နိုင်ငံရေးသမား (Politican) နှင့် တိုင်းပြုပြည်ပြုပုဂ္ဂိုလ် (Statesman)

နိုင်ငံရေးသမား (Politican) နှင့် တိုင်းပြုပြည်ပြုပုဂ္ဂိုလ် (Statesman)
Published 21 May 2023
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

နိုင်ငံရေးသမား (Politican) တစ်ဦးနှင့် တိုင်းပြုပြည်ပြုပုဂ္ဂိုလ် (Statesman) တစ်ဦးတို့၏ ကွာခြားချက်မှာ နိုင်ငံရေးသမားတစ်ဦးသည် နောင်လာမည့် ရွေးကောက်ပွဲအကြောင်းကို တွေးမည်ဖြစ်ပြီး တိုင်းပြုပြည်ပြုပုဂ္ဂိုလ်တစ်ဦးသည် နောင်လာမည့် မျိုးဆက်အကြောင်းကို တွေးမည်ဖြစ်ပါသည်။”

“The difference between a politician and a statesman is that a politician thinks about the next elections, while the statesman thinks about the next generation.” – Winston Churchill. (Internet).

ဤတွင် မေးခွန်းများမှာ နိုင်ငံရေးသမားတိုင်းသည် တိုင်းပြုပြည်ပြုပုဂ္ဂိုလ် ဖြစ်နိုင်ပါသလား။ သို့မဟုတ် နိုင်ငံရေးသမားတစ်ဦး ဖြစ်ပြီးမှသာလျှင် တိုင်းပြုပြည်ပြုပုဂ္ဂိုလ် တစ်ဦးအဖြစ်သို့ ရောက်ရှိနိုင်ပါသလား။ သို့မဟုတ် နိုင်ငံရေးသမားတစ်ဦးမဖြစ်ဘဲ တိုင်းပြုပြည်ပြုပုဂ္ဂိုလ် တစ်ဦးအဖြစ်သို့ ရောက်ရှိနိုင်ပါသလား။

တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်တစ်ဦးဖြစ်ရေးအတွက် နိုင်ငံတော်၏ အချုပ်အခြာအာဏာ လက်ဝယ်ရရှိသူဖြစ်ရန် လိုအပ်ပါသလား စသည်ဖြင့် မေးခွန်းပေါင်း မြောက်မြားစွာကို ဖြစ်ထွန်းပေါ်ပေါက်လာစေပါသည်။ ထို့ကြောင့် တိုင်းပြုပြည်ပြုပုဂ္ဂိုလ်၏ အဓိပ္ပာယ်နှင့် သဘောတရားများကို လေ့လာဆန်းစစ်ရန် လိုအပ်လာပါသည်။ သို့သော်လည်း နိုင်ငံရေးသမား (Politican) နှင့် ပတ်သက်သည့် အကြောင်းအရာများကိုမူ ယခုဆောင်းပါးတွင် အသေးစိတ် တင်ပြခြင်း မပြုတော့ပါ။

ယခုဆောင်းပါးအဆင့်နှင့် မေးခွန်းအားလုံး၏အဖြေကို ပြီးပြည့်စုံသည်အထိ ဖြေကြားရန်မှာ မဖြစ်နိုင်ပါ။ သို့သော်လည်း ကမ္ဘာပေါ်ရှိ တိုင်းပြည် နိုင်ငံများတွင် ဖြစ်ထွန်းပေါ်ပေါက်စေခဲ့သည့် အခြေအနေများနှင့် နိုင်ငံရေးသမားကြီးများ၊ တိုင်းပြုပြည်ပြုပုဂ္ဂိုလ်ကြီးများအဖြစ် ရေးသားတင်ပြကြသည့် စာအုပ်၊ စာစောင်များတွင် တွေ့ရှိရသည့် အကြောင်းအရာများကို အခြေခံကာ အထက်ဖော်ပြပါမေးခွန်းများနှင့် တိုက်ဆိုင်စစ်ဆေးပြီးလျှင် စာဖတ်သူများကိုယ်တိုင် အဖြေထုတ်ကြည့်ကြပါရန် မေတ္တာရပ်ခံတင်ပြအပ်ပါသည်။

ယခုကဲ့သို့သော ဆောင်းပါး အမျိုးအစားသည် ယနေ့အချိန် စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတွင် တည်ရှိဖြစ်ပေါ်စေလျက်ရှိသည့် တိုင်းပြည်ဝန်းကျင်၊ နိုင်ငံရေးဝန်းကျင်၊ နိုင်ငံတော်ဝန်းကျင်အခြေအနေများနှင့် ချိန်ထိုးပြီး ရှင်းလင်း တင်ပြရန်မှာ လွန်စွာအလှမ်းကွာဝေး လျက်ရှိနေပါသည်။ သို့သော်လည်း စာရေးသူအနေဖြင့် နောင်အနာဂတ်တွင် ဖြစ်ထွန်းပေါ်ပေါက်လာစေမည့် စာရေးသူတို့၏ အနာဂတ် တိုင်းပြည်၊ အနာဂတ်နိုင်ငံတော်အတွက် ကြိုတင်မျှော်တွေးကာ တွေးခေါ်စဉ်းစား ရေးသားတင်ပြရန် ကြိုးပမ်းအားထုတ်ခြင်းသာဖြစ်ပါသည်။

ဤတွင် သတိပြုသင့်သည့် အခြေအနေတစ်ရပ်မှာ တိုင်းပြုပြည်ပြုပုဂ္ဂိုလ်ကြီးများ ပေါ်ထွက်လာစေသည့် သဘောသဘာဝသည် တိုင်းပြည်နိုင်ငံတစ်နိုင်ငံအနေနှင့် ကြီးမားပြင်းထန်သည့် အကျဉ်းအကျပ်နှင့် ရင်ဆိုင်နေရသည့်အချိန်များတွင် အဆိုပါအကျဉ်းအကျပ်အတွင်းမှ လွတ်မြောက်နိုင်စေရေးအလို့ငှာ ရုန်းထွက်နိုင်စေရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ရန် လိုအပ်သည့်အချိန်များတွင်သာ ဖြစ်ထွန်းပေါ်ပေါက်လေ့ရှိပါသည်။

ကမ္ဘာပေါ်တွင် စွမ်းစွမ်းတမံ သူမတူအောင် ဆောင်ရွက်နိုင်စွမ်းရှိကြသဖြင့် တိုင်းပြုပြည်ပြုပုဂ္ဂိုလ်ကြီးများအဖြစ် သတ်မှတ်ခြင်းကိုခံရသူ အမြောက်အမြား တည်ရှိကြပါသော်လည်း စာရေးသူအနေဖြင့် လက်လှမ်းမီရရှိနိုင်သည့် စာအုပ်၊ စာစောင်၊ စာပေများထဲမှ ယခု ဆောင်းပါး၏ ရည်ရွယ်ချက်နှင့် ကိုက်ညီမည်ဟု ထင်မြင်ယူဆသည့် တိုင်းပြုပြည်ပြု လူပုဂ္ဂိုလ်ကြီးသုံးဦးကို ဥပမာပေးကာ ရှင်းလင်းတင်ပြပါမည်။ အဆိုပါပုဂ္ဂိုလ်ကြီးများအား ပုံတွင်ဖော်ပြထားပါသည်။

စာရေးသူ ရည်ညွှန်း ဥပမာပေးသည့် လူပုဂ္ဂိုလ်ကြီးသုံးဦးသည် ဒုတိယကမ္ဘာစစ် ဖြစ်ပွားချိန်ကာလအတွင်း ၎င်းတို့၏ တိုင်းပြည်နိုင်ငံနှင့် ပြည်သူပြည်သားများအကျိုးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်ခဲ့ကြသည့် ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြပါသည်။ ပထမ ဖော်ပြထားရှိသည့် တိုင်းပြုပြည်ပြုပုဂ္ဂိုလ်ကြီး၏ အမည်မှာ ချား (လ်) ဒီဂေါဖြစ်ပြီး ပြင်သစ်နိုင်ငံ၏ ဆုံးရှုံးသွားခဲ့သော လွတ်လပ်ရေးကို အချိန်တိုအတွင်း ပြန်လည်ရရှိရန် ကြိုးပမ်းအားထုတ်ခဲ့သူဖြစ်ပါသည်။ ဒုတိယ ဖော်ပြထားရှိသည့် တိုင်းပြုပြည်ပြုပုဂ္ဂိုလ်ကြီး၏အမည်မှာ ဝင်စတန်ချာချီ ဖြစ်ပြီး ဗြိတိသျှ-အင်္ဂလိပ်တို့၏ လွတ်လပ်ရေးကို ဆုံးရှုံးခြင်းမဖြစ် အောင် အစွမ်းကုန် ကာကွယ်ခဲ့သူ ဖြစ်ပါသည်။ တတိယဖော်ပြထားရှိသည့် တိုင်းပြုပြည်ပြုပုဂ္ဂိုလ်ကြီး၏အမည်မှာ မဟတ္တမဂန္ဓီဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးအား အကြမ်းမဖက်သည့် နည်းလမ်းကို အသုံးပြုကာ ရရှိနိုင်စေရန် ကြိုးပမ်းအားထုတ်ခဲ့သူ ဖြစ်ပါသည်။

စာရေးသူ လေ့လာသိရှိသမျှ တင်ပြရပါလျှင် စာအုပ်၊ စာစောင်များတွင် တိုင်းပြုပြည်ပြုပုဂ္ဂိုလ်ကြီးများအဖြစ် ဖော်ပြခြင်းခံရသည့် လူပုဂ္ဂိုလ်ကြီးများမှာ “အာဏာရှင်များ”၊ “စစ်အာဏာရှင်များ”၊ “စစ် ၀ါဒီများ” မဟုတ်ကြပါ။ တိုင်းပြုပြည်ပြုပုဂ္ဂိုလ်ကြီးအဖြစ် ဖော်ပြခြင်းခံရသည့် မဟတ္တမဂန္ဓီသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပတ်သက်သည့် ရာထူး၊ အာဏာကိုပင် လက်ခံရယူခဲ့သူတစ်ဦး မဟုတ်သည်ကို လေ့လာတွေ့ရှိရပါသည်။ ယခုဆောင်းပါးတွင် အထက်ဖော်ပြပါ တိုင်းပြုပြည်ပြုပုဂ္ဂိုလ်ကြီးသုံးဦးနှင့် ပတ်သက်သည့်အကြောင်း အရာများအား ရည်ညွှန်းစာအုပ်၊ စာစောင်များကိုအသုံးပြုပြီး အသေးစိတ် ရှင်းလင်းတင်ပြခြင်း မပြုတော့ပါ။

ယခုဆောင်းပါးကို ရေးသားတင်ပြရသည့်အကြောင်းရင်းမှာ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံအခြေအနေသည် လွတ်လပ်ရေးရရှိပြီးချိန်နောက်ပိုင်းမှ စတင်ကာ ဆိုးရွားကြီးမားပြင်းထန်သည့် အကျဉ်းအကျပ် ဖြစ်ပေါ်နေခြင်းကို ကာလတာရှည် တွေ့ကြုံရင်ဆိုင်ရလျက်ရှိသည့်အပြင် လူတို့၏ အသက်ပေါင်း မြောက်မြားစွာ သေကျေပျက် စီးခဲ့ရပြီးဖြစ်ပါသည်။ ဖော်ပြပါ အခြေအနေဆိုးများမှ လွတ်မြောက်နိုင်စေရန်မှာ သာမန်တိုင်းပြုပြည်ပြုပုဂ္ဂိုလ် (Statesman) အဆင့်နှင့်ပင် စွမ်းဆောင်ပေးနိုင်စေမည့် အခြေအနေမရှိပါ။ ထို့ကြောင့် အရည်အချင်းနှင့် ပြည့်စုံပြီး စွမ်းစွမ်းတမံ ရုန်းကန်ဆောင်ရွက်နိုင်စေမည့် သူမတူအောင် ထူးချွန်သည့် တိုင်းပြုပြည်ပြုပုဂ္ဂိုလ်ကြီး (Great Statesman) များ ပေါ်ထွက်လာစေရန်အလို့ငှာ ပါဝင်ပတ်သက်နေသော သက်ဆိုင်သူ အားလုံးတို့က အလွယ်တကူ သိမြင်နားလည်ပြီးလျှင် ၀ိုင်းဝန်းကြိုးပမ်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်ပါသည်။

ပထမဦးစွာ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ် (Statesman) ၏ အဓိပ္ပာယ်နှင့် သဘောတရားကို ကျယ်ပြန့်စွာ ရှင်းလင်းတင်ပြနိုင်စေရန်အတွက် နိုင်ငံတော် (State) ၏ အဓိပ္ပာယ်ကို ရှင်းလင်းတင်ပြပါမည်။

“State is a set of institutions that, within a limited and static territory have the exclusive of legitimated political power, legitimate use of the force and the exclusive capacity of producing and applying laws upon a determined population which is, at the same time, the depositary of the national sovereignty.” (Reference: 1).

ဖော်ပြထားချက်အရ  “နိုင်ငံတော်ဆိုသည်မှာ ဖွဲ့စည်းတည်ဆောက်ပုံ စနစ်ယန္တရားများ စုစည်းထားရှိသည့် အစုတစ်ခုဖြစ်ပြီးလျှင် အကန့်အသတ်နှင့် မရွှေ့မပြောင်းနိုင်သော ပိုင်နက်နယ်မြေတွင် တရားဝင်တရားနည်းကျသည့် နိုင်ငံရေးပါ၀ါသည် အထူးသီးသန့်တစ်မျိုးတည်းသာတည်ရှိခြင်း၊ တရားဝင် တရားနည်းလမ်းကျသည့် အင်အားကို အသုံးပြုခြင်းနှင့် နေထိုင်လျက်ရှိကြသည့် လူဦးရေအပေါ်တွင် မူတည်ကာ ချမှတ်ပြဋ္ဌာန်းထားရှိသည့် အထူးသီးသန့် တစ်မျိုးတည်းသော စွမ်းရည်ရှိသည့် ဥပဒေများ လွှမ်းမိုးသက် ရောက်စေခြင်းတို့ ပါဝင်ပါသည်။ တစ်ချိန်တည်းမှာပင် နေထိုင်လျက်ရှိကြသည့် လူတို့သည် တိုင်းပြည်၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းစောင့်ရှောက်ခြင်းလည်း ပါဝင်ပါသည်။”

ထူးခြားသည့် အခြေအနေ တစ်ရပ်အဖြစ် ၁၇ ရာစုခန့်က ပြင်သစ်ဘုရင်လူးဝစ်-၁၄ (King Louis XIV of France) ၏ ထင်ပေါ် ကျော်ကြားလှသည့် စကားလုံး စကားရပ်ကလေးကို တင်ပြရပါလျှင် “I am the State”. (Reference: 1). “ကျွန်ုပ်သည် နိုင်ငံတော်ဖြစ်သည်” ဟူ၍ ဖြစ်ပါသည်။ ဖော်ပြပါ အဓိပ္ပာယ်ဖွင့်

ဆိုချက်အရဆိုပါလျှင် - “…the State is the king, due to the fact that power instruments of the State (army, bureaucracy and law system) are at his total and absolute disposition.” (Referen-ce: 1).

 ဖော်ပြထားချက်အရ  “နိုင်ငံတော်သည် ဘုရင်ဖြစ်ပါက နိုင်ငံတော်၏ အင်အားပါ၀ါနှင့်ပတ်သက်သည့် ကိရိယာတန်ဆာပလာများ ဖြစ်ကြသည့် စစ်တပ်၊ ဗျူရိုကရေစီယန္တရားနှင့် ဥပဒေစနစ်တို့သည် ဘုရင်၏ အလုံးစုံနှင့် အကြွင်းမဲ့ အလိုဆန္ဒ စိတ်သဘောအတိုင်းသာ ဖြစ်နေပါမည်။”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင်မူ “နိုင်ငံတော်” ကို အင်္ဂလိပ်စကားလုံး စကားရပ်အရ “Union” ဟု အသုံးပြုထားရှိပြီးလျှင် ပုဒ်မ ၄၇ တွင် ဖော်ပြထားသည်မှာ - “ဤအခန်းပါအခြေခံမူများနှင့် အခန်း(၈)၊ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ အခန်းတွင် ပါရှိသော “နိုင်ငံတော်” ဆိုသည်မှာ ရှေ့နောက် စကားရပ်တို့၏ အဓိပ္ပာယ်ကိုထောက်၍ ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုမှုအခွင့်အာဏာကိုသော်လည်းကောင်း၊ အုပ်ချုပ်မှု အခွင့်အာဏာကိုသော်လည်းကောင်း ကျင့်သုံးသော အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်ကိုဆိုလိုသည်။”

ဒုတိယအနေနှင့် တိုင်းပြုပြည်ပြုပုဂ္ဂိုလ်၏ အရည်အသွေး (Statesmanship) နှင့် ပတ်သက်သည့် ထူးခြားသော သွင်ပြင်လက္ခဏာရပ်များကို (Reference: 1) တွင်ဖော်ပြထား ချက်များအရ ရှင်းလင်းတင်ပြပါမည်။ ပထမလက္ခဏာရပ်များမှာ ပြင်းထန်ကြမ်းတမ်းသော အာဏာကိုအသုံးပြုပြီး စုစည်း စည်းရုံးဆောင်ရွက်သည့် တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်၏ အရည်အသွေး (Concentrated Statesmanship) ဖြစ်ပြီး ဒုတိယလက္ခဏာရပ်များမှာ အာဏာကို ဖြန့်ဝေဆောင်ရွက်သည့် တိုင်းပြုပြည်ပြုပုဂ္ဂိုလ်၏အရည်အသွေး (Disperse Statesmanship) တို့ ဖြစ်ကြပါသည်။

ပထမလက္ခဏာရပ်ဖြစ်သည့် ပြင်းထန်ကြမ်းတမ်းသော အာဏာကို အသုံးပြုပြီး စုစည်း စည်းရုံး ဆောင်ရွက်သည့် တိုင်းပြုပြည်ပြုပုဂ္ဂိုလ်၏ အရည်အသွေး (Concentrated Statesmanship) ၏ ထူးခြားသော သွင်ပြင်လက္ခဏာရပ်များမှာ -

(က) တရားဝင်ဖြစ်ခြင်း၊ တရားနည်း လမ်းကျခြင်းဖြစ်သည့် အခြေအနေသည် ၁၆၄၈ ခုနှစ်မှ ၁၇၈၉ ခုနှစ် အတွင်းသာလျှင် အကျုံးဝင်စေခြင်း ဖြစ်ပါသည်။ (Valid from 1648 to 1789)

(ခ) အလုံးစုံသော အာဏာပါ၀ါတို့ အား ပုဂ္ဂိုလ်တစ်စုံတစ်ဦး၏အောက်တွင်သာ စုစည်းထားရှိခြင်း ဖြစ်ပါသည်။ (All the power is conce-ntrated under a single figure.)

(ဂ) အာဏာပါ၀ါများကို ခွဲဝေထားခြင်း မပြုပါ။ (Division of powers does not exist.)

(ဃ) ရိုးရာအစဉ်အလာအားဖြင့်သာ တရားဝင်ဖြစ်ခြင်း၊ တရားနည်းလမ်းကျခြင်းကို သတ်မှတ်ထားရှိပါသည်။ (Traditionally legitimate.)

(င) နိုင်ငံရေးအရ ပြန်လည် ဆန်းစစ် ဖော်ထုတ်တင်ပြသည့် အခြေအ နေမရှိပါ။ (No political feed-back.)

(စ) လွန်စွာရှင်းလင်းလွယ်ကူပြီး တိကျစွာပိုင်းခြားသတ်မှတ်ထားရှိသည့် ဆွေမျိုးနီးစပ်ရာ ကောင်းစားရေးဝါဒကိုသာ ကျင့်သုံးပါသည်။ (Very clear and demarcated nepotism.)

(ဆ) လက်နက်ကိုင်အဖွဲ့အစည်း စစ်တပ်သည် အာဏာလက်ဝယ်ရယူထားရှိသူ တစ်မျိုးတစ်စားတည်း ကိုသာလျှင် အပြည့်အဝ အထောက်အပံ့ပေးပါသည်။ (Supported nearly exclusively by the army.)

(စျ) အာဏာလက်ဝယ်ရယူထားက သူ၏ကိုယ်ပိုင်အကျိုးစီးပွားအတွက် လိုအင်ဆန္ဒ ပြည့်ဝကျေနပ်စေရန်အတွက် အုပ်ချုပ်ခြင်းများသာဖြစ်ပါသည်။ (Rules to satisfy his own interests.)

ဒုတိယလက္ခဏာရပ်ဖြစ်သည့် အာဏာကို ဖြန့်ဝေဆောင်ရွက်သည့် တိုင်းပြုပြည်ပြုပုဂ္ဂိုလ်၏ အရည်အသွေး (Disperse Statesmanship) ၏ ထူးခြားသော သွင်ပြင်လက္ခဏာ ရပ်များမှာ -

(က) ၁၉၅၉ ခုနှစ်ကတည်းကပင် တရားဝင်ဖြစ်ခြင်း၊ တရားနည်းလမ်းကျခြင်းအဖြစ် တည်ရှိနေပါသည်။ (Valid since 1959.)

(ခ) နိုင်ငံရေးအာဏာသည် အုပ်ချုပ်ရေးအာဏာ ဖွဲ့စည်းထားရှိသည့် ပုံသဏ္ဌာန်အရသာ စုစည်းထားရှိပါသည်။ (Political power is concentrated in the executive figure.)

(ဂ) အာဏာပါ၀ါများကို ခွဲဝေထား ရှိပါသည်။ (Division of powers exists.)

(ဃ) သြဇာတိက္ကမနှင့် ပြည့်စုံမှုကို အခြေခံပြီး တရားဝင်ဖြစ်ခြင်း၊ တရားနည်းလမ်းကျခြင်းကို သတ်မှတ်ထားရှိပါသည်။ (Charismatically legitimate.)

(င) နိုင်ငံရေးအရ ပြန်လည်လေ့လာ ဆန်းစစ်ဖော်ထုတ်ခြင်းကို အမြဲတစေ တင်ပြနေရပါသည်။ (Political feedback is present.)

(စ) လက်နက်ကိုင်စစ်တပ်နှင့် လူမှုအဖွဲ့အစည်း အစိတ်အပိုင်းတစ်ရပ်တို့ နှစ်မျိုးစလုံး တစ်ပြိုင်နက်တည်း ပါဝင်စေခြင်းအားဖြင့် ကျောရိုးသဖွယ် အပြည့်အဝ အထောက်အပံ့ထားရှိပါသည်။ (Backed by both the military and a part of society.)

(ဆ) ဆွေမျိုး နီးစပ်ရာကောင်းစားရေးဝါဒ ဖြစ်ထွန်းပေါ်ပေါက်ခြင်း မဖြစ်ပေါ်စေရန် ကြိုးပမ်းဆောင် ရွက်သည့်အပြင် မပြုလုပ်သင့် ရှောင်ကြဉ်သင့်သည်များကို လုံးဝ ရှောင်ကြဉ်ပြီး လိုအပ်ပါက မိမိကိုယ် ကိုယ် မိမိလည်း ဆွေမျိုးနီးစပ်ရာကောင်းစားရေးဝါဒ မဖြစ်ပေါ်စေရန် အစွမ်းကုန်ထိန်းချုပ်ထားရှိခြင်း ဖြစ်ပါသည်။ (Self-imposed nepotism by necessity, although it is tried to be avoided.)

တတိယအနေနှင့် အထက် တွင် တင်ပြခဲ့သည့် အကြောင်းအရာ များကို အခြေခံကာ ဆောင်းပါး၏ အစတွင် ဖော်ပြထားရှိသည့် မေးခွန်းများ၏ အဖြေများကို စဉ်းစားကြည့်ပါမည်။ မေးခွန်းများမှာ တိုင်းပြည် တည်ဆောက်ခြင်း သဘောတရားများအရ ပေါ်ထွက်လာစေမည့် နိုင်ငံရေးသမားနှင့် နိုင်ငံတော်တည်ဆောက်ခြင်း သဘောတရားများအရ ပေါ်ထွက်လာစေမည့် နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာကို ရယူထားကြသည့် လူပုဂ္ဂိုလ်များအား တိုင်းပြုပြည်ပြုပုဂ္ဂိုလ်နှင့် ဆက်စပ်ထားရှိသည့် မေးခွန်းများ ဖြစ်ကြပါသည်။ “နိုင်ငံရေးသမားတိုင်းသည် တိုင်းပြုပြည်ပြုပုဂ္ဂိုလ် ဖြစ်နိုင်ပါသလား။” စာရေးသူ၏အဖြေမှာ “နိုင်ငံရေးသမားတိုင်းသည် တိုင်းပြုပြည်ပြု ပုဂ္ဂိုလ် မဖြစ်နိုင်ပါ။”

“နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီးမှသာလျှင် တိုင်းပြုပြည်ပြုပုဂ္ဂိုလ် တစ်ဦးအဖြစ်သို့ ရောက်ရှိနိုင်ပါသလား။ သို့မဟုတ် နိုင်ငံရေးသမားတစ်ဦးမဖြစ်ဘဲ တိုင်းပြုပြည်ပြုပုဂ္ဂိုလ်တစ်ဦးအဖြစ်သို့ ရောက်ရှိနိုင်ပါသလား။” စာရေးသူ၏ အဖြေမှာ “သက်ဆိုင်ခြင်းမရှိပါ။ နိုင်ငံရေးသမားတစ်ဦး မဟုတ်သော်လည်း တိုင်းပြုပြည်ပြုပုဂ္ဂိုလ် ဖြစ်နိုင်ပါသည်။”  “တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရေးအတွက် နိုင်ငံတော်၏ အချုပ်အခြာအာဏာ လက်ဝယ်ရရှိသူဖြစ်ရန် လိုအပ်ပါသလား။” စာရေးသူ၏အဖြေမှာ “တိုင်းပြု ပြည်ပြု ပုဂ္ဂိုလ်တစ်ဦးဖြစ်ရေးအတွက် နိုင်ငံတော်၏ အချုပ်အခြာ အာဏာလက်ဝယ်ရရှိသူဖြစ်ရန် မလိုအပ်ပါ။” စာဖတ်သူများကိုယ်တိုင်အဖြေများကို စဉ်းစားတွေး ခေါ်ကြည့်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

နောက်ဆုံးအနေဖြင့် “ယနေ့  စာရေးသူတို့၏ တိုင်းပြည်နိုင်ငံ၏ အခြေအနေဖြင့် တိုင်းပြုပြည်ပြုပုဂ္ဂိုလ် (Statesman) သို့မဟုတ် အရည်အချင်းနှင့် ပြည့်စုံပြီး စွမ်းစွမ်းတမံ ရုန်းကန် ဆောင်ရွက်နိုင်စေမည့် သူမတူအောင် ထူးချွန်သည့် တိုင်းပြုပြည်ပြုပုဂ္ဂိုလ်ကြီး (Grate Statesman) များ ပေါ်ထွက်လာစေရန် အလားအလာရှိပါသလား။” ဆိုသည့် မေးခွန်းကိုမူ စာဖတ်သူများကပင် စဉ်းစားတွေးခေါ်ပြီး အဖြေပေးကြပါရန် တိုက်တွန်းအပ်ပါသည်။

နိဂုံးချုပ်အနေနှင့် တင်ပြလိုသည်မှာ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံ အခြေအနေသည် လွတ်လပ်ရေးရရှိပြီးချိန်နောက်ပိုင်းမှ စတင်ကာ ဆိုးဝါးကြီးမားပြင်းထန်သည့် အကျဉ်းအကျပ် ဖြစ်ပေါ်နေခြင်းကို ကာလတာရှည် တွေ့ကြုံ ရင်ဆိုင်ရလျက်ရှိသည့်အပြင် လူတို့၏ အသက်ပေါင်း မြောက်မြားစွာသေကျေ ပျက်စီးခဲ့ရပြီး ဖြစ်ပါသည်။ ဖော်ပြပါ အခြေအနေဆိုးများမှ လွတ်မြောက်နိုင်စေရန်မှာ သာမန် တိုင်းပြုပြည်ပြုပုဂ္ဂိုလ် (Statesman) အဆင့်နှင့်ပင် စွမ်းဆောင်ပေးနိုင်စေမည့် အခြေအနေမရှိပါ။ ထို့ကြောင့် အရည်အချင်းနှင့် ပြည့်စုံပြီး စွမ်းစွမ်းတမံ ရုန်းကန် ဆောင်ရွက်နိုင်စေမည့် သူမတူအောင်ထူးချွန်သည့် တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်ကြီး (Great Statesman)များ ပေါ်ထွက်လာစေရန်အလို့ငှာ ပါဝင်ပတ်သက်နေသော သက်ဆိုင်သူ အားလုံးတို့က အလွယ်တကူ သိမြင် နားလည်ပြီးလျှင် အစွမ်းကုန် ၀ိုင်းဝန်းကြိုးပမ်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်ကြစေရေးကို ယခုအချိန်မှစတင်ကာ ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

Reference:

1. Fabio Pradera (2017), “Redefining the Concept Statesman”, ResearchGate, March, 2017.

Most Read

Most Recent