကြောင်း သိရသည်။

အသက် ၃၃ နှစ်ရှိပြီဖြစ်သူ ဘရွတ်ကပ်ကာသည် ပီဂျီအေချန်ပီယံရှစ်ပြိုင်ပွဲ၌ ၂၀၁၈၊ ၂၀၁၉ (၂)နှစ်ဆက်တိုက် ဗိုလ်စွဲပြီးနောက် လေးနှစ်အကြာတွင် ချန်ပီယံဆုကို တစ်ကျော့ပြန် ဆွတ်ခူးရယူနိုင်ခြင်းဖြစ်သည်။

ထို့ပြင် ၎င်းအနေဖြင့် PGA Tour ပွဲစဉ်များတွင် ကိုးကြိမ်မြောက်နှင့် မေဂျာပြိုင်ပွဲများတွင် ငါးကြိမ်မြောက် ဗိုလ်စွဲခြင်းဖြစ်ပြီး မေဂျာချန်ပီယံဆု ငါးကြိမ်နှင့်အထက် ရရှိဖူးသည့် ၂၀ ဦးမြောက် ကစားသမားဖြစ်လာသည်။

ဘရွတ်ကပ်ကာသည် ယခုပြိုင်ပွဲတွင် ဗိုလ်စွဲသဖြင့် ဆုကြေး ဒေါ် လာ (၃.၁၅) သန်း ဆွတ်ခူးရရှိပြီး LIV Golf အဖွဲ့ဝင်များအနက် မေဂျာချန်ပီယံဆုရရှိသည့် ပထမဆုံးကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ယခုပြိုင်ပွဲတွင် ပူးတွဲဒုတိယနေရာ ရပ်တည်နိုင်ခဲ့သူ စကော့တီရှက်ဖလာမှာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်စာရင်းတွင် စပိန်ကစားသမား ဂျွန်ရမ်းကိုကျော်၍ ထိပ်ဆုံးနေရာ ပြန်လည်ရယူနိုင်ခဲ့ကြောင်း သိရသည်။

စကော့တီရှက်ဖလာသည် ဧပြီနောက်ပိုင်း အဆင့် ၁ နေရာ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

ယခုပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် ဘရွတ်စ်ကပ်ကာက ''မယုံနိုင်စရာ အောင်မြင်မှုပါပဲ။ မေဂျာအောင်မြင်မှုကို ၅ ကြိ်မ်အထိ ဗိုလ်စွဲနိုင်ခဲ့သူ ဘယ်နှစ်ဦးရှိလဲဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ ကျွန်တော် ပါဝင်ခဲ့တဲ့အတွက်တော့ အရမ်းဂုဏ်ယူမိပါတယ်''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent