ပညာရေးသည် နိုင်ငံအတွက် တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှု

ပညာရေးသည် နိုင်ငံအတွက် တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှု
Published 22 May 2023

ပညာရေးသည် နိုင်ငံတစ်နိုင်ငံအတွက် တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဖြစ်သည်။ ဆင်းရဲသောနိုင်ငံနှင့် တိုးတက်ဖွံ့ဖြိုးသောနိုင်ငံတို့အကြားတွင် ပညာရေးကွာဟမှု မြင့်မားခြင်းကို တွေ့ရပေလိမ့်မည်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ရေးအတွက် အဓိကလုပ်ဆောင်ကြရသော ကဏ္ဍများတွင် ပညာရေးကဏ္ဍသည် ထိပ်ဆုံးမှပါဝင်သည်။ ပညာရေးကဏ္ဍကို ပြုပြင်ပြောင်းလဲရသည့်အခါ ရေတိုပြုပြင်ပြောင်းလဲမှုနှင့် ရေရှည်ပြုပြင်ပြောင်းလဲမှုတို့ကို ချိန်သားကိုက် လုပ်ဆောင်နိုင်မှသာ သိသာသောရလဒ်ကို ရပေလိမ့်မည်။ ပညာရေးကဏ္ဍကို ပြောင်းလဲရာ၌  အတိမ်းအစောင်းအနည်းငယ်သည်ပင်လျှင် ကြီးစွာသော သက်ရောက်မှုမျိုးကို ဖြစ်စေနိုင်သည်။ နိုင်ငံရေးသည် ကျောင်းခန်းထဲမှလာသည်။ နိုင်ငံ၏အနာဂတ်ခေါင်းဆောင်များသည် စာသင်ခန်းများအတွင်းမှ ထွက်ပေါ်လာကြသည်။ ထို့ကြောင့် အမြော်အမြင်ကြီးမားသော ခေါင်းဆောင်တိုင်းသည် ပညာရေးတိုးတက်အောင် မဖြစ်မနေကြိုးစားလုပ်ဆောင်ခဲ့ကြသည်။

ပညာရေးသည် အခြေခံလူ့အခွင့်ရေးဖြစ်ပြီး ပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ်ဒဏ် ခံစားခဲ့ရသော ကလေးသူငယ်များနှင့် လူငယ်များအတွက် ပညာဆက်လက်သင်ယူနိုင်ခွင့်ရရေးသည် အထူးသဖြင့် အလွန်ရေးကြီးသည်။ ခက်ခဲကျပ်တည်းမှု ခံစားနေရသော ကလေးသူငယ်များနှင့် လူငယ်များအတွက် လုံခြုံပြီး အရည်အသွေးရှိသော ပညာရေးအခွင့်အလမ်းများ လက်လှမ်းမှီရန်အတွက် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်း ပြည်ပအဖွဲ့များ၊ ရပ်ရွာအခြေပြုလူမှုရေးအဖွဲ့များ၊ ဒေသခံအဖွဲ့အစည်းများ အားလုံးပါဝင်သော ပညာရေးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများသည်  မရှိမဖြစ် လိုအပ်သည်။

ပညာတတ်များ နေရာရနေသော၊ ပညာရှင်များ ပေါများသော နိုင်ငံသည် ချမ်းသာကြွယ်ဝလေ့ရှိသည်။ ဆင်းရဲသောနိုင်ငံများအနေဖြင့် အနာဂတ်အတွက် ရည်မျှော်၍ ပညာတတ်များကို များနိုင်သမျှ များများပေါ်ထွက်စေရန် မွေးမြူတတ်ကြသည်။ အဘယ့်ကြောင့်ဆိုသော် ပညာမဲ့များသော ပညာသင်ကြားခွင့်ရရှိမှု အခြေအနေနိမ့်ပါးသောနိုင်ငံသည် ဆင်းရဲမွဲတေသည်။ ယူနက်စကို၏ လေ့လာချက်တစ်ရပ်တွင် ဆင်းရဲမွဲတေမှုနှင့် ပညာသင်ကြားခွင့်ရရှိမှုတို့အကြား ဆက်နွှယ်မှုစစ်ဆေးချက်ပါရှိခဲ့သည်။ ယင်းစစ်ဆေးချက်တွင် ကလေးများနှင့် မြီးကောင်ပေါက်အရွယ်တို့ ပညာရေးမပြီးဆုံးခင် ကျောင်းမှထွက်ရသည့်နှုန်း မြင့်မားသောကြောင့် ကမ္ဘာ့ဆင်းရဲမွဲတေမှုနှုန်းသည်လည်း ကျဆင်းရန်လမ်းမမြင်ဖြစ်ရသည်ဟု ဆိုထားသည်။

ကျောင်းမှထွက်ခဲ့ရသည့် လူအများစုသည် ပို၍ဆင်းရဲသောနိုင်ငံများတွင် နေထိုင်ကြသူများဖြစ်ကြောင်း တွေ့ရပြီး ယင်းနိုင်ငံများသည်ယေဘုယျအားဖြင့် ဝင်ငွေပို၍နိမ့်ပါးသော နိုင်ငံများဖြစ်ကာ အာဖရိက၊ ဗဟိုအာရှနှင့် တောင်အာရှ၊ အရှေ့ပိုင်းအာရှနှင့် အရှေ့တောင်အာရှ၊ အာရှအနောက်ပိုင်းနှင့် အာဖရိကမြောက်ပိုင်းဒေသများရှိ နိုင်ငံများဖြစ်ကြသည်။ သေချာသည်မှာ ပညာရေးနှင့် ယင်းပညာရေးကို ရရှိနိုင်မှုအခွင့်အလမ်း နိမ့်ပါးခြင်းက စီးပွားရေးဆိုင်ရာ တိုးတက်ဖြစ်ထွန်းစေမှုအပေါ် အတားအဆီးဖြစ်နေပေသည်။ ပညာရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးမှုမရှိလျှင် ဆင်းရဲမွဲတေမှုလျှော့ချရေးကို အောင်မြင်အောင် လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ ဖွံ့ဖြိုးမှုနှောင့်နှေးနေသည့် မြန်မာနိုင်ငံတွင်လည်း ပညာရေးကဏ္ဍကို မလွဲမသွေပြုပြင်ရန် လိုအပ်နေသည်။

ပညာရေးသည် အရေးကြီးပြီး ပညာရည်မြင့်မားသောနိုင်ငံတွင် ပြည်သူများ၏ ပျော်ရွှင်၍တည်ငြိမ်သောဘဝတွေ ဖန်တီးပေးနိုင်မည်။ အနာဂတ်အတွက် အာမခံချက်ပေး နိုင်မည်။ ဝင်ငွေမြင့်မားပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ပို၍များပြားသည်။ တန်းတူညီမျှ အခွင့်အရေးပေးသည့် တရားမျှတမှု ပိုမိုဖြစ်ထွန်းစေပြီး ဆင်းရဲချမ်းသာနှင့် လူတန်းစားခြားနားမှုကို ဖယ်ရှားနိုင်မှု အားကောင်းစေသည်။ ထို့ပြင် ဘဝရည်မှန်းချက်များနှင့် စိတ်ကူးပုံဖော်လိုမှုများအတွက် အထောက်အပံ့ဖြစ်စေသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့်လည်း အရေးကြီးသောပညာရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုကို လျင်လျင် မြန်မြန်လုပ်ဆောင်ရန် လိုအပ်သည်။ စမ်းသပ်ခံကာလများဖြင့် လုံးချာလိုက်နေမှုမျိုး မဖြစ်စေရန်လည်း သတိပြုသင့်သည်။

မည်သို့ပင်ဆိုစေ၊ ထိုသို့လုပ်ဆောင်ရာတွင်လည်း ရေတိုရေရှည်စီမံကိန်းများဖြင့် မှန်ကန်သင့်တော်သော မူဝါဒများ ချမှတ်နိုင်ရန် အရေးကြီးမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းရေးသားအပ်ပါသည်။

(ေမ ၂၃ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent