ဂျီ ၇ နိုင်ငံများ၏ ထုတ်ပြန်ကြေညာချက်ကို ကန့်ကွက်ရန် တရုတ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်အား တရုတ်ဆင့်ခေါ်

ဂျီ ၇ နိုင်ငံများ၏ ထုတ်ပြန်ကြေညာချက်ကို ကန့်ကွက်ရန် တရုတ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်အား တရုတ်ဆင့်ခေါ်
မေ ၂၁ ရက်က ဂျပန်နိုင်ငံအနောက်ပိုင်း ဟီရိုရှီးမားမြို့တွင် ကျင်းပခဲ့သည့် ဂျီ ၇ ထိပ်သီးအစည်းအဝေး၌ ဂျီ ၇ နိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် ယူကရိန်းတို့ တွေ့ဆုံဆွေးနွေးမှုမြင်ကွင်းကို တွေ့ရစဉ် (Photo: AFP)
မေ ၂၁ ရက်က ဂျပန်နိုင်ငံအနောက်ပိုင်း ဟီရိုရှီးမားမြို့တွင် ကျင်းပခဲ့သည့် ဂျီ ၇ ထိပ်သီးအစည်းအဝေး၌ ဂျီ ၇ နိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် ယူကရိန်းတို့ တွေ့ဆုံဆွေးနွေးမှုမြင်ကွင်းကို တွေ့ရစဉ် (Photo: AFP)
Published 22 May 2023
Ref: AFP

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ကျင်းပခဲ့သည့် စက်မှုထိပ်သီးခုနစ်နိုင်ငံ (ဂျီ ၇) ထိပ်သီး အစည်းအဝေးတွင် တရုတ်နှင့်ဆက်စပ်နေသည့် ကိစ္စရပ်များကို အလွန်အမင်း ရည်ညွှန်းဆွေးနွေးခဲ့ခြင်းအား ကန့်ကွက်ရန် တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဆွန်ဝေတုံက တရုတ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကို ဆင့်ခေါ်ခဲ့သည်။

ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့တွင် ပြုလုပ်ခဲ့သည့် ချမ်းသာကြွယ်ဝသော ကမ္ဘာ့ဦးဆောင် ဒီမိုကရေစီနိုင်ငံများ၏ အစည်းအဝေးတွင် အဆိုပါနိုင်ငံများ၏ ခေါင်းဆောင်များက အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင် လယ်တို့တွင် တင်းမာမှုများ မြင့်တက်နေသည့်အပေါ် လေးလေးနက်နက် စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး တိဘက်နှင့် ရှင်းကျန်းဒေသ အပါအဝင် တရုတ်နိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်၍လည်း စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဂျီ ၇ ထိပ်သီးအစည်းအဝေးတွင် တရုတ်ကို သားပုပ်လေလွင့် စွပ်စွဲပြီး ဝေဖန်ထိုးနှက်သည့် လုပ်ဆောင်ချက်များနှင့် ပူးတွဲကြေညာချက် ထုတ်ပြန်မှုများတွင် ဂျပန်နိုင်ငံလည်းပူး ပေါင်းပါဝင်ခဲ့ကြောင်းနှင့် ယင်းလုပ်ရပ်များသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို စိုးရိမ်ဖွယ် ကြားဝင်စွက်ဖက်မှုဖြစ်ပြီး နိုင်ငံတကာ ဥပဒေ၏ အခြေခံမူဝါဒများနှင့် ဂျပန်နှင့် တရုတ်နိုင်ငံအကြား နိုင်ငံရေးသဘောတူညီချက် လေးရပ်၏ အနှစ်သာရများကို ချိုးဖောက်နေသည်ဟု ဆွန်က ပြောကြားခဲ့သည်။ ၁၉၇၂ ခုနှစ် တရုတ်-ဂျပန် ပူးတွဲကြေညာချက်ကို ၎င်းက ရည်ညွှန်းပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

ဂျပန်၏လုပ်ရပ်များသည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံမှုနှင့် တိုးတက်ဖြစ်ထွန်းမှုဆိုင်ရာ အကျိုးစီးပွားတို့ကို ထိခိုက်စေကြောင်းနှင့် တရုတ်အနေဖြင့် ယင်းတို့အပေါ် ပြင်းပြင်းထန်ထန် မကျေမနပ်ဖြစ်မိပြီး ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ဆွန်က ပြောကြားခဲ့သည်။

ဂျပန်အနေဖြင့် တရုတ်အပေါ် ထင်မြင်ယူဆပုံကို တည့်မတ်မှန်ကန်စွာ ရှုမြင်သင့်ပြီး နှစ်နိုင်ငံအကြား ရရှိထားသော နိုင်ငံရေးဆိုင်ရာ သဘောတူညီချက် လေးရပ်၏ မူဝါဒများကို စောင့်ထိန်းကာ အပြုသဘောဖြင့် နှစ်နိုင်ငံဆက်ဆံရေး တည်တည်ငြိမ်ငြိမ်ဖြင့် တိုးတက်မှုရှိစေရန် အမှန်တကယ် ဖော်ဆောင်သွားရ မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ် ဟိဒဲယို တရုမိကမူ ဂျီ ၇ အနေဖြင့် ယခင်ကဲ့သို့ပင် မိမိတို့၏ ဘုံစိုးရိမ်မှုများကို ရည်ညွှန်းပြောဆိုသည်မှာ လုပ်ရိုးလုပ်စဉ်ပင်ဖြစ်သည်ဟု ပြန်လည်ချေပခဲ့ပြီး တရုတ်အနေဖြင့် ၎င်းတို့၏ အပြုအမူများကို မပြောင်းလဲသရွေ့ နောင်တွင်လည်း ထိုကဲ့သို့ ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်ဟု သိရသည်။

တရုတ်အနေဖြင့် ထိုကိစ္စရပ်များကို ရည်ညွှန်းပြောဆိုခြင်းမပြုရန် တောင်းဆိုမည်ဆိုလျှင် ထိုကိစ္စရပ်များကို ဖြေရှင်းရန် အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်များကို အရင်ဆုံးလုပ်ဆောင်သင့်ကြောင်းလည်း တရုမိက ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီနိုင်ငံများကို ကြားဝင်နှောင့်ယှက်နေသည်ဟူသော ကိစ္စရပ်များအပါအဝင် တရုတ်ကိုရည်ညွှန်း၍ ထုတ်ပြန်ခဲ့သည့် ဂျီ ၇ ၏ ကြေညာချက်ကို တရုတ်က ပြင်းပြင်း ထန်ထန် ကန့်ကွက်ခဲ့သည်။        

         

 

Most Read

Most Recent