ဂျူဗင်တပ်စ်အသင်း (၁၀)မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံခဲ့ရသောကြောင့် စီးရီးအေအမှတ်ပေးဇယား အဆင့်(၇)နေရာသို့ ပြန်လည်ဆင်းသက်ခဲ့ရ

ဂျူဗင်တပ်စ်အသင်း (၁၀)မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံခဲ့ရသောကြောင့် စီးရီးအေအမှတ်ပေးဇယား အဆင့်(၇)နေရာသို့ ပြန်လည်ဆင်းသက်ခဲ့ရ
Photo: Getty Images
Photo: Getty Images
Published 23 May 2023

ဂျူဗင်တပ်စ်အသင်းသည် အီတလီဘောလုံးအဖွဲ့ချုပ် အယူခံတရားရုံး၏ နောက်ဆုံးစီရင်ချက်အရ (၁၀)မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံခဲ့ရသောကြောင့် စီးရီးအေအမှတ်ပေးဇယား အဆင့်(၇)နေရာသို့  ဆင်းသက်ခဲ့ရကြောင်း သိရသည်။

ဂျူဗင်တပ်စ်အသင်းသည် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ပြုလုပ်ခဲ့သည့် အပြောင်းအရွှေ့လှုပ်ရှားမှုများတွင် စာရင်းအင်းလိမ်လည်မှုများ ရှိခဲ့သည့်ဟူသော စွဲချက်ဖြင့် စုံစမ်းစစ်ဆေးခြင်းခံခဲ့ရပြီး ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက (၁၅)မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရသည်။

သို့သော် ဂျူဗင်တပ်စ်အသင်းက အီတလီအိုလံပစ်ကော်မတီထံ အယူခံဝင်ခဲ့ရာ အောင်မြင်မှုရရှိခဲ့သည့်အတွက် ပြီးခဲ့သည့် ဧပြီလအတွင်းတွင် အဆိုပါပြစ်ဒဏ်ကို ဖယ်ရှားခံခဲ့ရသည်။

သို့ရာတွင် အီတလီအိုလံပစ်ကော်မတီက စုံစမ်းစစ်ဆေးမှုများ ပြန်လည်ပြုလုပ်ရန် ညွှန်ကြားခဲ့သည့်အတိုင်း အီတလီဘောလုံးအဖွဲ့ချုပ်အယူခံတရားရုံးက ပြန်လည်စစ်ဆေးမှုများပြုလု်ပခဲ့ပြီးနောက် (၁၀)မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဂျူဗင်တပ်စ်အသင်းသည် စီးရီးအေအမှတ်ပေးဇယားတွင် အဆင့်(၂)နေရာဖြင့် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမည့်အခြေအနေမှ အဆင့်(၇)နေရာသို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းအား အဆိုပါစီရင်ချက် ချမှတ်ရန် တနင်္လာနေ့က (၃)နာရီကြာ ကြားနာစစ်ဆေးမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့နောက် (၁၀)မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခြင်းကို အမ်ပိုလီနှင့်ပွဲ ယှဉ်ပြိုင်မကစားမီ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းသည် ဇန်နဝါရီလအတွင်း (၁၅)မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံရစဉ်ကတည်းက ဒါရိုက်တာအဖွဲ့ဝင်များမှာ ဘောလုံးလောကနှင့် ပတ်သက်ခွင့် ပိတ်ပင်သည့် ပြစ်ဒဏ်များလည်း ချမှတ်ခံခဲ့ရသည်။

ထို့ကြောင့်  အသင်းဥက္ကဋ္ဌ အက်ဂ်နယ်လီအပါအဝင် ဒါရိုက်တာအဖွဲ့ဝင်(၈)ဦးမှာ ရာထူးမှ နုတ်ထွက်ခဲ့ကြောင်းလည်း သိရသည်။

ဂျူဗင်တပ်စ်အသင်းသည် ယခုပြစ်ဒဏ်ကို အယူခံထပ်ဝင်ဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent