ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များအနေဖြင့် မုန်တိုင်းသတင်းအရ အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ စျေးနှုန်းမြင့်တက်လာစေရေး စျေးကစားခြင်းမပြုရန်၊ အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက ပူးပေါင်းကူညီရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က တိုက်တွန်းထားသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၃ ခုနှစ် မေ ၇ ရက် ညနေအချိန်ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက် စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် ၂၀၂၃ ခုနှစ် မေ ၈ ရက်၌ လေဖိ အားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ကြောင်း၊ အဆိုပါလေဖိအားနည်းရပ်ဝန်း အားကောင်းလာပါက မေ ၁၀ ရက်တွင် ဘင်္ဂ လားပင်လယ်အော်အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတို့တွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့ရောက်ရှိ၍ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးသို့ မေ ၁၃ ရက်မှ ၁၅ ရက်အတွင်း ဝင်ရောက်နိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အတည်ပြုမိန့် သို့မဟုတ် ခွင့်ပြု မိန့်ဖြင့်ဖြစ်စေ၊ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီများ၏ အတည်ပြုမိန့်ဖြင့်ဖြစ်စေ စီးပွားရေးလုပ်ကိုင် ဆောင်ရွက်ကြသော ရင်းနှီးမြှုပ်နှံသူများ၊ ကုမ္ပဏီများအနေဖြင့် သဘာဝဘေး ကြိုတင်ကာကွယ်တားဆီးရေးအစီအမံများ ရေးဆွဲပြင်ဆင်ဆောင်ရွက်ထားကြရန်နှင့် မိမိတို့ လုပ်ငန်းနေရာရှိ ဝန်ထမ်း၊ဝန်ထမ်းမိသားစုများ၊ လုပ်ငန်းသုံးပစ္စည်းများ မိုးဒဏ်၊လေဒဏ်၊ ရေကြီးမှုဒဏ်များမှ ကင်းလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန် အသိပေးကြေညာထားသည်။
ထို့ပြင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များ အနေဖြင့် မုန်တိုင်းသတင်းအရ အခြေခံစား သောက်ကုန်နှင့်ဆေးဝါးများ စျေးနှုန်းမြင့် တက်လာစေရေး စျေးကစားခြင်းမပြုရန်၊ စျေးကွက်အတွင်း ပစ္စည်းပြတ်လပ်ခြင်းမဖြစ်ပေါ်စေရေး ကြိုတင်စီမံဆောင်ရွက်ထားရန်နှင့် အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက ပြည်သူလူထုကယ်ဆယ်ကူညီရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ကြရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က တိုက်တွန်းထားသည်။