ဘာစီလိုနာအသင်းသည် လာမည့် ၂၀၂၃ နွေရာသီအပြောင်းအရွှေ့ ကာလတွင် အသင်း၏ကွင်းလယ်အစုအဖွဲ့အား အပြောင်းအလဲကြီးကြီးမားမားပြုလုပ်ဖွယ်ရှိနေပြီး ဘိုင်ယန်မြူးနစ်အသင်းမှ ထွက်ခွာရန်နီးစပ်နေသည့် ဂျာမန်လက်ရွေးစင်ကွင်းလယ်လူ ကင်မစ်ချ်အားခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
၂၀၂၂-၂၃ ဘောလုံးရာသီလာလီဂါချန်ပီယံဘာစီလိုနာအသင်းသည် လာမည့်နွေရာသီတွင် ၀ါရင့်ကွင်းလယ်လူ ဘူးစကွက်စ်အားဆုံးရှုံးရမည်ဖြစ်သလို၊ အသင်း၏ ဘဏ္ဍာရေးဟန်ချက်နှင့် လစာငွေအားထိန်းညှိနိုင်ရန်အတွက် ဖရန်ကီဒီယွန်း၊ ကက်ဆီးအစရှိသည့် ကွင်းလယ်ကစားသမားများကိုလည်း ရောင်းချသွားဖွယ်ရှိနေကြောင်း သိရသည်။
ထို့ကြောင့် ဘာစီလိုနာနည်းပြ ဇာဗီအနေဖြင့် နွေရာသီတွင် အသင်း၏ကွင်းလယ်အား အကြီးစားပြင်ဆင်အားဖြည့်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ကင်မစ်ချ်အပြင် မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားကိုလည်း ပစ်မှတ်ထားနေကြောင်းသိရသည်။
အသက် (၂၈)နှစ်အရွယ်ရှိ ဂျာမန်လက်ရွေးစင်ကွင်းလယ်လူ ကင်မစ်ချ်သည် ဘိုင်ယန်မြူးနစ်အသင်းအတွက် အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေသူဖြစ်သော်လည်း ယခုနှစ်အတွင်း အသင်းအဝတ်လဲခန်းအတွင်း၌ ဆက်ဆံရေး အဆင်မပြေမှုများ မကြာခဏဖြစ်ပေါ်ခဲ့သလို၊ နည်းပြဟောင်း နာဂယ်စ်မန်းအား ထုတ်ပယ်ခဲ့ခြင်းနှင့် ပတ်သက်၍လည်း အသင်းနှင့် သဘောထားတင်းမာခဲ့သူဖြစ်သည်။
ထို့ပြင် ကင်မစ်ချ်အနေဖြင့် ကစားသမားဘဝတစ်လျှောက်လုံး ဂျာမန်မြေတွင် ဖြတ်သန်းရခြင်းအပေါ် ငြီးငွေ့နေပြီး စိန်ခေါ်မှုအသစ်များရင်ဆိုင်ရန် ဆန္ဒရှိနေကြောင်းသိရသည်။
ကင်မစ်ချ်အား မန်စီးတီးအသင်းကလည်းစိတ်ဝင်စားနေပြီး ကစားသမားကိုယ်တိုင်ကမူ ဇာဗီရှိသည့် ဘာစီလိုနာအသင်းသို့ပြောင်းရွှေ့လိုနေကြောင်း သိရသည်။















