အင်တာနက်အသုံးပြုမှု တင်းကျပ်ထားသောကြောင့် ပြည်တွင်းထုတ် ဆော့ဖ်ဝဲများကိုသာ အားထားနေရသည့် အီရန်နိုင်ငံသားများ

အင်တာနက်အသုံးပြုမှု တင်းကျပ်ထားသောကြောင့် ပြည်တွင်းထုတ် ဆော့ဖ်ဝဲများကိုသာ အားထားနေရသည့် အီရန်နိုင်ငံသားများ
Photo - AFP
Photo - AFP
Published 21 May 2023
Ref: AFP

အီရန်နိုင်ငံတွင် လပေါင်းများစွာ ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးအကြောင်းပြချက်များဖြင့်  အာဏာပိုင်များက အင်တာနက် ကန့်သတ်ချက်များကို ပိုမိုတင်းကျပ်လာချိန်တွင်အနောက်နိုင်ငံများမှ ထင်ရှားသော applications များကို အသုံးပြုမှု တားမြစ်ပိတ်ပင်ခံခဲ့ရပြီးနောက် အီရန်နိုင်ငံသားများတွင် ရွေးချယ်စရာအနည်းငယ်သာ ကျန်ရှိပြီး နိုင်ငံတော်က စီစဉ်ပေးထားသော ရွေးချယ်စရာများကိုသာ အသုံးပြုရန်အခြေအနေဖြစ်လာသည်။

အီရန်နိုင်ငံသားများသည်အမေရိကန်ပိုင် Facebook၊ Twitter နှင့် YouTube အပါအဝင်တားမြစ်ထားသော ဝက်ဘ်ဆိုဒ်များသို့မဟုတ် applications များကို အသုံးပြုနိုင်ရန်အတွက် ကန့်သတ်ချက်များကို ရှောင်လွှဲနိုင်ရန် VPNs အသုံးပြုရသည်ကို ကျင့်သားရလာကြသည်။

အစ္စလာမ်နိုင်ငံဖြစ်သည့် အီရန်တွင် အမျိုးသမီးများအတွက်ချမှတ်ထားသော ဝတ်စုံကျင့်ဝတ်စည်းကမ်းကို ချိုးဖောက်သည်ဟု စွပ်စွဲ၍ဖမ်းဆီးခံထားရသောအသက် ၂၂ နှစ်အရွယ်မာဆာအာမီနီသည် စက်တင်ဘာလတွင် သေဆုံးခဲ့ပြီးနောက် ဆန္ဒပြမှုများဖြစ်ပွားချိန်အတွင်း အာဏာပိုင်များက အလုံးစုံအင်တာနက်ပြတ်တောက်မှုများအထိချမှတ်ခဲ့သည်။

ဆက်သွယ်မှုများပြန်လည်ရရှိလာပြီး နည်းပညာကျွမ်းကျင်သူများပင်လျှင် မော်တော်ကားငှားရန်အတွက် လမ်းကြောင်းပြ Neshan နှင့် Snapp ကဲ့သို့သောအာဏာပိုင်များက ခွင့်ပြုထားသည့် applications များကို အသုံးပြုရန် တိုက်တွန်းလာကြသည်။

Bale၊ Ita ၊ Rubika နှင့် Soroush အပါအဝင်အီရန်နိုင်ငံက တီထွင်ထားသော စာပို့ applications များတွင် စာရင်းသွင်းအသုံးပြုသူ ၈၉ သန်းရှိသည်ဟုအစိုးရကပြောကြားခဲ့သော်လည်း လူတိုင်းက အပြောင်းအလဲပြုလုပ်ရန် စိတ်အားထက်သန်နေကြသည်။

“ကျွန်တော်လေ့လာနေတဲ့အကြောင်းအရာတွေနဲ့ ကျွန်တော်နဲ့ဆက်သွယ်နေတဲ့မိတ်ဆွေတွေက အီရန်ပလက်ဖောင်းတွေပေါ်မှာမရှိပါဘူး”ဟု တီဟီရန်မြို့တော်တွင်နေထိုင်သည့် မန်ဆောရိုဟာနီကပြောကြားခဲ့သည်။

“ကျွန်တော် Telegram နဲ့ WhatsApp တွေကို အသုံးပြုပြီး ကျွန်တော့် VPN ကဆက်လက်ခွင့်ပြုရင်တော့ Instagram ကိုပါအသုံးပြုပါတယ်”ဟု ၎င်းကပြောကြားခဲ့ပြီး ယင်း applications များအစား ပြည်တွင်း applications များကို ပြောင်းလဲအသုံးပြုခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

အောက်တိုဘာလက အာမီနီသေဆုံးမှုနှင့်ပတ်သက်၍ ဆန္ဒပြမှုများ အမြင့်ဆုံးအခြေအနေအထိ ရောက်ရှိနေချိန်တွင်အီရန်အစိုးရက လုံခြုံရေးစိုးရိမ်မှုအကြောင်းပြချက်များဖြင့် အင်တာနက်အသုံးပြုမှုများကို ကန့်သတ်ခဲ့ပြီးပိတ်ပင်ထားသော applications များစာရင်း၌ Instagram နှင့် WhatsApp တို့ လည်းပါဝင်ခဲ့သည်။

“ဘယ်သူကမှ အင်တာနက်အသုံးပြုမှုကို မကန့်သတ်ချင်ပါဘူး။ နိုင်ငံခြားကုမ္ပဏီတွေက အီရန်မှာ ရုံးခွဲကိုယ်စားလှယ်တွေ ထားရှိဖို့သဘောတူမယ်ဆိုရင် ကျွန်တော်တို့တွေနိုင်ငံတကာပလက်ဖောင်းတွေ အသုံးပြုနိုင်ပါတယ်”ဟု ဆက်သွယ်ရေးဝန်ကြီး အစ်ဆာဇာရီပူရာက လွန်ခဲ့သည့်လက ပြောကြားခဲ့သည်။

Facebook၊ Instagram နှင့် WhatsApp တို့ကို ပိုင်ဆိုင်သည့် အမေရိကန်နည်းပညာကုမ္ပဏီကြီး Meta က အမေရိကန်က ပိတ်ဆို့မှုချမှတ်ထားသည့် အီရန်တွင် ရုံးဖွင့်ရန် ရည်ရွယ်ထားခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

အီရန်အစိုးရက နိုင်ငံတော်က ထောက်ပံ့ပေးထားသော ပြည်တွင်းထုတ် applications များကို ပြောင်းလဲအသုံးပြုရန် ပြည်သူများကိုတိုက်တွန်းထားသည်။

အီရန်နိုင်ငံကအင်တာနက်အသုံးပြုသူများသည် အတည်ပြုထားသော ပြည်တွင်းထုတ် apps များကို အသုံးပြုသည့်အခါ အွန်လိုင်းဘေးကင်းလုံခြုံမှု စိုးရိမ်ဖွယ်ရှိနေသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

“အီရန်နိုင်ငံသားတစ်ယောက်အနေနဲ့ သူတို့ထုတ်ထားတဲ့ apps တွေက တစ်ခုကို အခြေခံပြီးတက္ကသိုလ်မှာစာရင်းသွင်းရမယ်ဆိုရင် ဘယ်လိုလုပ်မလဲ ဒါမှမဟုတ်အစိုးရဝန်ဆောင်မှုတွေကို အသုံးပြုချင်တယ်ဆိုရင် ဘာလုပ်ကြမလဲ”ဟု နယူးယောက်အခြေစိုက် Miaan Group မှ ဒီဂျစ်တယ်အခွင့်အရေးများနှင့် လုံခြုံရေးညွှန်ကြားရေးမှူးအမီယာရာရှီဒီကဆိုသည်။

“ပြည်တွင်းထုတ် apps တွေက ရှင်းလင်းတဲ့ပုဂ္ဂိုလ်ရေးမူဝါဒတွေ မရှိပါဘူး”ဟု software developer ကိုင်ခိုစ်ရိုးဟေးဒါရီနီဂျက်က ပြောကြားခဲ့သည်။

“ကျွန်တော် တစ်ခြားဖုန်းတစ်လုံးနဲ့ ပြည်တွင်းစာပို့ apps အချို့ကို အသုံးပြုခဲ့ပါတယ်။ အဲဒီဖုန်းကိုတော့ နေ့တိုင်းမသုံးပါဘူး”ဟု အသက်၂၃ နှစ်အရွယ်လူငယ်တစ်ဦးက အွန်လိုင်းအစိုးရဝန်ဆောင်မှုများကို အသုံးပြုကြောင်း ပြောကြားခဲ့သည်။

“တကယ်လို့အစိုးရက အင်တာနက်တွေပိတ်လိုက်ရင် ကျွန်တော်ဒီ apps တွေကို ဆက်ထားထားမှာပါ။ ဒါပေမဲ့ ကျွန်တော့်သူငယ်ချင်းတွေဆီကိုတော့ လူကိုယ်တိုင်သွားရောက်လည်ပတ်မှာပဲ ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။ 

Most Read

Most Recent