ဒေါ်လာအလွန်ကမ္ဘာကြီး ဖြစ်လာတော့မည်လော

ဒေါ်လာအလွန်ကမ္ဘာကြီး ဖြစ်လာတော့မည်လော
Photo - seeking alpha
Photo - seeking alpha
Published 21 May 2023
စောနိုင် (အသုံးချဘောဂဗေဒ)

(၁) ပြီးခဲ့သော လအနည်းငယ်က ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအစီအစဉ်များပြိုလဲမှုနှင့် အမေရိကန်ဒေါ်လာ ငွေကြေး ရပ်တည်မှုကို ယိမ်းယိုင်ချည့်နဲ့စေမည့် အရေးပါသောဖြစ်ရပ်များ ဆက်တိုက်ဖြစ်ခဲ့သည်။

သတိထားမိသည့် အခြေအနေတစ်ခုမှာ ဆော်ဒီအာရေဗျ ဘဏ္ဍာရေးဝန်ကြီး၏ အမေရိကန်ဒေါ်လာနှင့်ပတ်သက်သည့် အသံဖြစ်သည်။ ၎င်းက ရေနံရောင်းချမှုတွင် အမေရိကန်ဒေါ်လာ မဟုတ်ဘဲ အခြားငွေကြေးများ အသုံးပြုပါကလည်း ပြဿနာမရှိ၊ ကန့်ကွက်စရာမရှိဟု ဆိုလိုက်ခြင်းဖြစ်၏။ ရေနံကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာနေရာတွင် အခြားငွေကြေးတစ်မျိုး အစားထိုးပေးချေပါကလည်း အလုပ်ဖြစ်သည်ဟူ၍ အဓိပ္ပာယ်ရသည်။ ထိုစကားသံသည် အမေရိကန်နိုင်ငံအတွက်စိုးရိမ်စရာ၊ အမေရိကန် ဒေါ်လာငွေကြေးအတွက် စိန်ခေါ်သံဖြစ်သည်။

လွန်ခဲ့သည့်လက ဆော်ရီအာရေဗျနိုင်ငံ မြို့တော်ရီယက်ဒ်၌ ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် (Mohammed bin Salman)   ဧည့်ခံကျင်းပခဲ့သည့် တရုတ်နှင့် အာရပ်နိုင်ငံများ ထိပ်သီးအစည်းအဝေးတွင် တရုတ်နိုင်ငံသမ္မတက ၎င်းတို့နှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကုန်သွယ်မှုတွင်  တရုတ်ယွမ်ငွေကို အသုံးပြုရန် ပင်လယ်ကွေ့နိုင်ငံများကို တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုမှုနောက်တွင် ဆော်ဒီအာရေဗျ ဘဏ္ဍာရေးဝန်ကြီးထံက ယခုကဲ့သို့ လေသံထွက်ပေါ်လာခြင်းဖြစ်သည်။ မကြာသေးမီက ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗိုစ့် (Davos) တွင် နှစ်စဉ်ကျင်းပတွေ့ဆုံနေကျ ကမ္ဘာ့စီးပွားရေးဖိုရမ်၌လည်း ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးက ဆော်ဒီအာရေဗျနိုင်ငံသည် ၎င်း၏ရေနံကို တရုတ်နိုင်ငံသို့ရောင်းချရာတွင် ယွမ်ငွေကိုအသုံးပြုရန် အသင့်ရှိကြောင်း ထပ်လောင်းပြောကြားခဲ့ပြန်သည်။

(၂) ကမ္ဘာ့အကြီးဆုံး ရေနံစိမ်းတင်ပို့သည့်နိုင်ငံ ဆော်ဒီအာရေဗျ၏ဆုံးဖြတ်ချက်သည် အရှေ့အလယ်ပိုင်းရှိ အမေရိကန်၏ မဟာဗျူဟာကို ပြောင်းလဲသွားနိုင်သည်။ ဆော်ဒီအာရေဗျနိုင်ငံသည် ရေနံထုတ်ကုန်တင်ပို့မှုတွင် ဒုတိယအကြီးဆုံးဖြစ်သည့် ရုရှားနိုင်ငံနှင့် လိုက်လျောညီထွေစွာ အလုပ်လုပ်တော့မည့်သဘော။ 

ရေနံကုန်သွယ်မှု၌ အမေရိကန်ဒေါ်လာတစ်မျိုးတည်းဖြင့်သာ အသုံးပြုနေမည်မဟုတ်တော့ဟူ၍။

တစ်ချိန်က အမေရိကန်သည် ဆော်ဒီအာရေဗျနိုင်ငံမှ ရေနံစိမ်းတင်သွင်းမှု အများဆုံးနိုင်ငံဖြစ်ခဲ့၏။ ယနေ့အချိန်တွင် ထိုအခြေအနေမျိုး မဟုတ်တော့။

အမေရိကန်နိုင်ငံနေရာတွင် တရုတ်နိုင်ငံက ထိုနေရာတွင် အစားထိုး ဝင်ရောက်ခဲ့ပြီဖြစ်သည်။ လက်ရှိအခြေအနေတွင် တရုတ်နိုင်ငံသည် ဆော်ဒီအာရေဗျနိုင်ငံမှ ရေနံစိမ်းနှင့် ရေနံဓာတုပစ္စည်းများကို အများဆုံးတင်သွင်းရုံသာမက ပင်လယ်ကွေ့နိုင်ငံအားလုံး၏ ရေနံနှင့် ထုတ်ကုန်များကို အများဆုံး ဝယ်ယူသည့်နိုင်ငံလည်းဖြစ်သည်။ ထို့ကြောင့် အနာဂတ်တစ်ချိန်တွင် ဆော်ဒီအာရေဗျနှင့် တရုတ်နှစ်နိုင်ငံကြား ကုန်သွယ်မှုပြုလုပ်ရာတွင် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားအတွက် သင့်လျော်သော ငွေကြေးတစ်မျိုးဖြင့်သာ ရောင်းဝယ်သည့်အခြေအနေ ဖြစ်လာနိုင်စရာရှိသည်။ ရေနံနှင့်ဆက်စပ်နေသော တရုတ်ယွမ်ငွေကြေး (Petroyuan) သတင်းများသည် ဒေါ်လာငွေကြေး၏ မိခင်နိုင်ငံ အမေရိကန်နှင့် ဒေါ်လာငွေ အခြေပြု လုပ်ကိုင်နေကြသော နိုင်ငံများအတွက် သတင်းကောင်းမဟုတ်ပေ။ 

(၃) ရုရှားနိုင်ငံသည် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်း၏ရေနံနှင့် သဘာဝဓာတ်ငွေ့ကုန်သွယ်မှုကို လွန်ခဲ့သည့်နှစ်ကတည်းက ရူဘယ်လ် (Ruble) ငွေကြေး စတင်အသုံးပြုရေး အားထုတ်ခဲ့သည်။  ရုရှားနိုင်ငံပိုင်ကုမ္ပဏီ ဂက်ဇ်ပရွန် (Gazprom) နှင့် တရုတ်နိုင်ငံ ၏ အမျိုးသား ရေနံကော်ပိုရေးရှင်း (National Petroleum Corporation of China) တို့၏ သဘောတူညီချက်တွင် ရုရှားနိုင်ငံကတရုတ် နိုင်ငံသို့ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရောင်းချရာတွင် တရုတ်ငွေယွမ်နှင့် ရုရှားငွေရူဘယ်တို့ကို အသုံးပြုမည်ဟု ဆုံးဖြတ်ထားကြောင်း သိရသည်။ ထို့ပြင် ရုရှားနိုင်ငံသည်ဘရာဇီး၊ အိန္ဒိယနှင့် တောင်အာဖရိကကဲ့သို့ ဘရစ် (BRICS) အုပ်စုနိုင်ငံများ နှင့်လည်း ဘုံငွေကြေးတစ်ရပ်ထူထောင်လျက် ကုန်သွယ်မှုပြုလုပ်နိုင်ရေး ဆွဲဆောင်မှုများပြုလုပ်နေသည်။ ထို့ပြင် ရှန်ဟိုင်းစာချုပ် (Shanghai Treaty) အဖွဲ့ဝင်နိုင်ငံများကြား၌ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် ဘုံငွေ ကြေးတစ်ရပ် ဖန်တီးနိုင်ရေး ဆွေးနွေးမှုများလည်း ရှိနေသည်ဟုသိရ၏။

(၄) တောင်အမေရိကကမ္ဘာတွင်လည်း ဒေါ်လာကို စိတ်ကုန်နေသည့် အခြေအနေများ တွေ့ရသည်။ အာဂျင်တီးနားနှင့် ဘရာဇီးတို့သည် တောင်အမေရိက၏ စီးပွားရေးအကြီးဆုံးနှစ်နိုင်ငံဖြစ်သည်။ ၎င်းတို့နှစ်နိုင်ငံကလည်း နှစ်နိုင်ငံငွေ ကြေးပေါင်းစည်မှုအစီအစဉ်ကို ပူးတွဲ ထုတ်ပြန်ခဲ့ပြန်သည်။ ထိုအစီအစဉ်သည် နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများကိုဖယ်ရှားရန်၊ ပို့ကုန်နှင့် သွင်းကုန်များ အဆင်ပြေချောမွေ့စေရန်နှင့် ငွေကြေးတန်ဖိုးအတက်အကျ ပြဿနာကို ဖြေရှင်းရန် ရည်ရွယ် သည်ဟုဆိုသည်။ ထိုအစီအစဉ် အောင်မြင်ခဲ့ပါက နိုင်ငံတကာကုန်သွယ်မှု၌ အဓိကကြားခံငွေကြေးအဖြစ် အသုံးပြုနေသည့် ဒေါ်လာငွေကြေး ပြတ်လပ်မှုကြောင့် ဖြစ်ပေါ်လာတတ်သော ပြင်ပဘေးအန္တရာယ်များ၊ ကုန်ကျစရိတ်များကို လျှော့ချနိုင်မည်ဟု ယုံကြည်လျက်ရှိသည်။ 

ဘုံငွေကြေးစနစ်တစ်ရပ်ဖန်တီးခြင်းနှင့်အတူ  နှစ်နိုင်ငံအကြားရှိ ပို့ကုန်နှင့် သွင်းကုန်များ ကုန်သွယ်မှု လုပ်ငန်းစဉ်ကို ချောမွေ့လာနိုင်သည်။ အထူးသဖြင့် နိုင်ငံခြားအရန်ငွေကြေး ဒေါ်လာပြတ်လပ်မှုကို ကာလရှည်ကြာခံစားခဲ့ရသည့် အာဂျင်တီးနားအတွက် များစွာသက်သာရာရစေမည်။ ထိုနိုင်ငံနှစ်ခု၏ စီးပွားရေးနယ်ပယ်သည် ဥရောပသမဂ္ဂပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ငွေကြေးအစုအဖွဲ့ဖြစ်လာပေလိမ့်မည်။

အာဂျင်တီးနားနိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့သည် အဆိုပါအကြံအစည်ကို ယခုအချိန်မှစ၍ ထည့်သွင်းစဉ်းစားခြင်းမဟုတ်ပေ။ နိုင်ငံရေး တည်ငြိမ်မှုနှင့် မက်ခရိုစီးပွားရေး ပြဿနာအဟန့်အတားများကြောင့်သာ အကောင်အထည်ဖော်မှုကို ရုပ်လုံးမဖော်နိုင်ခြင်းဖြစ်သည်။ ယခုအခါ အဆိုပါနှစ်နိုင်ငံရှိ အစိုးရများသည် ဒေါ်လာစနစ်မှဖယ်ခွာ၍ ငွေကြေးအသစ်ဖန်တီးရန် ဆန္ဒပိုမိုရှိလာနေကြပြီဖြစ်သည်။ ၎င်းတို့၏ ယခင်ကရရှိခဲ့သော အခက်အခဲများ ကိုကြည့်၍ ခက်ခဲမှန်း သိကြသော်လည်း အခြားတောင်အမေရိကနိုင်ငံများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့လျှင် အချိန်ကာလတစ်ခုအရောက်၌ မျှော်လင့်နိုင်သည်ဟု ယုံကြည်ချက်များရှိနေသည်။   

(၅) ခေါင်းစဉ်စာသားသည် “ဒေါ်လာငွေကြေးအသုံးပြုမှု လျော့နည်းသွားသည့် သို့မဟုတ် ဒေါ်လာအသုံးပြုမှု ဆိတ်သုဉ်းသွားသည့်ကမ္ဘာကြီး၏ အခြေအနေဖြစ်လာမည်လား အဓိပ္ပာယ်မျိုးဖြင့် မေးခွန်းထုတ်ထား ခြင်းဖြစ်သည်။ လျှပ်တစ်ပြက် လေ့လာကြည့်စဉ်မှာပင် ကမ္ဘာနိုင်ငံအချို့၏ ဒေါ်လာငွေကြေးအသုံးပြုမှုမှ ဖယ်ခွာရန် အားထုတ်သည့် အခြေအနေများကို ထင်ထင်ရှားရှား မြင်တွေ့လာရသည်။ ဒေါ်လာငွေကြေး ကျဆုံးသွားနိုင်သည့်လမ်းကြောင်းများ၊ ကမ္ဘာ့နိုင်ငံများ၏ စီး ပွားရေးအစီအစဉ်အပြောင်းအလဲ ဖြစ်နိုင်ခြေများကို တစ်စွန်းတစ်စ မြင်နေရသည်။

လက်တွေ့ကမ္ဘာ၌ အမေရိကန် ဒေါ်လာငွေကြေး အခြေအနေမည်သို့ရှိနေသနည်း။ ကမ္ဘာကြီးသည် အခြားသောငွေကြေးများဖြင့် အလုပ်ဖြစ်တော့မည်လော။ “ဒေါ်လာအလွန် ကမ္ဘာကြီး ဖြစ်လာနိုင်ခြေ ရှိ၊ မရှိ” ကို  အခြားသော ရှုထောင့်များမှ လေ့လာမှုများလည်း ရှိနေကြသည်။ ထို့ကြောင့် အမေရိကန်ဒေါ်လာ အနာဂတ်နှင့်ပတ်သက်သည့် မေးခွန်းများကို လွယ်လွယ်ကူကူ တုံ့ပြန်ဖြေဆိုနိုင်ရန်မှာ ချက်ချင်းလက်ငင်း မဖြစ်နိုင်သေးပေ။         

Most Read

Most Recent